သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦးအမှု တရားရုံးမှာ ဆက်လက်စစ်ဆေး


နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ မနေ့ တုန်းက ရန်ကုန်တရားရုံးမှာ ဒုတိယမြောက်နေ့အဖြစ် ထွက်ဆိုချက်တွေပေးခဲ့ကြပါတယ်။ သူတို့ကိုဖမ်းဆီးခဲ့တုန်းက သူတို့ရဲ့ခေါင်းတွေကို အစွပ်တွေစွပ်ပြီးဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းနဲ့ သုံးရက်ဆက်တိုက်အိပ်ခွင့်မရအောင် စစ်ဆေးတာ ခံခဲ့ရကြောင်း သတင်းထောက်ကိုဝလုံးကပြောပါတယ်။ မနေ့ကရုံးထုတ်ခဲ့တဲ့အခြေအနေတွေကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အင်းဒင်ရွာမှာ မူဆလင်ဆယ်ဦးအသတ်ခံခဲ့ရတဲ့ကိစ္စနဲပတ်သက်ပြီး သတင်းလိုက်နေတုန်း အဖမ်းဆီခံခဲ့ကြရတဲ့ ရိုက်တာ့စ် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ စွဲချက်တင်ခံထား ရတာကြောင့် တကယ်လို့ သူတို့မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူတို့တွေ ထောင်ဒဏ် ၁၄နှစ် အထိကျခံရဖို့ရှိနေပါတယ်။ မနေ့က ဒုတိယမြောက်နေ့အဖြစ် တရားရုံးမှာကြားနာစစ်ဆေးမှုတွေလုပ်ခဲ့တုန်းက တရားရုံး ရဲ့မေးမြန်းချက်တချို့ကို သတင်းထောက် ကိုကျော်စိုးဦးက တရားရုံးကအထွက်မှာရှင်းပြပါတယ်။

"ကျနော်တို့က Reuters မှာ နိုင်ငံခြားသတင်း ထောက်တွေလိုပုံစံမျိုးဆိုတော့ တခြားနိုင်ငံတွေရဲ့အကျိုးစီးပွါးကိုပဲလုပ်သလိုပုံစံမျိုး မေးတာကိုတွေ့ရ ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ သတင်းသမားက သတင်းလုပ်ငန်းတွေပဲလုပ်ခဲ့တယ်ဆိုတာကို ကျနော်တို့အဓိက ထွက်ဆိုခဲ့ပါတယ်။"

သတင်းသမား ကိုဝလုံးကတော့ သူတို့မတရားခံခဲ့ရတာကို တရားရုံးမှာပြောခွင့်ရခဲ့တယ်လို့ဆိုပါတယ်

"ကျနော်တို့မတရား ခံခဲ့ရတာကို ရင်ထဲမှာ၇လ ၈လအထိ မျိုသိပ်ခဲ့ရပါတယ်။ ဒီကိစ္စတွေကို ပြောပြပေမဲ့လို့ ဘယ်သူမှကျနော်တို့ကို အာဏာ ပိုင်အဖွဲ့အစည်းက အရေးယူဆောင်ရွက်တာမျိုး၊ နားထောင်တာမျိုးမလုပ်ခဲ့တဲ့အခါကျတော့ အခုလိုတရားရုံးတော်မှာ ကျ နော်အမှန်အတိုင်းပြောခွင့်ရတာကို ကျနော့်အနေနဲ့အရမ်းကိုကျေနပ်အားရပါတယ်။ ကျနော်တို့မတရားခံခဲ့ရတာတွေကို ကျနော်တို့ ဒီနေ့ပြောခွင့်ရပါတယ်။"

သူတို့ကိုဖမ်းဆီးသွားခဲ့တုန်းက အနက်ရောင်ခေါင်းစွပ်တွေသူတို့ိုကိုစွပ်ပြီး စစ်ကြောရေးစခန်းတခုကိုခေါ်ဆောင်သွားခဲ့ ကြောင်း၊ အဲဒီမှာအချိန်၂ပတ်လောက်ထိမ်းသိမ်းခံခဲ့ရကြောင်း။ သူတို့ကိုဖမ်းဆီးစစ်ဆေးတဲ့ကာလတလျှောက်လုံးမှာ လျှို့ဝှက်စာရွက်စာတမ်းတွေသူတို့နဲ့အတူရှာဖွေတွေ့ရှိတယ်ဆိုတဲ့ကိစ္စကို စစ်ဆေးတဲ့သူတွေက မမေးခဲ့တဲ့အကြောင်း။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မောတောဒေသနဲ့ဆိုင်တဲ့သတင်းလုပ်တာတွေကိုတော့ မေးမြန်းခဲ့ကြောင်း။ ၂နာရီခြားတခါ သူတို့ကို စစ်ဆေးမေးမြန်းနေတာကြောင့် သူတို့တွေ သုံးရက်အိပ်ခွင့်မရခဲ့ဘူးလို့ ကိုဝလုံးကပြောပါတယ်။ အခုဆို သူတို့၂ဦး အဖမ်းဆီးခံထားရတာ ၇လကျော်နေပေမဲ့လည်း မြန်မာနိုင်ငံရဲ့ တရားစီရေးစံနစ်က သူတို့အမှုကို မျှမျှတတနဲ့မှန်မှန်ကန် ကန်ဆုံးဖြတ်ပြီးဆောင်ရွက်ပေးလိမ့်မယ်လို့ ကိုဝလုံးကတော့ မျှော်လင့်နေပါတယ်။

"အခုအခြေအနေအထိအောင် ကျနော် တို့မှာ မျှော်လင့်ချက်တွေ အများကြီးဆက်ပြီးရှိနေပါတယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ ကျနော်တို့နိုင်ငံရဲ့ တရားစီရင်ရေးစံနစ်က အမျှတဆုံးကျနော်တို့အပေါ်မှာ အလုံခြုံဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ အခုချိန်ထိအပြည့် အဝယုံကြည်နေပါတယ်"

မနေ့တုန်းက တရားရုံးမှာ အစိုးရရှေ့နေ ဦးကျော်မင်းအောင်ရဲ့ မေးမြန်းချက်တွေက ကိုဝလုံးတို့သတင်းသမား၂ဦးရဲ့လုပ်ဆောင် ချက်တွေကြောင့် ရိုက်တာ့စ်သတင်းဌာက ဘယ်လိုအကျိုးအမြတ်တွေရခဲ့သလဲ၊ သူတို့တွေ ဘယ်လိုငွေကြေးမျိုးနဲ့လုပ်ခရသလဲ၊ ကိုဝလုံးရေးတဲ့သတင်းဆောင်းပါးတွေကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Reuters သတင်းဌာနချုပ်ကိုပို့ခဲ့သလား စတဲ့မေးခွန်းတွေမေးခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်စာရွက်စာတမ်းတွေသူတို့ နဲ့အတူလက်ဝယ်တွေ့ရှိခဲ့တယ်ဆိုတာကို သိသလားလို့လည်း အစိုရရှေ့နေ ဦးကျော်မင်းအောင်ကမေးပါတယ်။ ကိုဝလုံး ပြန်ဖြေခဲ့တာက သူအဖမ်းမခံရခင်မိနစ်ပိုင်းအတွင်း သူတို့လက်ထဲကိုပေးခဲ့တဲ့စာရွက်စာတမ်းတွေဟာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ဟုတ်မဟုတ် သူမသိဘူးလို့ပြန်ဖြေခဲ့ပါတယ်။

ကိုဝလုံးတို့အမှုစစ်ဆေးတာကို ဇူလိုင်လ၂၂ရက်နေ့အထိ ဆိုင်းငံ့ထားမှာဖြစ်ပြီး ၂၃ရက်နေ့မှာ ကြားနာစစ်ဆေးမှုကို ဆက် ပြီးလုပ်ဆောင်သွားမယ်လို့ တရားသူကြီး ဦးရဲလွင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG