သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်များ နိုင်ငံတကာအကူအညီရဖို့ ကုလ ကိုယ်စားလှယ်တိုက်တွန်း


Ms. Christine Schraner Burgener IDP စစ်ရှောင်စခန်း တွေကို သွားရောက် (MOI)
Ms. Christine Schraner Burgener IDP စစ်ရှောင်စခန်း တွေကို သွားရောက် (MOI)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ ဒီကနေ့ နေ့ခင်းပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနား IDP စစ်ရှောင်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေကလည်း သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကို တင်ပြခဲ့ကြပါတယ်။ ကချင် စစ်ရှောင်ဒုက္ခသည်တွေအတွက် နိုင်ငံတကာကပေးမယ့် အကူအညီတွေ တားမြစ်ခံနေရတဲ့ကိစ္စ ပြေလည်အောင် ဆောင်ရွက်ပေးဖို့ Ms. Burgener ကို တိုက်တွန်းကြပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ထားတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့သလို၊ မနေ့တုန်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေ နဲ့ရော အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့နဲ့ပါတွေ့ဆုံခဲ့တာပါ။

Ms. Burgener ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မိုင်းနားစစ်ဘေးရှောင် IDP စခန်းကို သွားရောက်ပါတယ်။ စစ်ရှောင် ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို သူတို့အနေနဲ့ တင်ပြခဲ့တယ်လို့ မိုင်းနား IDP စခန်းတာဝန်ခံ ဦးဇော်လုံးက ပြောပါတယ်။

"ကျနော်တို့ အမြန်နေရပ်ပြန်နိုင်ရေးပေါ့၊ အနာဂတ်ကြယ်ပွင့်တွေ ကလေးတွေအတွက် ပညာရေးမှာ ကူညီပေးဖို့ပေါ့နော် ဆက်ပြီးမှ အစိုးရရော NGO တွေရော UN က ကူညီပေးဖို့ပေါ့နော် ။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ့နော် နောက်ပြီးအရေးကြီးတာက ငြိမ်းချမ်းရေးရဖို့၊ ကိုယ့်ရွာကို ပြန်နေဖို့ ဝိုင်းဝန်းပြီးမှ ကူညီဆောင်ရွက်ပေးဖို့ပေါ့နော်။”

ဒုက္ခသည်စခန်းတွေထဲမှာ အများစုက ကလေးငယ်တွေဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ရကြောင်း Ms. Burgener နဲ့ ဗုဒ္ဓဟူးညနေပိုင်းမှာ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာဆိုင်ရာ အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) ရဲ့အတွင်းရေးမှူး ကိုဂွန်ရှာအောင်က ပြောပါတယ်။

"အဓိက ကျနော်တို့ဘက်က တင်ပြတာလည်း ပဋိပက္ခဖြစ်ပြီး ပုန်းခိုပြီးနေရတာ ၇ နှစ်ကျော်ထဲရောက်လာပြီ ။ စခန်းမှာနေရတဲ့ ဒုက္ခက တော်တော်လေးရောက်နေတယ် အဲဒီမှာ အကူအညီပေးတဲ့ကိစ္စတွေလည်းရောက်လာတဲ့အတွက်ကြောင့် သူတို့အတွက်ခက်ခဲတယ်ဆိုတဲ့ အကြောင်းရယ် နောက်ပြီးကလေးတွေရဲ့ ပညာရေးကလည်း တော်တော်လေး ဆိုးဝါးလာတယ်။ ကျောင်းထွက်ရတဲ့ကလေးတွေလည်း များလာတာပေါ့နော်။ တဖက်မှာလည်း သူတို့ စွန့်ခွာခဲ့ရတဲ့ နေအိမ်မြေယာပိုင်ဆိုင်မှုတွေကလည်း အင်မတန်မှ ရှုပ်ထွေးလာတယ်။ အထူးသဖြင့် ကချင်ပြည်မှာဆိုရင်တော့ ဒီဌက်ပျောခင်းတွေ တိုးပြီးမှ ဖြစ်လာတဲ့ကိစ္စရယ်၊ IDP အတွက်ပိုပြီးမှ ရင်လေးစရာဖြစ်လာတဲ့ ကိစ္စအကြောင်းတွေ ကျနော်တို့ ပြောဖြစ်တယ်။”

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကချင် KIAတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အခုချိန်ထိ စစ်ဘေးရှောင်ပြည်သူ တသိန်းကျော် ရှိနေတာပါ။ အဲဒီ ဒုက္ခသည်တွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့အပါအဝင် အခြားနိုင်ငံတကာ အဖွဲ့တွေက သွားရောက် အကူညီပေးချင်ပေမယ့် အစိုးရစစ်တပ်ရဲ့တားမြစ်မှုကြောင့် ဒုက္ခသည်တွေအတွက် အကူညီတွေ လျော့ကျလာနေတာကိုလည်း ကူညီဖြေရှင်းပေးဖို့ Ms. Burgener ကိုတိုက်တွန်းထားကြောင်း ကိုဂွန်ရှာအောင်က ပြောပါတယ်။

"နိုင်ငံတကာရဲ့ အကူအညီပေးမှုက တဖြေးဖြေးလျော့ကျလာတဲ့အနေအထားမှာ ဖြစ်တော့ KIA ထိန်းချုပ်နေရာမှာဆိုရင် နိုင်ငံတကာရဲ့ အကူအညီပေးတဲ့အဖွဲ့ မရောက်နိုင်တာ တော်တော်ကြာပြီ။ ဒီမြစ်ကြီးနားကနေ တခြားနေရာကိုသွားမယ်ဆိုရင် ခွင့်ပြုချက်တွေယူရတာရှိတယ်။ အရင်တုန်းကဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာအနေနဲ့ နေရာတော်တော်များများမှာ သွားရောက်ပြီးတော့ ရိက္ခာပေးဝေနိုင်တဲ့အနေအထားတွေရှိတယ် အဲဒါက အခု ၂ နှစ်ကျော်အနေအထားရှိနေပြီ။ သူတို့သွားခွင့်မရတာပေါ့နော် လက်ရှိအနေအထားမှာ နေရာတော်တော်များများမှာက ကျနော်တို့ ဒေသခံတွေ ပူးပေါင်းလုပ်ငန်းစဉ်တွေ အဖွဲ့ကပဲ ကူညီပေးနေရတဲ့ အနေအထားဆိုတော့ ကြာလာတဲ့အခါကျတော့ လိုအပ်ချက်တွေကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ဖို့က မလွယ်ဘူး စိန်ခေါ်မှုတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်း ကျနေ်ာတို့ အဲဒါတွေကို ပြောဖြစ်တာဖြစ်ပါတယ်။”

၂၀၁၁ ခုနှစ်မှာ တကြော့ပြန် ဖြစ်လာတဲ့ ကချင်စစ်ပွဲကြောင့် ခုချိန်ထိ စစ်ရှောင်စခန်း (၉)ခုမှာ ဒုက္ခသည်ပေါင်း တသိန်းကျော်ရှိနေတယ်လို့ JST ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံခရီးစဉ် စတင်ခဲ့တဲ့ Ms. Christine Schraner Burgener ဟာ ကချင်ပြည်နယ်ခရီးစဉ်အပြီး ရှမ်းပြည်နယ်ကို သွားရောက်လေ့လာဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG