သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်နှစ်ဦး ဖမ်းဆီးခံကာလ ၆ လ ပြည့်


နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖေါက်မှုနဲ့ တရားစွဲဆိုခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ အဖမ်းအဆီးခံနေရတာ မနေ့က ၆လပြည့်ခဲ့ပါပြီ။ စစ်ဆေးမှုတွေကတော့ အခုထိမပြီးဆုံးသေးပါဘူး။ သတင်းထောက် ၂ဦးကတော့ သူတို့အမှုကို မကြာကြာအောင် အချိန်ဆွဲပြီးလုပ်နေတယ်လို့ယူဆနေကြပါတယ်။ အချိန်၆လကြာခဲ့ပေမဲ့ သူတို့တွေ စိတ်ဓါတ်မကျဘူး လို့လည်းပြောပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

၆လဆိုတဲ့အချိန်ဟာ လွတ်လွတ်လပ်လပ်ရှိနေသူတွေအတွက် သိပ်ကြာလှတယ်လို့ မထင်ရပေမဲ့ ဖမ်းဆီးအကျဉ်းချခံ ထားရတဲ့သူတွေအတွက်ကတော့ ၆လမကကြာတယ်လို့ခံစားရတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်က သတင်းလုပ်ငန်း လုပ်ဆောင်နေရင်း အဖမ်းခံခဲ့ကြရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံနေရတာ မနေ့ကပဲ ၆လပြည့်သွားခဲ့ပါပြီ။ အမှန်တရားကို သတင်းအဖြစ်ထုတ်ဖေါ်တင်ပြဖို့လုပ်ခဲ့ကြတဲ့ သတင်းထောက်၂ဦးအဖမ်းခံခဲ့ရတာ ၆လပြည့်ပြီ သူတို့တွေကိုချက်ချင်းလွှတ်ပေးဖို့ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်ကို ကျနော်ထပ်လောင်းပြီးပြော လိုက်ပါတယ်လို့ EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် Kristian Schmidtက သူ့ရဲ့ တွစ်တာလူမှုကွန်ရက် မှာ မနေ့ကရေးသားဖေါ်ပြပါတယ်။

Reuters သတင်းဌာနရဲ့ အယ်ဒီတာချုပ် Stephen J. Adler ကလည်း သတင်း ထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတာ သိပ်ကြာလွန်းနေပြီလို့ မနေ့ကပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။ သိပ်အရေးကြီးတဲ့ကိစ္စကို မှန်မှန်ကန်ကန်နဲ့ သမာသမတ်ကျကျသူတို့တင်ပြနိုင်ဖို့လုပ်ခဲ့ ကြတာကို ကမ္ဘာတဝှမ်းက အသိအမှတ်ပြုခဲ့ကြတယ်၊ မကြာခင်သီတင်းပတ်တွေအတွင်း တရားရုံးကဆုံးဖြတ်ချလိမ့်မလား ဆိုတာကို စောင့်ကြည့်နေတယ်၊ မြန်မာနိုင်ငံရဲ့တရားရုံးဟာ ဥပဒေစိုးမိုးမှုရှိတယ်ဆိုတာကို ပြသနိုင်လိမ့်မယ်လို့မျှော် လင့်တယ်။ ဒီအမှုကို ပလပ်လိမ့်မယ်လို့လည်း မျှော်လင့်တဲ့အကြောင်း Reuters သတင်းဌာန အယ်ဒီတာချုပ်ရဲ့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။

မနေ့ကရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် CID မှုခင်းရဲတပ်ဖွဲ့က ရဲမှူးတင်ဝင်းအောင်ကို စစ်ဆေးဖို့ဆင့်ခေါ်ထားပေမဲ့ လည်း တရားရုံးကို ရောက်မလာခဲ့ပါဘူး အမှုစစ်ဆေးမှုရှည်ကြာနေတဲ့ကိစ္စကို အဖမ်းဆီးခံ Reuters သတင်းထောက် တွေက စိတ်မရှည်နိုင်ကြတော့ပါဘူး။ အမှုကို မကြာကြာအောင် အချိန်စွဲနေကြတယ်လို့ ယူဆနေကြပါတယ်။ မနေ့က တရားရုံးကနေပြန်ထွက်လာတဲ့ ကိုကျော်စိုးဦးက သူ့ရဲ့ အမြင်ကို သတင်းထောက်တွေကိုပြောပြပါတယ်။

"တင်သွင်းတဲ့ သက်သေခံလာတာတော့မတွေ့ရပါဘူး။ အထူးသဖြင့် ဒီအမှုမှာ ကျနော်တို့ကို စစ်ဆေးတယ်ဆိုတဲ့ CID က ပုဂ္ဂိုလ် ကတော့ ရုံးချိန်းမှာတော့ မလာဘူး ကျနော်တို့ထင်တာကတော့ ဒါမကြာကြာအောင် တမင်လုပ်နေတာပဲလို့ မြင်ပါတယ်။"

တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ ရဲမှုးတင်ဝင်းအောင်ဟာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေ ၂၅ဦးအနက် ၂၄ဦးမြောက်ဖြစ်ပါတယ်။ တရားလိုသက်သေ၂၅ဦးလုံးစစ်ဆေးပြီးတဲ့အခါ တရားသူကြီးအနေနဲ့ အမှုကိုဆက်ပြီးစစ်ဆေးမလား၊ ပလပ်မလားဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဖမ်းခံနေရတာ အချိန်ကြာလာနေပြီဖြစ်ပေမဲ့လည်း သူတို့တွေရဲ့ စိတ်ဓါတ်ကတော့ ခိုင်မာနေတုန်းပဲဆိုတဲ့အကြောင်း ကိုဝလုံးက ပြောပါတယ်။

"ကျနော်တို့ ၆ လဆိုတဲ့ အချိန်က အရမ်းကြာလာတယ် ။ဒါပေမယ့် ကျနော်တို့ကတော့ စိတ်ဓါတ်မကျဘူးလေ ထောင်ထဲမှာဆိုရင် ကျနော်တို့ စာဖတ်တယ် နောက်ပြီး သစ်ပင်တွေစိုက်တယ်။ ကိုယ့်ကိုကိုယ်လည်း စိတ်ဓါတ်မကျအောင်ပေါ့နော် နေတယ်ပေါ့လေ။ အဲဒီတော့ ကျနော်တို့ကို ဘယ်လောက်ပဲ ထောင်ထဲမှာထားထား ၊ ကျနော်တို့ကတော့ စိတ်ဓါတ်ကျသွားမှာ မဟုတ်ဘူး။ ကျနော်တို့ကိုလည်း ဖျက်ဆီးလို့ရမှာမဟုတ်ဘူး။ ကျနော်သည်အမြဲတမ်း သတင်းသမားတယောက်ပဲဖြစ်နေမှာ။ နောက်တခုကတော့ ကျနေ်ာတို့ နဲ့ ပတ်သက်ပြီးတော့ အပြင်မှာလည်းပြောတာတွေကြားရပါတယ် ကျနော်တို့အမှုနဲ့ ပတ်သက်ပြီး။ ဘယ်သူတွေဘာတွေပဲပြောပြော ကျနော်တို့ကတော့ အမှန်တရားကို မကြာခင်ပေါ်လာမယ်လို့ ကျနော်ကတော့ အခိုင်အမာယုံကြည်တယ်။"

သတင်းထောက်၂ဦးရဲ့ရှေ့နေဖြစ်တဲ့ ဦးသန်းဇော်အောင်ကတော့ ဒီအမှုကို ကျုးလွန်မှု မမြောက်မြောက်အောင် တရားလိုဘက်က အသေအချာစီစဉ်နေတယ်လို့ယူဆပါတယ်။

"ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းကြောင်းပြ မြေပုံဆိုတာကို သက်သေက ဘယ်လိုပြောပြီးသွင်းလဲဆိုတော့ ထိပ်တမ်းလျိူ့ဝှက်ချက်ပါ လုံခြုံရေးအစီအမံပါလို့ပြောတယ်။ ကျနော်ရုံးမှာ ပြန်မေးတဲ့အခါ အဲဒီ မြေပုံမှာ လုံခြုံရေးဆိုတဲ့ စကားလုံး security ဆိုတာ ၁ လုံးမှ မပါဘူး။ အဲဒီဟာသည် နိုင်ငံခြား websiteတခုကနေပြီးတော့ ရလာတဲ့ အထောက်အထားတွေပေါ့။ အဲဒါတွေကို ထိပ်တမ်းလျိူ့ဝှက်ချက်ပါ ပြောပြီးတော့ ထပ်ပြီးသွင်းလာတဲ့အခါကျတော့ ကျနော်တို့က တရားခွင်မှာ သေသေချာချာကို ရုံးတော်ကို ကျနော်တို့ သိသာမြင်သာအောင်ရှင်းပြခဲ့တယ်။ ဆိုတော့ နောက်ထပ်တခါ အခု ပျောက်နေတဲ့ တပ်ကြပ်ကြီး ခင်မောင်လင်း သူ့ကိုပါ ပြန်ပြီးတော့ ပထမတော့ လိပ်စာမတွေ့ဘူး တပ်က ထုတ်ပယ်လိုက်ပြီ။ နောက်တော့ မနေ့ကနေပြီးတော့ လိပ်စာပြန်ရပြီဆိုတော့ ဒါတွေပေါ်လာတယ် အဲဒီတော့ ဒီတရားစွဲအဖွဲ့အစည်းဘက်က အစီအစဉ်တကျနဲ့ စီစဉ်နေတဲ့ သဘောရှိတယ်။ Plan A, B, C နဲ့ သွားနေတယ်။ ဆိုတော့ ဒီအမှုကို မမြောက်မြောက်အောင် ကျူးလွန်သူတွေဆိုပြီး မငြိငြိအောင် စွပ်စွဲချင်တဲ့ သဘောရှိပါတယ်။"

Reuters သတင်း ထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံနေရတဲ့ အချိန်၆လအတွင်းမှာ သူတို့ရဲ့လုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြု တဲ့အနေနဲ့ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆုတွေတခုပြီးတခုချီးမြင့်နေကြတာ အခုဆို ငါးခုရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG