သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းလောက အမှောင်လွှမ်းစေတဲ့ ရိုက်တာသတင်းသမားနှစ်ဦးအမှု တရားရုံးဆုံးဖြတ်ချက်


Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးက တရားဝင်စွဲချက်တင်လိုက်တဲ့အတွက် မြန်မာနိုင်ငံသတင်းလွတ်လပ်မှု တိုးတက်ရေးအတွက် မျှော်လင့်ချက် ပိုနည်းသွားပြီဆိုတဲ့ တုံ့ပြန်ချက်တွေ ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်အစိုးရအပြင် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေကြတဲ့အဖွဲ့တွေက တရားရုံးဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကြောင်းတုံ့ပြန်ခဲ့ကြတာပါ။ သူတို့ကို ခုလိုစွဲချက်တင်လိုက်တဲ့အတွက် သတင်းသမားတွေ သတင်းမီဒီယာအလုပ်ကို လွယ်လွယ်ကူကူ မလုပ်နိုင်အောင် ဆောင်ရွက်လိုက်တာလို့ Reuters သတင်းထောက်တွေကလည်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်းရင်း ဖမ်းဆီးခံခဲ့ရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဇူလိုင် လ ၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညထဲက ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို မောင်တောခရိုင်မှာ ဖြစ်ခဲ့တဲ့ နယ်မြေရှင်းလင်းမှုဖြစ်စဉ် အစီရင်ခံစာတွေ လက်ဝယ်တွေ့ရှိတယ်လို့ဆိုပြီး မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေ၊ ပုဒ်မ ၃ (၁) (ဂ) နဲ့ စွဲချက်တင်ခဲ့တာပါ။ သူတို့ကို တရားဝင်စွဲချက်တင်လိုက်တာနဲ့ပါတ်သက်လို့ သတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့က တရားခွင်ကအထွက်မှာ ခုလို ပြောကြားခဲ့ကြပါတယ်။

"သတင်းသမားတယောက်အနေနဲ့ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာလုပ်ကိုင်လို့မရအောင်လုပ်တယ်လို့ ရူမြင်ပါတယ်။"

"ကျနော်တို့ သတင်းသမားတွေက ပြဿနာဖြစ်တဲ့အတိုင်းမှာ မျှမျှတတဖြစ်အောင် ဘက်ပေါင်းစုံကနေ ဆောင်ရွက်ရပါတယ်။ ရဲတပ်ဖွဲ့က မတရားမှုကျူးလွန်ထားတယ်ဆိုရင် ဒီမတရားမှုတွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ဒါကြောင့် ကျနော်တို့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီဆောင်ရွက်ခဲ့တာလို့ ပြောချင်ပါတယ်။"

သတင်းထောက်တွေကို အခြေအမြစ်မရှိဘဲ ဆက်လက်ဖမ်းဆီးထားဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အလွန်အမင်း စိတ်ပျက်တယ်လို့ Reuters သတင်းဌာနရဲ့ ဥက္ကဋ္ဌလည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ Stephen J. Adler ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့ရဲ့ သတင်းထောက်အလုပ်ကို သီခြားလွတ်လပ် ဘက်မလိုက်ဘဲ ဆောင်ရွက်ခဲ့တာသာဖြစ်ပြီး တရားဥပဒေကို ချိုးဖောက်ခဲ့တယ်။ အမှားတစုံတရာ လုပ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။ ဒ့ါအပြင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သတင်းလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးရှိအောင် ဆောင်ရွက်မယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိအပေါ် အကြီးအကျယ် သံသယဖြစ်စရာရှိတယ်လို့ Reuters သတင်းဌာနရဲ့ ဥက္ကဋ္ဌ Stephen J. Adler ကပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ ပြောခွင့်ရအမျိုးသမီး Eri Kaneko က VOA မြန်မာပိုင်းကို ပြောပါတယ်။

" Reuters သတင်းထောက်တွေကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်နေဆဲဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ သူတို့ကို ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားဖို့အတွက် အတွင်းရေးမှူးချုပ်က အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။"

သတင်းထောက်တွေကို စွဲချက်တင်လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အတွက် အကြီးအကျယ် ဆုတ်ယုတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကလည်း တုံ့ပြန်ပါတယ်။ သတင်းထောက်တွေဟာ ပြည်သူတွေကို သတင်းတွေသိအောင် လုပ်ပေးနေသူတွေ ဖြစ်ရုံမက ခေါင်းဆောင်တွေ တာဝန်ယူ တာဝန်ခံမှုရှိအောင် လုပ်ပေးနေသူတွေဖြစ်တာကြောင့် သတင်းထောက်တွေကို မတရား ပြစ်မှတ်ထားတာ။ ခြိမ်းခြောက်တာ။ အပြစ်ပေးတာမျိုး ဘယ်တော့မှ မလုပ်သင့်ဘူးလို့ သံအမတ်ကြီး Nikki Haley ကကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဒီသတင်းထောက်တွေကို သူတို့မိသားစုတွေဆီ ပြန်သွားခွင့်ပေးပြီး သူတို့အလုပ်ကို ဆက်လုပ်နိုင်ခွင့်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

တရားရုံးဆုံးဖြတ်ချက်အပေါ် စိတ်မကောင်း စိတ်ပျက်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ပါတယ်။ သတင်းလွတ်လပ်မှုအတွက် နောက်ပြန်လှည့်တဲ့ ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဥကဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Heather Nauert ကကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

တခါ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ Arizona ပြည်နယ် အထက်လွှတ်တော်အမတ် John McCain ကလည်း သတင်းပညာဆိုတာ ရာဇဝတ်မှု မဟုတ်ဘူးလို့ သူ့ရဲ့ Twitter ပေါ်မှာ ရေးသားတုံ့ပြန်ပါတယ်။ လူမျိုးတုန်းရှင်းလင်းဖယ်ရှားမှုကို ဖော်ထုတ်တဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် စွဲချက်တင်လိုက်တာဟာ နိုင်ငံရေးအရဖြစ်ပြီး တရားလွန်လွန်းတယ်။ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ Twitter ပေါ်ကနေ တုံ့ပြန်ခဲ့ပါတယ်။

New York မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ CPJ ရဲ့ အာရှရေးရာအစီအစဉ် ညှိုနှိုင်းရေးမှူး Steven Butler က တရားရုံးဆုံးဖြတ်ချက်အပေါ် စိတ်ပျက်တယ်လို့ VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

" တရားရုံးဆုံးဖြတ်ချက်နဲ့ပါတ်သက်လို့ CPJ က သိပ်ကိုစိတ်ပျက်မိပါတယ်။ လုံးဝ တရားမျှတမှု မရှိဘူးလို့ထင်ပါတယ်။ တရားခွင်မှာ တင်ပြတဲ့အထောက်အထားတွေအရလည်း သတင်းထောက် ၂ ယောက်လုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ တရားစစ်ဆေးတယ်ဆိုတာလည်း လုပ်ကြံဇတ်လမ်း ဆင်ထားတာကြီးဖြစ်နေပါတယ်။ မြန်မာအစိုးရအတွက် တကယ့်ကို ရှက်စရာကြီးပါ။"

CPJ ရဲ့ထုတ်ပြန်ချက်ထဲမှာလည်း လက်ခံနိုင်စရာမရှိတဲ့ တရားရုံးဆုံးဖြတ်ချက်က ဥပဒေတွေ သက်သေအထောက်အထားတွေထက် နိုင်ငံရေးအရ ဆုံးဖြတ်တယ်ဆိုတာ အတည်ပြုလိုက်တာပဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါနဲ့ပါတ်သက်လို့လည်း Steven Butler ကခုလို ပြောပါတယ်။

" ဒီဆုံးဖြတ်ချက်ချဖို့ သက်သေအထောက်အထားတွေကို အပြည့်အဝ ထည့်စဉ်းစားတယ်လို့ CPJ က မယုံကြည်ပါဘူး။ နိုင်ငံရေးအရလည်း ရခိုင်ပြည်နယ်နဲ့ ပါတ်သက်လို့ အထိအရှ မခံနိုင်တဲ့ ကိစ္စမျိုးတွေမှာ သတင်းထောက်တွေ သတင်း မထုတ်ပြန်ရဲအောင် လုပ်ပြလိုက်တာဖြစ်ပါတယ်။"

သတင်းလွတ်လပ်ခွင့်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိနေတဲ့ ဒီအမှုကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး ပလတ်ပေးဖို့လည်း CPJ က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာမှာ သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF ကလည်း ခုလိုစွဲချက်တင်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာကို ကြည့်ခြင်းဖြင့် တရားရုံးဟာ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေတာ ပြသနေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမှုနဲ့ပါတ်သက်တဲ့ ကနဦးကြားနာချက်တွေမှာ ရှေ့နောက် မညီမှုတွေ။ သတင်းထောက်တွေမှာ အပြစ်မရှိဘူးဆိုတဲ့ မငြင်းနိုင်တဲ့ အထောက်အထားတွေ အများအပြားရှိတဲ့ကြားက ခုလိုတရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ဘက်မလိုက် လွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေ ထွက်ပေါ်လာမယ့် အခြေအနေ သိသိသာသာကျဆင်းနေတယ်လို့ RSF အတွင်းရေးမှူးချုပ် Christophe Deloire ကကြေညာချက်မှာ ပြောထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Amnesty International အဖွဲ့ကြီးကတော့ မြန်မာနိုင်ငံသတင်းလွတ်လပ်ခွင့် အမှောင်ဖုံးတဲ့နေ့ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ Amnesty International ရဲ့ အာရှ Pacific မူဝါဒရေးရာ စည်းရုံးရေး မန်နေဂျာ Francisco Bencosme VOA မြန်မာပိုင်းကို ပြောတာကတော့ ဒီလိုပါ။

"ဒီတရားရုံးဆုံဖြတ်ချက်ဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ လူသားတွေပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းမယ့် သတင်းထောက်တွေအတွက် ကျောချမ်းစရာဖြစ်သလို စစ်တပ်အပေါ် ဝေဖန်မှု။ ဒါမှမဟုတ် အစိုးရရဲ့ တာဝန်ခံအကြောင်း သတင်းယူချင်သူတွေအတွက်လည်း ကျောချမ်းစရာဖြစ်ပါတယ်။ ဒီသတင်းထောက် ၂ ယောက်ဟာ ထောင်ချောက်ဆင် ဖမ်းခံခဲ့ရတယ်။ ဒါကိုလည်း ရဲတပ်ဖွဲ့တရားလိုပြသက်သ်ေက ထွက်ဆိုခဲ့တာပါ။ ဒါတောင်မှ ခုလိုဆုံးဖြတ်တာကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ရှေ့မှာ အမှောင်ဖုံးလွှမ်းတော့မယ်လို့ ပြောရမှာဖြစ်ပါတယ်။"

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch အဖွဲ့ကလည်း Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် စွဲချက်တင်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ ဘယ်လောက်ဆိုးရွားနေသလဲဆိုတာကို ပြသနေတဲ့အပြင်။ အစိုးရရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ကြိုးစားသူတွေကို နှုတ်ပိတ် အရေးယူဖို့ အစိုးရဖက်က ဘယ်လောက် အစွမ်းကုန်လုပ်သလဲဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG