သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ကျော်စိုးဦး အမှု တရားရုံးကြားနာ


ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ Reuters သတင်းထောက် ၂ ယောက်ရဲ့ အမှုကို ဆက်လက် စစ်ဆေးကြားနာနေတာမှာ အင်္ဂါနေ့ကတော့ ကိုကျော်စိုးဦးရဲ့ အမှုကိုစစ်ဆေးခဲ့ပါတယ်။ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့စွဲချက်တင်ခံထားပေမဲ့ သူတို့ကို ရခိုင်မြောက်ပိုင်းအခြေအနေ သတင်းရယူမှုတွေကို အဓိကထား မေးမြန်းခဲ့တယ်လို့ ကိုကျော်စိုးဦးက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကို လက်ထိပ်တန်းလန်းနဲ့ ၃ ရက်လောက် အိပ်ချိန်မပေးဘဲ မနားမနေ စစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းခဲ့တယ်လို့လည်းပြောပြခဲ့ပါတယ်။ ဒီအမှုနဲ့ပါတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖက်က အနီးကပ်စောင့်ကြည့်နေတဲ့ အကြောင်း မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

နိုင်ငံတော်လှို့ဝှက်ချက်အက်ဥပဒေ ၃ (၁) (ဂ) နဲ့စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုတွေကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဆက်လက် စစ်ဆေးကြားနာနေတာမှာ ဇူလိုင် ၂၄ ရက် အင်္ဂါနေ့ကတော့ သတင်းထောက် ကိုကျော်စိုးဦးက သူတို့ကို ဖမ်းဆီး စစ်ကြောမေးမြန်းခဲ့ပုံကို တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက စားသောက်ဆိုင်က ထွက်ထွက်ချင်း သူတို့ဖမ်းဆီးခံခဲ့ရပြီး ထောက်ကြန့်ရဲစခန်းကို ခေါ်သွားခဲ့ကြောင်း၊ ရဲစခန်းမှာ သိပ်မကြာလိုက်ဘဲ ခေါင်းစွပ်နဲ့ သူတို့ ၂ ယောက်ကို အောင်သပြေ စစ်ကြောရေးစခန်းကို ခေါ်သွားခဲ့ကြောင်းတွေကို ကိုကျော်စိုးဦးက ထွက်ဆိုပါတယ်။

အောင်သပြေစစ်ကြောရေးစခန်း ရောက်တဲ့အခါမှာတော့ သူတို့ကို လက်ထိပ်တန်းလန်းနဲ့ ၃ ရက်ကြာအောင် အနားမပေးဘဲ ရဲအရာရှိ ၁၀ ယောက်လောက်က စစ်ဆေးမေးမြန်းခဲ့ကြတယ်လို့လည်း ပြောပြပါတယ်။ သတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ရဲ့ လက်ထဲမှာ နိုင်ငံတော်လှို့ဝှက်ချက်ဆိုင်ရာ စာရွက်စာတမ်းတွေ တွေ့ရှိတယ်လို့ဆိုပြီး လှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခဲ့ပေမဲ့ အဲဒီအကြောင်းထက် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပါတ်သက်လို့ သူတို့သတင်းရယူမှုတွေကို အဓိက စစ်ဆေးမေးမြန်းခဲ့တယ်လို့ ကိုကျော်စိုးဦးက တရားရုံးကြားနာမှုအပြီး သတင်းထောက်တွေကို ခုလိုပြောပြပါတယ်။

"အောင်သပြေစစ်ကြောရေးစခန်းမှာတော့ သူတို့က ကျနော်တို့လက်ထဲမှာတွေ့တယ်ဆိုတဲ့ စာရွက်စာတန်းတွေကို စိတ်မဝင်စားပဲနဲ့ ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသတင်းတွေကို ရရှိထားပြီးပြီလဲ အဲဒါတွေကိုပဲ အဓိက ဦးစားပေးပြီးမေးတယ်။ ပြီးတော့ အင်းဒင်ဇတ်လမ်းကို တွေ့ရှိပြီးနောက်ပိုင်းမှာ ဘာကြောင့်မပြောတာလဲ မင်း ငါတို့အထက်လူကြီးတွေကဆူတယ် ပုံစံမျိုးနဲ့ ကျနော်ကို ဒူးထောက်ခိုင်းပြီးတော့ အကြာကြီး ဒူးထောက်ခိုင်းခဲ့ပါတယ်။"

သတင်းထောက်တွေကို ၃ ရက်လုံး အိပ်ခွင့်မပေးဘဲ အထပ်ထပ် မေးခွန်းတွေမေးတာဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းအောင်လုပ်တာဖြစ်ပြီး ခုလို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေဦးသန်းဇော်အောင်ကလည်း ပြောပါတယ်။

တရားရုံးမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းကကြားနာစဉ်ကတော့ သတင်းထောက်တွေကို ပေးမအိပ်ခဲ့တာ၊ ဒူးထောက်ခိုင်းတာမျိုး ရဲအရာရှိတွေကို လုပ်ခွင့်ပေးမထားဘူးလို့ ထောက်ကြန့်ရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်က ထွက်ဆို ငြင်းဆန်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ တရားမဝင် နှိပ်စက်ညှင်းပမ်းတာမျိုးတွေရှိသလားဆိုတာကို အစိုးရက ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာ ရဲတပ်ဖွဲ့က ဘယ်လိုတရားမဝင် နှိပ်စက်မှုမျိုးကိုမှ မပြုလုပ်ခဲ့ဘူးလို့ အာမခံခဲ့တယ်ဆိုတဲ့ မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးရဲ့ အပြောကို Reuters သတင်းထဲမှာ ကိုးကားဖော်ပြထားပါတယ်။

Reuters သတင်းထောက် နောက်တယောက်ဖြစ်တဲ့ ကိုဝလုံးရဲ့ အမှုကိုလည်း တနင်္လာနေ့တုန်း တရားရုံးမှာ ဆက်ပြီး ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့က သူတို့အဖမ်း မခံရခင်လေးမှာ ရဲဒုတပ်ကြပ်နိုင်လင်းက သူတို့လက်ထဲ စာရွက်စာတမ်းတွေပေးပြီး ထောက်ချောက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတာကို ကိုဝလုံးက တရားရုံးမှာ အလေးထားထွက်ဆိုသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာနားမှာ မွတ်ဆလင် ၁၀ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စသတင်းလိုက်နေစဉ်မှာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ သူတို့အမှုနဲ့ပါတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အနီးကပ်လေ့လာစောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် Netherlands နိုင်ငံသံအမတ်ကြီး Ms. Lise Gregoire-van Haaren က တနင်္လာနေ့က မြန်မာ့အရေးဆွေးနွေးပွဲ မတိုင်ခင် သတင်းထောက်တွေကို ခုလိုပြောခဲ့ပါတယ်။

" သူတို့ဖမ်းဆီးခံထားရတဲ့အပေါ် ကျွန်မတို့ သိပ်ကိုစိုးရိမ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံသွားခဲ့စဉ်ကလည်း ဒီကိစ္စနဲ့ပါတ်သက်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့်ရှိရေးကို ကျွန်မတို့ သိပ်ကို အလေးအနက်ထားပါတယ်။ လွတ်လပ်တဲ့နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိလို့ မဖြစ်ပါဘူး။ သတင်းထောက်တွေ လုံခြုံမှုရှိဖို့၊ ပြစ်မှုကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတာ အဆုံးသတ်ဖို့။ လွတ်လပ် ဘက်မလိုက်တဲ့ သတင်းလုပ်ငန်းတွေကို အားပေးဖို့နဲ့ သတင်းတွေကို ရယူနိုင်ခွင့်ရှိဖို့တို့က မရှိမဖြစ်လိုအပ်တယ်လို့ ထင်ပါတယ်။"

တနင်္လာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် တိုင်ပင်ဆွေးနွေးကြစဉ်ကလည်း Reuters သတင်းထောက်တွေ ဖမ်းဆီးခံထားရတဲ့ ကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအခြေအနေအကြောင်း ရှင်းလင်းပြောပြခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener ကလည်း သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေအတွင်း သတင်းလွတ်လပ်ခွင့်ကိစ္စ မြန်မာအစိုးရနဲ့ ဆွေးနွေးတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG