သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်တွေအမှု ဆက်လက်စစ်ဆေး


နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေနဲ့ စွဲချက် တင်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးက ဒီကနေ့ အင်္ဂါနေ့ ဒုတိယမြောက်နေ့ အဖြစ် တရားရုံးမှာ ထွက်ဆိုခဲ့တာမှာတော့ သူတို့ကို ဖမ်းဆီးစဉ်မှာ ခေါင်းစွပ်စွပ်ခဲ့ကြောင်းနဲ့ အိပ်မရအောင်လည်း လုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာ မူဆလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားနေကြချိန်မှာ ရိုက်တာ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဒီလ ၉ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ် အထိ ပြစ်ဒဏ်ကျနိုင်တဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ စွဲချက်တင်ခဲ့တာပါ။

သူတို့ကို ဖမ်းဆီးစဉ်မှာ ရဲတွေက ခေါင်းစွပ်စွပ်ပြီး တနေရာကို ခေါ်သွားခဲ့ကြောင်း၊ နောက်ပိုင်းမှာမှ သံသယ ရှိသူတွေကို ညှဉ်းပန်း စစ်ဆေးတဲ့ နေရာဆိုတာကို သဘောပေါက်ခဲ့ကြောင်းလည်း ကိုဝလုံးက ထပ်လောင်း ပြောပါတယ်။ ၂ နာရီ တခါ စစ်မေးခဲ့ကြပြီး ၃ ရက်ဆက်တိုက် အိပ်ခွင့် မရခဲ့ဘူးလို့လည်း ပြောပါတယ်။

အစုလိုက် သတ်ဖြတ်မှု အကြောင်း သတင်းမရေးဖို့ ရဲတွေက သူတို့ကို စည်းရုံးခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ သူတို့ အနေနဲ့ မူဆလင်တွေ သေတဲ့ သတင်းကို ဘာကြောင့် ရေးရသလဲဆိုတာကိုလည်း စစ်ဆေးသူတွေက မေးမြန်းခဲ့တယ်လို့လည်း ကိုဝလုံးက ပြောဆိုခဲ့ပါတယ်။ ရိုက်တာ သတင်းထောက် နှစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာက အခုဆိုရင် ၇ လရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG