သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးသဘောတူညီချက်မရရင် ကချင်ဒုက္ခသည်တွေပြန်ဖို့ မဖြစ်နိုင်


ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် နှစ်နဲ့ချီ စစ်ရှောင်နေရတဲ့ ပြည်သူတွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်နိုင်ရေးကတော့ ကချင် လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှု ခိုင်မာမှပဲ ပြန်ဖို့ဖြစ်နိုင်မယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ဦးဆောင်ဆောင်ရွက်နေတဲ့ ကော်မတီဥက္ကဋ္ဌကပြောပါတယ်။ ကချင်ပြည်သူတွေ ပြန်ကြမယ့် မူလနေရာတွေမှာ မိုင်းရှင်းလင်းရေး၊ ပုံမှန်နေလူမှုဘဝတွေမှာ ပြန်လည်အခြေချနေထိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်မယ့် အရေးတွေကိုလည်း စနစ်တကျ အချိန်ယူဆောင်ရွက်ဖို့လိုမယ်လို့ ကချင်ဘာသာရေးခေါင်းဆောင်ကဆိုပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ်တွင်း မြန်မာ့အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ကြား ၂၀၁၁-ခုနှစ်ကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးတော့ အခုထိလည်း စစ်ရေးတင်းမာနေဆဲအနေအထားကြောင့် ကချင်ပြည်နယ်တွင်း အစိုးရ ထိန်းချုပ် နယ်မြေ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေ နဲ့ တရုတ်-မြန်မာနယ်စပ်တို့ကြားမှာ ရှိနေတဲ့ စစ်ဘေးစစ်ရှောင်စခန်းတွေနဲ့ ဘေးလွတ် ရာနေရာတွေမှာ တိမ်းရှောင်သူ စစ်ဘေးရှောင်ပြည်သူပေါင်း တသိန်းကျော်ရှိနေဆဲဖြစ်ပါတယ်။ ဒီစစ်ရှောင်တသိန်းကျော် နေရပ်ရင်းပြန်နိုင်ရေး နောက်နေရပ်ပြန်သူတွေ ပြန်လည်အခြေချနေထိုင်ရေးတွေအတွက် ကချင်ပြည်နယ်အစိုးရနဲ့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လည်အခြေနေထိုင်ရေးက ကချင်ဒေသတွင်း အမှန်တကယ်စစ်မီးငြိမ်းနိုင်ဖို့နဲ့ ကချင် လွတ်မြောက်ရေးတပ် KIA နဲ့ အစိုးရတပ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်တွေ လက်မှတ်ရေးထိုးမှပဲ ပြန်ဖို့အရေး ဖြစ်နိုင်မယ်လို့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC ရဲ့ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ ဒေါက်တာခလမ်ဆမ်ဆွမ်။ ။ ကျနော်တို့ NRPC နဲ့ KHCC ဧပြီလ ၂၈ ရက်မှာတွေ့တဲ့ တွေ့ဆုံပွဲရဲ့ နောက်ဆက်တွဲပေါ့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ နေရပ်ပြန်တဲ့အခါမှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ဆွေးနွေးတဲ့ သဘောပဲ ရှိပါတယ်။ ဆုံးဖြတ်ချက်ချတာကတော့ မရှိခဲ့ဘူး။ ဆိုတော့ နေရပ်ပြန်ရေးမှာ အခုအချိန်မှာ ကိုယ့်သဘောဆန္ဒအလောက်ပြန်တဲ့လူတွေလည်းရှိတယ်။ နောက်ပြီးအသင်းတော်ရဲ့ ဦးဆောင်မှုမှာ ပြန်တဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ဒီ NRPC နဲ့ KHCC တို့ ပြည်နယ်အစိုးရတို့ ပေါင်းပြီးမှ စနစ်တကျ ပြန်တာကတော့ မရှိသေးဘူး။ ဆိုတော့ အားလုံးစုပေါင်းပြီး ပြန်မယ့်ကိစ္စကတော့ KIA နဲ့ အစိုးရရဲ့ နှစ်ဦးနှစ်ဖက်သဘောတူရေးထိုးပြီးမှပဲ ကျနော်တို့က တရားဝင်အကောင်အထည်ဖော် ဆောင်နိုင်မှာဖြစ်တယ်။ အခုပြန်တာကတော့ ကျနော်တို့ စိုးရိမ်စရာတွေရှိတာကတော့ မြေမြုပ်မှိုင်းကိစ္စတွေ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနေတဲ့ အင်မတန်မှပဲ နီးကပ်စွာနေတဲ့ ရွာတွေမှာ ပြန်တဲ့အရေးကို ကျနော်တို့က စိတ်ပူ စရာတွေတော့ရှိတယ်။

မဆုမွန်။ ။ ဆရာအဲဒီတော့ အဓိကက သူတို့နေရာကို ပြန်မယ်ဆိုရင် မူရင်းသူတို့နေရပ်ရင်းဆိုပေမယ့် ပြန်ပြီးအခြေချဖို့အတွက် အခက်အခဲတွေဖြစ်နိုင်တာတွေလည်း ရှိတယ်ပေါ့နော် ၊ သူတို့လူမူဘ၀ ထူထောင်တာတွေလည်း ခက်ခဲနိုင်သလို စီးပွားရေးပိုင်းလည်း သူတို့ပြန်ပြီးအခြေချနိုင်ဖို့တွေလည်းရှိနေတော့ အဲဒီအတွက်ကို ဘယ်လိုများစီစဉ်ထားတာရှိပါသလဲရှင့်။

ဒေါက်တာခလမ်ဆမ်ဆွမ်။ ။အဲဒါကြောင့်မို့လို့ ကျနော်တို့က တရားဝင်ပြန်တယ်ဆိုတဲ့ဒီ စကားက အရေးကြီးတယ်။ နိုင်ငံတကာရဲ့စံချိန်စံညွှန်းနဲ့အညီဆိုတဲ့ စကားက သိပ်အရေးကြီးတယ်။ နိုင်ငံတကာရဲ့စံချိန်စံညွှန်းလို့ ပြောတဲ့နေရာမှာ နိုင်ငံတကာရဲ့ကူညီမှုက ဆက်သွားရမယ်။ နိုင်ငံတကာရဲ့ ကူညီမှုက သူတို့ပြန်တဲ့အချိန်မှာ ဆက်လက်ရရှိမှသာလျင် ၁ နှစ် ၂ နှစ်နောက်ပိုင်းမှ သူတို့အဆင်ပြေသွားမယ်။ အခုအချိန်မှာ ပြန်ရုံနဲ့တော့ ဘာမှ အဆင်ပြေမှာ မဟုတ်ဘူး။

မဆုမွန်။ ။ နောက်တခုက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကရော သူတို့က တလျောက်လုံး ဒုက္ခသည်စခန်းတွေမှာပဲ နေခဲ့ရတယ်ပေါ့နော်။ ဒီလိုနေခဲ့ရပြီးမှ တကယ့်လူမှုဘဝတွေကို ပြန်သွားရတဲ့အခါမှာ သူတို့ ကြုံခဲ့ရတဲ့ စိတ်ခံစားမှုတွေ ရှိနိုင်တယ်ပေါ့နော် အဲဒီတော့ ကလေးတွေလည်းရှိမယ်၊ အမျိုးသမီးတွေလည်းရှိမယ်။ သက်ကြီးရွယ်အိုတွေလည်း ရှိမယ် နောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့လူတွေလည်းရှိမယ် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာရော ဆရာတို့ ဘယ်လို ပြန်လည်ကုစားပေးဖို့ အစီအစဉ်တွေရှိပါသလဲ။

ဒေါက်တာခလမ်ဆမ်ဆွမ်။ ။အဲဒါကတော့ ကျနော်တို့အဓိကပေါ့ ဒါကြောင့်မို့လို့ ကျနေ်ာတို့ ကလေးတွေရဲ့ ပညာရေးပေါ့၊ ပညာရေးကတော့ မိဘတွေ စိတ်သက်သာစေမယ့် နည်းတခုဖြစ်တယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ကျနော်တို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားမှာလည်း ပြန်ပြီးတော့မှ အားကိုးဖို့ရှိတယ်။ ပြီးတော့ နိုင်ငံတကာရဲ့ နည်းပညာအရ ကုစားမှုတွေကိုလည်း ကျနော်တို့ ထည့်သွင်းရမှာဖြစ်ပါတယ်။ ဒီအခြေခံမှာ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အခက်အခဲတွေ လိုအပ်မှုတွေကိုတွေ့ရင် NRPC ကို လိုအပ်တာတွေ ပြန်လည်ပြောကြားပြီး တွေ့ဆုံဖို့ ရှိတယ်။ ဒီနေရပ်ပြန်ရေးကိစ္စမှာ KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ IDP ကိစ္စတွေလည်း ပါပါတယ်။ အစိုးရ ဧရိယာမှာရော KIO နေရာမှာရော ရှိနေတဲ့ IDP တွေလုံခြုံစိတ်ချစွာ ပြန်နိုင်ဖို့ကို ကျနော်တို့က ဆက်ပြီးမှ KIO ကိုရော NRPC ကိုရော သက်ဆိုင်ရာ ပြည်နယ်အစိုးရကို ကျနော်တို့ ဆက်လက်ပြီးမှ ဆွေးနွေးတင်ပြသွားဖို့ ရှိပါတယ်။”

ကချင်ပြည်နယ်တွင်း စစ်ရှောင်ပြည်သူတွေ နေရပ်အမြန်ဆုံးပြန်နိုင်ရေး ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အတူ ကချင်ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေး အသင်း KHCC တို့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါကတော့ ဧပြီလ ၂၆ရက်နေ့က တရားဝင်ပထမဆုံးတွေ့ဆုံပြီးနောက် ဒုတိယအကြိမ် မေလ ၂၄ရက်နေ့ကထပ်မံတွေ့ဆုံခဲ့တာ ဖြစ် ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ကချင်စစ်ရှောင်စခန်းတွေအထိ သွားရောက်ပြီး စစ်ဘေးစစ်ရှောင် ဒုက္ခသည်တွေရဲ့ သဘောဆန္ဒတွေကိုလည်း ကွင်းဆင်းလေ့လာစုံစမ်းပြီး စစ်ရှောင်စခန်းတွေ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးစတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ကချင်စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG