သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ကိုယ်စားလှယ် ကချင်ပြည်နယ်ရောက်ရှိ


မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်အဖြစ်သွားရောက်ခဲ့ရာမှာ ပြည်နယ်အစိုးရနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို မေးမြန်းပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့တွေ၊ လူမှုအဖွဲ့တွေအပြင် မြောက်ပိုင်းစစ်ဌာနချုပ်က တိုင်းမှုးနဲ့ တွေ့ဆုံဖို့ရှိသလို စစ်ရှောင်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဒီကနေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး ပြည်နယ်အစိုးရဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာတော့ ပထမဆုံးခရီးစဉ်အဖြစ် မိတ်ဆက်တာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမေးမြန်းတာတွေ ရှိခဲ့ကြောင်း ကချင်ပြည်နယ် ဥပဒေချုပ်နဲ့ ပြည်နယ်အစိုးရပြောခွင့်ရသူ ဦးဒီဆိန်ရမ်းက အခုလိုပြောပါတယ်။

“ သူကတော့ ဒါ ပထမအကြိမ် ကချင်ပြည်နယ်ကို ရောက်တယ်ဆိုတော့ မေးရမယ့် မေးခွန်းတွေကတော့ နောက်တခေါက်လာမှပဲ အများကြီးမေးမယ်တဲ့။ ငြိမ်းချမ်းရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ကချင်ပြည်နယ်က ဘာတွေ လုပ်ထားသလဲ ကချင်ပြည်နယ်အစိုးရအဖွဲ့ကလို့ သူက မေးတယ်။ ကချင်ပြည်နယ် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ ဗဟိုက အဖွဲ့ဖွဲ့ထားတာ မရှိတဲ့ အတွက် နောက်တခါ KIA က NCA မှာ လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့တော့ ပြည်နယ်အစိုးရအနေနဲ့ ဘာမှ ပြောပိုင်ခွင့်လည်း မရှိပါဘူးဆိုပြီးတော့ ဝန်ကြီးချုပ်က ပြောလိုက်တယ်။ အဲဒါပါဘဲလေ။”

ဒီနေ့ တွေ့ဆုံပွဲမှာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ခရီးစဉ်မှာ လိုက်ပါလာတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် ပါဝင်ခဲ့သလို ကချင်ပြည်နယ်ဝန်ကြီးချုပ် ၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနဲ့ ဥပဒေချုပ်တို့ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယ ဝန်ကြီး ဦးစိုးအောင်ကတော့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ပြောဆိုတာမရှိဘဲ ကုလသမဂ္ဂဘက်က သတင်းထုတ်ပြန်မယ်လို့ ယူဆကြောင်းသာပြောဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့တော့ ဦးစိုးအောင်က အခုလို ပြောပါတယ်။

“ ဒီအစီအစဉ်ပြီးရင်တော့ သူတို့ အဖွဲ့အစည်းတွေနဲ့ သူတို့ တွေ့မယ်နဲ့ တူပါတယ်။ ဒီမှာရှိနေတဲ့ UN ၊ INGO တွေ၊ CSO တွေ ဒါတွေ တွေ့မယ်နဲ့ တူတယ်။ ပြီးတာနဲ့ ညနေပိုင်းလောက် ဆိုရင်တော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးတို့ ဘာတို့နဲ့တွေဖို့တော့ စီစဉ်ထားတယ်။ camp တွေလည်း သွားစရာရှိမှာပါ။”

ဒီလို တွေ့ဆုံပြီးရင် အထူးအကြံပေးပုဂ္ဂိုလ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ မနက်ဖန်မှာ ပြီးဆုံးဖွယ်ရှိနေပြီး ရှမ်းပြည်နယ်ဘက်ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတော့ အထူးအကြံပေးပုဂ္ဂိုလ်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံကို ဒီလ ၁၀ရက်နေ့က ရောက်ရှိခဲ့ရာမှာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG