သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PEN American ရဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဆုချီးမြင့်ပွဲ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်းဖော်ထုတ်ရင်း ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို Pen/Barbey Freedom to Write Award ဆုချီးမြင့်ပွဲ အခမ်းအနားကို အင်္ဂါနေ့ညက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တပ်မတော်တို့က ဖုန်းကွယ်ဖို့ ကြိုးစားနေတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတဲ့အတွက် သူတို့ ၂ ဦးကို ဒီဆုချီးမြင့်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Pen American အဖွဲ့ရဲ့အကြီးအကဲ Suzanne Nossel က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး လက်ရှိမှာ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို နယူးယောက်အခြေစိုက် Pen American အဖွဲ့ကချီးမြင့်တဲ့ Barbey Freedom to Write ဆုချီးမြင့်ပွဲကို မေလ ၂၂ ရက်၊ အင်္ဂါနေ့ညက ကျင်းပခဲ့တာပါ။

အခမ်းအနားမှာ ကိုဝလုံးကိုယ်စား ညီဖြစ်သူ ကိုသူရအောင်နဲ့ ကိုကျော်စိုးဦးကိုယ်စား ဇနီးဖြစ်သူ မချစ်စုဝင်းတို့က ဆုလက်ခံ ရယူခဲ့ကြပါတယ်။

သူတို့အဖွဲ့အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဘာကြောင့် ဒီဆုပေးဖို့ ရွေးချယ်ခဲ့ ရတယ်ဆိုတာကိုတော့ Pen American အဖွဲ့ရဲ့အကြီးအကဲ Suzanne Nossel က အခုလို ရှင်းပြပါတယ်။

“မြန်မာအစိုးရနဲ့ စစ်တပ်တို့က အစွမ်းကုန်ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ သတင်းအမှန်ကို သတ္တိရှိစွာ ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတဲ့အတွက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီဆုချီးမြင့်ဖို့ ကျမတို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ အစိုးက အပြင်ကို မထွက်စေချင်တဲ့ အမှန်တရားတွေပါ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က ဒီဖြစ်စဉ်အတွက် ရှုဒေါင့်စုံကနေ တင်ပြပေးခဲ့ကြတာ ဖြစ်ပါတယ်။”

ခင်ပွန်းဖြစ်သူကိုယ်စား ဆုကိုလက်ခံရယူခဲ့တဲ့ ကိုကျော်စိုးဦးရဲ့ဇနီး မချစ်စုဝင်းကလည်း တနေ့မှာ အမှန်တရား ပေါ်ထွက်လာမယ်လို့ ယုံကြည်ကြောင်း အခမ်းအနားအပြီးမှာ အခုလို ပြောပြခဲ့ပါတယ်။

“ ကိုယ်ကတော့ အမှန်တရားဆိုတာ တနေ့ကျတော့ ပေါ်လာမှာပဲ။ ကိုယ်ကအဲလိုမျိုးထင်တယ်ပေါ့နော်သူ့ကို သတ်သတ်လုပ်ကြံတာ။ သူတို့တရားရုံးကမှာ တရားလိုဘက်က ပြောတာနဲ့ သူတို့ပြောတာနဲ့ မတူဘူးပေါ့နော် သူတို့ သက်သက်လုပ်ကြံတာပဲလို့ထင်တယ်။

ကျမကတော့ သူတို့အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ လွှတ်မယ်လို့လည်ယုံကြည်ထားတယ် ပြီးတော့ ဒီဆုတက်ယူလို့ပျော်တယ်ဆိုတာကလည်း သူ့ကိုယ်စား ဆုတက်ယူခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဝမ်းနည်းတယ်ဆိုတာလည်း သူနဲ့အတူ တက်ခွင့်မရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းပါဘူး။ ”

ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်ကတော့ အမေရိကန်မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားကို ကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဆုပေးပွဲအခမ်းအနားမှာ တင်ပြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အကြောင်း မှတ်တမ်း ရုပ်ရှင်ထဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ခင်ပွန်းသည် အဖမ်းခံရတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတချို့ကို အခုလို ပြောပြခဲ့ပါတယ်။

“ဒီဇင်ဘာ ၁၂ ရက်နေ့ညကပေါ့နော် အဲဒီမှာတော့ ပျောက်သွားတယ်ဆိုတာတော့သိလိုက်တယ်။ ဘယ်လိုအနေအထားမျိုးနဲ့ ပျောက်သွားတာလဲ၊ ဘာကြောင့်လဲ ဆိုတာ ကိုယ်က လုံးဝမသိခဲ့ဘူး။ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိနေတာ ကိုယ့်ကိုကိုယ် ကိုယ်ဝန်ရှိမှန်းတောင်မသိခဲ့ဘူး ။ ဆရာဝန်နဲ့ သွားပြတယ်ဆိုရင် လူတိုင်းက ကိုယ့်ယောင်္ကျားနဲ့ သွားပြကြတာလေ ကိုယ်ကတော့ တယောက်တည်းပေါ့။”

ကာယကံရှင် ကိုဝလုံးကလည်း ဖမ်းဆီးခံရမှုအပေါ် သူ့ရဲ့သဘောထားကို အမှုရင်ဆိုင်နေတဲ့ တရားရုံးပြင်ပမှာ အစောပိုင်းက အခုလို ပြောကြားခဲ့ဘူးပါတယ်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်စိတ်လှုပ်ရှားမှု သိပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့စပြီးတော့ ဘာမှမသိတဲ့လူအုပ်ကနေ ကျနော်တို့အနောက်ကို ဆွဲချုပ်ဖမ်းဆီးတာက ဘယ်နေရာမှာ ကျနော်တို့အသတ်ခံရမယ်ဆိုတာက ကျနော်တို့ စိတ်ပူခဲ့တဲ့အနေအထားရှိခဲ့တယ်။ ဒီနေရာမှာ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်မစိုးရိမ်ပါဘူး။”

ကိုဝလုံးနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ကိုကျော်စိုးဦးကလည်း အမှန်တရားကို ဖော်ထုတ်သူတွေ ဖမ်းဆီး ထိန်းသိမ်းခံနေကြရတဲ့အကြောင်း တရားရုံးပြင်ပမှာဘဲ အခုလို ပြောကြားခဲ့ပါတယ်။

“ အမှန်တရားတွေကို ဖော်ထုတ်တဲ့လူတွေက အကျဉ်းထောင်ထဲမှာ နေနေရတယ်ဆိုတာကလည်း သတင်းမီဒီယာတွေကို ဖိနှိပ်နေတဲ့ အစိုးရတရပ် မြန်မာနိုင်ငံမှာ ရှိနေသေးတယ်ဆိုတာကို ကျနော့်သမီးလေးသိအောင် မှတ်တမ်းတင်ထားပေးပါခင်ဗျ။ ကျနော်အဲဒါပဲပြောချင်တယ်။”

အခမ်းအနားအစမှာ အဖွင့်အမှာစကားပြောကြားခဲ့တဲ့ ကမ္ဘာကျော် စာရေးဆရာကြီး Stephen King ကလည်း ဒီဆုဟာ အင်မတန် ကောင်းမွန်တဲ့ ဆုတဆုဖြစ်ကြောင်းနဲ့ သတင်းမီဒီယာတွေအတွက် ကာကွယ်ရပ်တည်ပေးနေတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နဲ့ စာရေးဆရာ စုစုပေါင်း ၄၂ ယောက်ထဲမှာ ဒီ Pen/Barbey Freedom to Write ဆု ချီးမြင့်ခံရသူ ၃၈ ဦး လွတ်မြောက်ခဲ့ပြီး ဖြစ်တယ်လို့ Pen American အဖွဲ့ရဲ့ အကြီးအကဲ Suzanne Nossel က ပြောပါတယ်။ ဒါ့အပြင် ဆုပေးပွဲ အခမ်းအနားမှာ တက်ရောက် အမှာစကားပြောခဲ့ကြသူတွေက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို မြန်မာအစိုးရက ပြန်လွတ်ပေးဖို့နဲ့ ဖမ်းဆီး ခံထားရတဲ့ သတင်းထောက်တွေ၊ အမှန်တရားအတွက် ရပ်တည်သူတွေကို ပြန်လွတ်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး အကျဉ်းကျနေတာ အခုဆိုရင် ၁၆၃ ရက် ရှိခဲ့ပါပြီ။

သူတို့ ၂ ဦးရဲ့ အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ အပတ်စဉ် ရုံးထုတ်စစ်ဆေးနေတာမှာ မနေ့ အင်္ဂါနေ့ကတော့ တရားလိုပြ သက်သေတွေကို ထပ်မံ စစ်ဆေးခဲ့ပါတယ်။

Pen Amercian သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့က အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့ သတင်းထောက်တွေနဲ့ စာရေး ဆရာတွေကို နှစ်စဉ် ဆုတွေအသီးသီး ချီးမြင့်နေတာမှာ မြန်မာနိုင်ငံက စာရေးဆရာနဲ့ စာနယ်ဇင်းသမားတွေလည်း ကဏ္ဍအသီးသီး အတွက် ဆုတွေ လက်ခံရရှိခဲ့ကြဘူးပြီး ၁၉၉၆ ခုနှစ်က စာရေးဆရာမ မသီတာ၊ ၂၀၀၂ ခုနှစ်မှာ စာနယ်ဇင်းသမား တဦးဖြစ်တဲ့ ကဗျာဆရာ ဖျာပုံ နီလုံဦး၊ ၂၀၁၀ ခုနှစ်မှာ ဘလော့ဂါ စာရေးဆရာ ကိုနေဘုန်းလတ်နဲ့ အခု ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG