သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ မုန်တိုင်းဘေး အန္တရာယ် UNHCR သတိပေး


မကြာခင်ကျရောက်တော့မယ့် မုတ်သုန်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အဆိုးဝါးဆုံး သဘာဝဘေးဒုက္ခ ရင်ဆိုင်ရနိုင်ချေရှိတဲ့အတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ သေသေချာချာလုပ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သတိပေးလိုက်ပါတယ်။

အခုနောက်ဆုံးအခြေအနေမှာလည်း ဆိုင်ကလုန်မုန်တိုင်း အန္တရာယ်ကျရောက်နိုင်တဲ့ အန္တရာယ်ကနေ ဒုက္ခသည်တွေ အကာအကွယ်မဲ့ဖြစ်နေဆဲပဲလို့ အေဂျင်စီအရာရှိတဦးက ဆိုပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယာယီစခန်းတွေမှာနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဟာ မကြာခင် ကျရောက်တော့မယ့် မုတ်သုန်မိုးရာသီကြောင့် ဘေးအန္တရာယ် အသစ်တွေ ထပ်ပြီး ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

မြေပြိုကျမှုအန္တရာယ်ရှိနေတဲ့ နေရာတွေမှာ ဒုက္ခသည်အများစုနေထိုင်နေကြတာကြောင့် သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအပေါ်မှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ မတ်စောင့်တဲ့တောင်စောင်းတွေနဲ့ ရေလွှမ်းမိုးလေ့ရှိတဲ့ ချိုင့်ဝှမ်းတွေမှာ ခိုင်ခံမှုမရှိတဲ့ ဝါးတွေရဲ့ ကာရံပြီး ဖြစ်သလို ပြန့်ကျဲ တည်ဆောက်ထားတဲ့ တဲအိမ်တွေမှာ ဒုက္ခသည်တွေ နေနေကြတာပါ။

မုတ်သုန်ရာသီကာလတွင်း ဒုက္ခသည်တွေရင်ဆိုင်ရဖို့ရှိတဲ့ လေတိုက်နှုန်းပြင်းထန်ပြီး မိုးကြီးမယ့်အခြေအနေ စတဲ့ ဖြစ်လာနိုင်ချေရှိတဲ့ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ပြဿနာတွေကို အချိန်မှီ ကာကွယ်တားဆီးနိုင်ဖို့ အစီအစဉ်တွေ ကြိုတင်ချမှတ်ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရာရှိ Edward Benson က အခုလို အကြံပြုပါတယ်။

"အဆိုးဝါးဆုံး ဖြစ်ရပ်ကြီး ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်ရနိုင်တာမို့ ဒါကိုကိုင်တွယ်နိုင်မယ့် ပြည့်စုံတဲ့ အစီအစဉ်ကို သေသေချာချာ စီစဉ်သင့်ပါတယ်။"

အဓိက အစိုးရိမ်ရဆုံးအချက်ကတော့ ဆိုင်ကလုန်မုန်တိုင်းကျရောက်လာမယ်ဆိုရင် ဒုက္ခသည်တွေအတွက် ရေကြီးတာ၊ မြေပြိုတာ စတဲ့ အန္တရာယ်တွေကနေ အကာအကွယ်မဲ့ဖြစ်နေကြောင်း Benson ကဆိုပါတယ်။

"အတိုင်းအတာပမဏာမသိနိုင်တဲ့အပြင် အစိုးရိမ်ရဆုံး ကိစ္စကတော့ ဆိုင်ကလုန်မုန်တိုင်းပဲဖြစ်ပါတယ်။ တကယ်လို့သာ ဆိုင်ကလုန်မုန်တိုင်း ကျရောက်ခဲ့မယ်ဆိုရင် နောက်ထပ် ပြဿနာတပြုံကြီးရှိလာမယ်ဆိုတာ သိသာထင်ရှားပါတယ်။"

၂၀၁၇ခုနှစ် သြဂုတ်လကတည်းက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ နီးပါးလောက်ရှိနေတာပါ။ ကျပ်တည်းပြွတ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသလို စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးကုသမှု စတဲ့ အခြေခံလိုအပ်ချက်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေါ်မှာပဲ မှီခိုနေကြရတာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်အကျပ်အတည်း စတဲ့ နိုင်ငံတကာအတွေအကြုံအများအပြား အရင်ကတည်းကရှိခဲ့ဘူးတဲ့ Benson ကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက အခြေအနေတွေဟာ အရင်က သူကြုံတွေ့ခဲ့တဲ့ အခြားနိုင်ငံက အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် အလွန်ကို ခက်ခဲရှုပ်ထွေးတယ်လို့ ပြောပါတယ်။

"ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီမှာ ကျနော် ၂၀၀၂ ခုနှစ်ကတည်းက စပြီး အလုပ်လုပ်ခဲ့တာပါ။ အာရှမှာ ဆူနာမီဖြစ်ပြီးချင်း အခြေအနေ၊ ဟေတီမှာ လှုပ်ခဲ့တဲ့ ငလျှင်၊ Niger နိုင်ငံက လက်ခံထားတဲ့ မာလီ ဒုက္ခသည်အကျပ်အတည်း စတာတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျနော် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကိစ္စတွေထဲ အခု ရိုဟင်ဂျာအကျပ်အတည်းဟာ အလွန်ကို ရှုပ်ထွေးခက်ခဲလှပါတယ်။"

နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ လူဦးရေ စုစုပေါင်း နှစ်သန်းရှိနေပြီး အဲဒီထဲက တသန်းဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပြီး၊ နောက်ထပ် တသန်းထဲက တဝက်ကျော်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပြီး ကျန်တာတွေကတော့ အိန္ဒိယ၊ မလေးရှား စတဲ့နိုင်ငံတွေမှာ ရောက်ရှိနေတာပါ။ သူတို့ အခြေအနေကို ကူညီဖြေရှင်းဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဦးဆောင်တဲ့ နိုင်ငံတကာညီလာခံတရပ်ကို ဒီနှစ်အတွင်း ကျင်းပဖို့ရှိတယ်လို့လည်း ဗာတီကန်နန်းတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ USAID အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံဖြိုးရေး အေဂျင်စီ အာရှဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Mark Green ဟာ သူရဲ့ အာရှဒေသခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနေ့ တနင်္လာနေ့က ရောက်ရှိခဲ့ပြီး ဒီကနေ့မှာတော့ နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စန်းတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ မေလ ၁၇ ရက်နေ့မှာ Mr. Green ရောက်ရှိမှာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ခွာလာတဲ့ ရခိုင်ပြည်နယ်အရေးကို မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG