ကချင်ပြည်နယ်မနောကွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ချိန် စစ်တပ်ကို အသရေဖျက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ချခံလိုက်ရတဲ့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ဒေါ်နန်ပူ မြစ်ကြီးနား အကျဉ်းထောင်က ဒီကနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းဖို့ ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်လာဖို့ အပြောင်းလဲတွေဖြစ်ပေါ်လာဖို့ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကြဖို့ - လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရဲကြဖို့ လိုတယ်လို့ အမေရိကန်သံရုံးက ချီးမြှင့်တဲ့ အပြောင်းအလဲအတွက် အမျိုးသမီးများဆု (Women of Change Award) ဆုရှင်လည်းဖြစ်တဲ့ ဒေါ်နန်ပူက ပြန်လည်လွတ်မြောက်လာချိန်မှာပဲ အခုလိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒေါ်နန်ပူနဲ့အတူ ထောင်ဒဏ် နဲ့ငွေဒဏ်ချခံလိုက်ရပြီး အခုချိန်အထိ ထောင်ကျခံနေရဆဲ ကချင်ခေါင်းဆောင်နှစ်ဦး အမှု သူတို့မှာ အပြစ်မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ရုံးကနေ သမ္မတအထိ ဆက်အယူခံ ဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။
ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေ လွတ်မြောက်ရေး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကနေ တမြို့လုံး လှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှုရဲ့ ဦးဆောင်ကော်မတီဝင် သုံးဦးဖြစ်တဲ့ ကိုLum Zawng၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ် ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ သူတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့တာကို ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံးကနေ သူတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ် (၆) လနဲ့ ငွေဒဏ် ငါးသိန်းကျပ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီ့အထဲက ကချင်လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်နန်ပူကတော့ ကျမ်းမာရေးအခြေအနေ ဆိုးဝါးတဲ့အတွက် သူ့ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ ခြောက်လအစား ထောင်ဒဏ်လေးလပြည့်တဲ့ ဒီကနေ့ ဧပြီလ (၅)ရက်နေ့မှာ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် လာတာဖြစ်ပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းဖို့ ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်လာဖို့ အပြောင်းလဲတွေဖြစ်ပေါ်လာဖို့ ပြည်သူတွေအနေနဲ့ဝိုင်းဝန်းကြဖို့- လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရဲကြဖို့ လိုတယ်လို့ ပြန်လည်လွတ်မြောက်လာချိန် ဒီကနေ့မှာပဲ ဒေါ်နန်ပူက အခုလို ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“ကျမ သတင်းစကားပါးချင်ကတော့-ကျမတို့ မြန်မာနိုင်ငံအတွက်သော်လည်းကောင်း၊ ကချင်တိုင်းရင်းသူ တိုင်းရင်းသားတွေအတွက် သော်လည်းကောင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် ကျားမ တန်းတူညီမျှမှု ရရှိရေးအတွက် နောက်တခု ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ရန် အတွက်ပဲဖြစ်ဖြစ် ကျမတို့ ပြည်သူတွေအားလုံး တညီတညွတ်တည်း ဝိုင်းဝန်းလုပ်ဆောင်မှ ရမယ်။ တဦးတယောက်နဲ့ တယောက် နှစ်ယောက်နဲ့ အမှန်တရားကို ပြောကြတဲ့အခါမှာ အဲ့ဒီ့တယောက် နှစ်ယောက်ကို ဒဏ်ခတ်မယ် အကျဉ်းချမယ် ဆိုလို့ရှိရင်တော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ပြည်သူတွေ အားလုံးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရဲဖို့ရန်အတွက်လည်း လိုတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဖို့ အမှန်တရားဘက်မှာ ရပ်တည်ကြဖို့ရန်အတွက် လိုအပ်တယ်။ ပြည်သူလူထုကိုတင်မဟုတ်ပဲ အခုလက်ရှိ အာဏာရနေတဲ့ NLD အစိုးရကိုရော တပ်မတော်ကိုရော ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံးကိုရော ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ကြဖို့ လိုအပ်တယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။”
အခုလို သူ့ကို အပြောင်းအလဲအတွက် အမျိုးသမီးများဆုကို အမေရိကန်သံရုံးက ချီးမြင့်တဲ့အတွက် ကျေးဇူးတင်စကားပြောရင်းနဲ့သူမအနေနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ကျားမတန်းတူညီမျှရေးစတဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်သွားမယ်လို့ ဒေါ်နန်ပူက အခုလိုပြောပါတယ်။
“ကျမ ဆုရရှိတဲ့အတွက် ကျမကို ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျမရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဆက်ပြီးတော့မှ ကျားမ တန်းတူညီမျှရေး နောက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းပါဝင်ရေး နောက် ဆုံးဖြတ်ချက် ချတဲ့အခါတွေမှာ အနည်းဆုံး အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းပါဝင်ရေးကိစ္စတွေကို ဆက်လုပ်သွားမယ် တချိန်တည်းမှာပဲ စစ်ပွဲကြောင့် တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး မရရှိလို့ ဒုက္ခဆင်းရဲခံနေရတဲ့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ပေါ် မူတည်ပြီးတော့မှ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက် လိုအပ်တယ်။ ပြည်သူလူထုဘက်ကို ရပ်တည်ပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုတာကို ပြောချင်ပါတယ်။”
ဒီကနေ့ ဒေါ်နန်ပူလွတ်မြောက်လာပေမဲ့ သူမနဲ့အတူ အမှုတွဲတွေအဖြစ်မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်ဆက်လက်ကျခံနေရဆဲ ဦးဇော်ဂျတ်နဲ့ ကို Lum Zawng အတွက် သူတို့ မတရား ပြစ်ဒဏ်ကျမှတ်ခံရကြောင်း အပြစ်မရှိကြောင်း အယူခံတင်နိုင်ဖို့ ပြည်ထောင်စု တရားလွှတ်တော်ရုံးကနေ သမ္မတအထိ တရားဥပဒေလမ်းကြောင်း အတိုင်း အဆင့်ဆင့် ဆက်အယူခံဝင်သွားဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဂျတ်နဲ့ ကို Lum Zawng တို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမုန်စိုင်းထူးက အခုလိုပြောပြပါတယ်။
“သူတို့အတွက် ဒီနေ့ စီရင်ချက်မိတ္တူ ကူးသွားပြီ။ မိတ္တူရတာနဲ့ ကျနေ်ာတို့ နေပြည်တော်ကို တက်ဖို့ စီစဉ်တော့မယ်။ ထပ်တက်မှာပါ ဒီဥပဒေအခွင့်အရေးကို ကျနော်တို့ ယူမယ်။ ယူမယ်ဆိုတာက ရိုးရိုး ခြောက်လပြည့်သွားလို့ လေးလပြည့်သွားလို့ဆိုတာမျိုး ကို ကျနေ်ာတို့က မျှော်လင့်တာမဟုတ်ဘဲ ကျနော့် အမှုသည်တွေက မကျူးလွန်တဲ့ဥစ္စာကို ကျူးလွန်ပါတယ်ဆိုပြီးမှ ထောင်ချခံလိုက်ရတာကို ပြစ်မှုမမြောက်ဘူးဆိုတာကို ရဖို့ ကျနော်တို့ မျှော်လင့်တယ်။ ဒါကို ကြိုးစားကြမှာမို့ ပြည်ထောင်စု တရားလွှတ်တော်ကို ဆက်တက်မယ်။”
ဒီကနေ့ ဒေါ်နန်ပူ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာချိန် ကချင်ဒေသခံတွေ၊ ကချင်လူမှုအဖွဲ့အစည်းတွေနဲ့ ( Kachin Youth Movement ) ကချင်ငြိမ်းချမ်းရေးလှုပ်ရှားတဲ့လူငယ်တွေက အကျဉ်းထောင်ရှေ့မှာ သွားရောက်ကြိုဆိုခဲ့ကြပြီး အခုလို မိမိတို့ဒေသတွင်း စစ်မီးတွေငြိမ်းသတ်ရေး ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို မတရားပုဒ်မတွေနဲ့ တရားစွဲထောင်ချအပြစ်ပေးနေတာကို ရပ်တန့်စေလိုပါတယ်လို့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။
ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးကို ထောင်ဒဏ်ချမှတ်လိုက်ချိန်တုန်းကလည်း အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများနဲ့ EU ဥရောပသမဂ္ဂတို့ကပါ စိုးရိမ်မကင်းဖြစ်မိကြောင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ်ကို များစွာထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို ချက်ခြင်းဆိုသလို သဘောထားကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။