သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုက်တာသတင်းထောက် နှစ်ဦး ပြန်လွှတ်ပေးရေး HRW တောင်းဆို


အဖမ်းဆီးခံ Reuters သတင်းထောက်၂ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုကိုတရားရုံးက စွဲချက်တင်သင့် မတင်သင့်ကို ဇူလိုင်လ ၉ရက်နေ့မှာဆုံးဖြတ်ဖို့ ရှိပါတယ်။ လူအခွင့်အရေးအဖွဲ့အစည်းတွေကတော့ မြန်မာ့တရားရေး စနစ်အပေါ်မှာ ယုံကြည်မှုနည်းနေကြတာကြောင့် သတင်းထောက်၂ဦးကို ပြန်လွှတ်ပေးပါ့မလားလို့ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

၆ လကျော်အဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ရဲ့အမှုကို ပလပ်ပြီး သူတို့ ၂ဦးကို ပြန်လွှတ်ပေးဖို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဇူလိုင်လ ၁ရက်နေ့က တောင်း ဆိုထားပါတယ်။ မနေ့က ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်တရားရုံးမှာလုပ်ခဲ့တဲ့ ရုံးထုတ်မှုမှာတော့ သတင်းထောက်၂ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်သင့် မတင်သင့်ကို ဇူလိုင်လ ၉ရက် တနင်္လာနေ့မှာဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ သတင်းထောက်ကိုဝလုံးကတော့ သူတို့အမှုကို တရားရုံးက မျှမျှတတဆုံးဖြတ်ပေးလိမ့်မယ်လို့မျှော်လင့် နေပါတယ်။

"တရားစီရင်ရေးကိုလည်း ကျနော်တို့အပြည့်အဝယုံကြည်ထားပါတယ်။ ကျနော်တို့နိုင်ငံအတွက် ဒါက ဥပဒေ စိုးမိုးမှု ဘယ်လောက်ရှိတယ်၊ တရားမျှတမှု ဘယ်လောက်ရှိတယ်ဆိုတဲ့အနေအထားမှာ တရားရုံးက မျှမျှတတဆုံးဖြတ်ပေး လိမ့်မယ့်အနေအထားတခုလို့ ကျနော်ယုံကြည်ပါတယ်"

မနေ့က ရုံးချိန်းကိုရောက်လာခဲ့တဲ့ ကိုဝလုံး သတင်းထောက် တွေကို ပြောခဲ့တာပါ။

ကိုဝလုံးက တရားရုံးရဲ့အဆုံးအဖြတ်ကို အကောင်းဘက်ကရှုမြင်မျှော်လင့်ထားပေမယ့်လည်း ကိုဝလုံးတို့သတင်း ထောက်၂ဦးလွတ်မြောက်ရေး တောင်းဆိုနေတဲ့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က တော့ မြန်မာ့တရားရေးစံနစ်ကို ယုံကြည်မှုသိပ်မရှိပါဘူး။ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့တရားစီရင်ရေးစံနစ်မရှိသေးတာကြောင့် တရားရုံးက ဘယ်ဘက်ကိုရပ်မလဲဆိုတာကို သိဖို့ခက်တယ်လို့ Human Rights Watch အဖွဲ့က အာရှရေးရာညွှန်ကြား ရေးမှုး Brad Adamsက ဗွီအိုအေကိုပြောပါတယ်။

"တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ တော်တော်မရေမရာဖြစ်နေပါတယ်။ မှန်ကန်တဲ့လုပ်ရပ်ကိုပဲ လုပ်လိမ့်မလား၊ စစ်တပ်ရဲ့ဖိအားပေးတာကိုခံမလားဆိုတာ မသိနိုင်ပါဘူး။ အမှန်အတိုင်းလုပ်ဆောင်ဖို့အတွက်က တရားရေးစနစ်ကို ယုံကြည်အားကိုးလို့မဖြစ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အပြန်အလှန်ထိန်းညှိတဲ့ စနစ် မရှိသလို၊ လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်တဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေလည်း မရှိပါဘူး။ လွတ်လပ်တဲ့ရဲအဖွဲ့ဆိုတာ လည်းမရှိပါဘူး။ ရဲတွေက စစ်တပ်ကို အစီရင်ခံနေရတာပါ။ အဲဒါကြောင့် အခုကိစ္စက နိုင်ငံရေးနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။"

တကယ်လို့တရားရုံးကသာ ကိုဝလုံးတို့ကို လွှတ်မပေးပဲ သူတို့အမှုကို ဆက်ပြီးအရေးယူသွားမယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေ အခုထက်ပိုပြီး များလာမှာကတော့ အသေအချာပဲလို့ Brad Adams က ဆက်ပြောပါတယ်။

"Human Rights Watch အဖွဲ့အပါအဝင် ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေတင်မကပါဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကပါ ဒီသတင်းထောက်တွေရဲ့အမှုကို ပလပ်ပေးဖို့၊ သူတို့ကိုအရေးယူထားတာက မမှန်ကန်ဘူး၊ သတင်းထောက်တွေကို လွှတ်ပေးသင့်တယ်လို့ ပြင်းပြင်းထန်ထန်ပြောထားပြီးပါပြီ"

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ဆိုင်တဲ့ အရေးကြီးတဲ့စာရွက်စာတမ်း တွေလက်ဝယ်တွေ့ရှိတာကြောင့် ဒါဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး အစိုးရကတရားစွဲဆို ထားတာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက သူတို့၂ဦးကိုဖမ်းဆီးပြီး စစ်ဆေးမှုတွေအကြိမ်ကြိမ်လုပ်ခဲ့တဲ့နေရာမှာ တရား လိုပြသက်သေ ၂၃ဦးကိုစစ်ဆေးခဲ့ပါတယ်။ ကိုဝလုံးတို့ကတော့ သူတို့ဟာထောင်ချောက်ဆင်အဖမ်းခံခဲ့ရပြီး အစိုးရဘက် ကစွပ်စွဲသလို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကိုလည်း မချိုးဖေါက်ဘူးလို့ငြင်းဆိုထားပါတယ်။ တကယ်လို့ သူတို့၂ဦးမှာ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ်၁၄နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG