သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦးအမှု သက်သေအထောက်အထားတရားခံ မေးခွန်းထုတ်


ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံဘက်က အပြစ်မရှိကြောင်း ပြသဖို့လိုအပ်တဲ့ အချက်အလက်တွေဟာ လက်ကိုင်ဖုန်းတွေထဲမှာ ရှိနေပေမယ့် ဒါတွေဟာ ရဲတွေ တင်ပြတဲ့ထဲမှာ မပါဝင်ဘူးလို့ တရားခံတွေရဲ့ ရှေ့နေတွေက ပြောပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အရေးယူခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ဇွန်လ ၄ ရက် တနင်္လာနေ့က မြောက်ပိုင်းခရိုင်တရား ရုံးမှာ ၂၃ ကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ အရေးယူခံနေရတဲ့ Reuters သတင်းထောက် ၂ ဦးရဲ့ အမှုကို တနင်္လာနေ့မှာ ရုံးထုတ်ခဲ့ရာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ သူတို့ အဖမ်းခံရချိန် ရဲတွေသိမ်းဆည်းသွားတဲ့ သူတို့ရဲ့ ဖုန်းတွေထဲက အချက်အလက်တွေကို အစိုးရရှေ့နေတွေ တရားရုံးတော်မှာ တင်ပြခဲ့တာ ဖြစ်ပြီး ဒီတင်ပြချက်တွေထဲမှာ တရားခံတွေ ဘက်က အပြစ်မရှိကြောင်း သက်သေပြဖို့လိုအပ်တဲ့ အချက်အလက်တွေ မပါခဲ့ဘူးလို့ သူတို့ရဲ့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက ရုံးတော်မှာ သက်သေအဖြစ်လက်ခံခဲ့တဲ့ အသိမ်းခံခဲ့ရတဲ့ သူတို့ရဲ့ ဖုန်းတွေထဲမှာ သူတို့အဖမ်းမခံရခင်က ဆက်သွယ်ပြောကြားချက်တွေ ရှိနေတာဖြစ်ပြီး အခု ရဲတွေတင်ပြတဲ့ထဲမှာ အမှုအတွက် အဓိကကျတဲ့ သူတို့အပေါ် စွပ်စွဲချက် မမှန်ကန်ကြောင်း အထောက်အထားအဖြစ် သက်သေပြစရာ အချက်အလက်တွေတော့ မပါဝင်ဘူးလို့ သူတို့ရဲ့ ရှေ့နေက တရားရုံး အထွက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူတို လိုအပ်တဲ့ ဒီအချက်အလက်တွေဟာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အထောက်အကူဖြစ်နိုင်တာမို့ အသေးစိတ်ထုတ်ပြန်ပေးဖို့ ရုံးတော်ကို ရှေ့နေဦးသန်းဇော်အောင်က ပန်ကြားခဲ့ပေမယ့် တရားသူကြီး ဦးရဲလွင်က ပယ်ချခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းထောက် ၂ ဦးရဲ့ ဖုန်းတွေကို IT နည်းပညာ ကျွမ်းကျင်သူတွေက စနစ်တကျ စစ်ဆေးခဲ့ကြောင်းနဲ့ အရင်ရုံးချိန်းမှာ ပြသခဲ့ပြီးပြီ ဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေ နောက်ထပ်ယူစရာ မလိုဘူးလို့ ပြောပြီး တရားသူကြီးက ပယ်ချခဲ့တယ်လို့ ပြောပါတယ်။

တနင်္လာနေ့ရုံးချိန်းမှာ နေပြည်တော် ရဲမှုခင်းတပ်ဖွဲ့ နည်းပညာမှုခင်းဌာန CID ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရဲမှုးရဲ့ ရုံးတော်မှာ ထွက်ဆိုချက်တွေဟာ ရိုးသားမှုမရှိကြောင်း ရုံးချိန်းအပြီးမှာ ကိုဝလုံးက အခုလို ပြောပါတယ်။

"ကျနော်တို့ကိုယ်တိုင်တောင် မသိတဲ့ စာရွက်စာတန်းတွေ တင်လာတာဆိုတော့ အခြေအနေက ကျနော်တို့ နားမလည်နိုင်ဘူးပေါ့နော် ။ တကယ်တမ်းဖော်ထုတ်ခဲ့တယ် သူတို့ကိုလည်း အကြောင်းအရာတချို့ကို ကူညီပေးခဲ့ရတယ် ဒါတွေကျတော့ မတင်ပဲနဲ့ ဒီစာရွက်စာတမ်းတွေ ဘယ်ဟာမှန်းမသိတာတွေ တင်လာတယ်ဆိုတာ ကျနော်တို့ကို ပုဒ်မနဲ့ မငြိငြိအောင် လုပ်နေတဲ့အနေအထားမျိုး ရှိနေလားလို့ ကျနော်တို့ သံသယ ဖြစ်မိပါတယ်။"

Reuters သတင်းထောက်တွေဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ်ကိုဝလုံးနဲ့ အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့ဟာ မတည်မငြိမ်ဖြစ် နေတဲ့ ရခိုင်ပြည်နယ်ထဲ မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ ကိစ္စအတွက် သတင်းရယူဖို့ စုံစမ်းနေကြတာ ဖြစ်ပါတယ်။ မနှစ်က ဒီဇင်ဘာလ ၁၂ ရက်က ရန်ကုန်မြောက်ပိုင်းက စားသောက်ဆိုင်တခုမှာ ရဲက သူတို့ကိုတွေ့ဖို့ချိန်းဆိုခဲ့တဲ့အတွက် သွားရောက်ခဲ့ပြီး သူတို့ တခါမှ မတွေ့ဘူးသေးတဲ့ ရဲ ၂ ယောက်က သူတို့လက်ထဲ စာရွက်စာတမ်းတွေ ပေးပြီးပြီးချင်းမှာပဲ သူတို့ အဖမ်းခံခဲ့ရတာ ဖြစ်ကြောင်း သူတို့က မိသားစု ဝင်တွေကို ပြောပြခဲ့တာပါ။

အမှုကို အမှန်အတိုင်းဖြစ်စေချင်တယ်လို့လည်း ကိုဝလုံးက ပြောပါတယ်။

"ကျနော်တို့ သတင်းသမားအနေနဲ့ကတော့ ကျနော်တို့ ဖော်ထုတ်ခဲ့တာတွေကို အမုန်အတိုင်းဖြစ်စေချင်တယ်။"

ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာတော့ ရဲနဲ့သူတို့တွေ တွေ့ဆုံကြတာနဲ့ ပတ်သက်ပြီး ကိုဝလုံးကို ရဲကဖုန်းဆက်ပြီး တွေ့ဖို့ချိန်းခဲ့တာလား ဒါမှမဟုတ် သူကပဲ ရဲကို ဖုန်းဆက်တာလား ဆိုတာနဲ့ ပတ်သက်ပြီး စစ်မေးခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်တွေရဲ့ ရှေ့နေတွေကတော့ ရဲအရာရှိတွေထဲက တယောက်ဖြစ်တဲ့ ရဲအရာရှိနိုင်လင်းက ကိုဝလုံးတို့ အဖမ်းခံရတဲ့နေ့မှာပဲ ကိုဝလုံးကို ဖုန်း ၃ ခါ ခေါ်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာပါ။

တနင်္လာနေ့ တရားရုံးမှာတော့ ဒီဇင်ဘာ ၁၂ ရက် သူတို့အဖမ်းခံရတဲ့နေ့မှာ ကိုဝလုံးကို ဖဖုန်း မခေါ်ကြောင်း ရဲအရာရှိနိုင်လင်းက တရားရုံးမှာ ထွက်ဆိုခဲ့သလို တွေ့ဆုံဖို့အတွက် ကိုဝလုံးကသာ ရဲအရာရှိနိုင်လင်းကို ခေါ်ခဲ့တာ ဖြစ်ကြောင်း အစိုးရရှေ့နေ ဦးကျော်မင်းအောင် က ရုံးတော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် သက်သေပြချင်ရင် ဒါဟာ တရားခံဘက်က တာဝန်သာ ဖြစ်ကြောင်းလည်း အစိုးရရှေ့နေက ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ လတုန်းကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှုး မိုးရန်နိုင်ကထွက်ဆိုခဲ့ရာမှာတော့ ကိုဝလုံးနဲ့ တွေ့ဆုံဖို့ အထက်အရာရှိကနေ ကိုနိုင်လင်းကို အမိန့်ပေးခဲ့တာ ဖြစ်ပြီး သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဖို့ လုပ်တာဖြစ်ကြောင်း ထွက်ဆိုခဲ့တာပါ။ အဲဒီအချိန်ကလည်း ရဲအရာရှိနိုင်လင်းက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ တရားရုံး ထွက်ဆိုအပြီးမှာ ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲစည်းကမ်း ချိုးဖေါက်မှုနဲ့ ထောင်ဒဏ် တနှစ် ကျခံခဲ့ရပါတယ်။ သူတို့ ၂ ဦးရဲ့ အမှုအတွက် နောက်ရုံးချိန်းကတော့ ဇွန်လ ၅ ရက် အင်္ဂါနေ့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG