နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက်တွေရဲ့ အမှုမှာ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေ တနင်္လာနေ့က တင်ပြတဲ့ အထောက်အထားတွေကို တရားရုံးက လက်ခံမခံဆိုတာ ဒီကနေ့တရားသူကြီးက ဆုံးဖြတ်ဖို့ရှိနေပါတယ်။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ လက်ကိုင်ဖုန်းတွေဆီက ရရှိတယ်လို့ဆိုတဲ့ သက်သေအချက်အလက်တွေကို ရဲတပ်ဖွဲ့က IT ကျွမ်းကျင်သူရဲအရာရှိက တင်ပြခဲ့တာပါ။ ဒါပေမဲ့ အဲဒီထဲက အချက်အလက် ၂၁ ခုက သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေကနေ တကယ်ရယူခဲ့တယ်ဆိုတာ မပြသနိုင်တဲ့အတွက် သတင်းထောက်တွေရဲ့ ရှေ့နေက ကန့်ကွက်ခဲ့ပါတယ်။ သတင်းထောက် ကိုဝလုံးကလည်း အဲဒီအချက်အလက်တွေကို သူတို့မသိဘူးလို့ တရားရုံးကြားနာအပြီးမှာ သတင်းထောက်တွေကို ခုလို ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ကိုယ်တိုင်တောင် မသိတဲ့ စာရွက်စာတန်းတွေ တင်လာတာဆိုတော့ အခြေအနေက ကျနော်တို့ နားမလည်နိုင်ဘူးပေါ့နော် ။ တကယ်တမ်းဖော်ထုတ်ခဲ့တယ် အကြောင်းအရာတခုကို ကူညီပေးခဲ့ရတယ် ဒါတွေကျတော့ မတင်ပဲနဲ့ ဒီစာရွက်စာတမ်းတွေ ဘယ်ဟာမှန်းမသိတာတွေ တင်လာတယ်ဆိုတာ ကျနော်တို့ကို ပုဒ်မနဲ့ မငြိငြိအောင် လုပ်နေတာ ရှိနေလားလို့ သံသယ ဖြစ်မိပါတယ်။"
ဒီကနေ့ရုံးချိန်းကျရင် သတင်းထောက်တွေရဲ့ ဖုန်းထဲကရယူထားတဲ့ အချက်အလက်အမှန်ဖြစ်တယ်ဆိုတာ အထောက်အထားခိုင်လုံမှ တရားရုံးက လက်ခံမယ်လို့ တရားသူကြီးက ပြောကြားထားပါတယ်။ မောင်တောဒေသထဲက အင်းဒင်လူသတ်မှုကိစ္စအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စအပေါ် သတင်းစုံစမ်းနေချိန် သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။ သူတို့ကို ထောင်ချောက်ဆင် ဖမ်းခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ၁၆(ခ) နဲ့ ပြီးခဲ့တဲ့လက ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပါတယ်။