သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်အမှု တရားလိုပြအထောက်အထား တရားရုံးလက်ခံ


နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက်တွေရဲ့ အမှုမှာ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေ အဖြစ်တင်ပြတဲ့ အထောက်အထား ၂၃ခုကို တရားရုံးက လက်ခံလိုက်ပါတယ်။ သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေကနေ တကယ်ရယူခဲ့ တယ် လို့ဆိုပေမယ့် တချို့အချက်တွေဖုန်းထဲဘယ်လိုရောက်နေတာကို ဖုန်းပိုင်ရှင်သတင်းထောက် တွေကိုယ်တိုင် မသိတာတွေရှိတယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ကဆိုထားပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက်မေခကပေးပို့ထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပေဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးမှာ ၂၀ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေ ဖြစ်တဲ့ နေပြည်တော်နည်းပညာဌာန ရဲမှုခင်းတပ်ဖွဲ့က ရဲမှူးအောင်ကျော်ဆန်းကို သက်သေ အဖြစ်သိမ်းဆည်းခဲ့တဲ့ ရိုက်တာသတင်းထောက်တွေရဲ့ ဖုန်းကို ရုံးရှေ့ဖွင့်ကာ သက်သေတွေကို မူရင်းနဲ့တကွ တိုက်စစ်ဆေးပြသခဲ့တာပါ။ စစ်ဆေးတဲ့အခါမှာ ကိုဝလုံးနဲ့ကိုကျော်စိုးတို့ဆီက သိမ်းဆည်း ထားတဲ့ ဖုန်းတွေထဲကနေ စစ်ဆေးတွေ့ရှိ တဲ့အကြောင်း အရာ၂၃ ချက်ကို တရားခွင် မှာထွက်ဆိုပြီး သက်သေ တင်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုတင်ပြလာတဲ့ စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတကာ အင်တာပိုမှာ သက်သေယူခဲ့တဲ့ အတိုင်း တိကျစွာသက်သေယူပြီး လုပ်ဆောင်ခဲ့တာဖြစ်တဲ့ အပြင် အင်္ဂလန်နိုင်ငံက တရားဝင် ထုတ်ပြန်ထားပြီး တရားဝင်လိုင်စင်ရယူထားတဲ့ စစ်ဆေးရေးဆိုင်ရာ ကျွမ်းကျင် စစ်ဆေးတဲ့ ဆောဝဲလ်အကူအညီယူကာ အီလက် ထရောနစ်မှတ်တမ်းအနေနဲ့ မှတ်တမ်းသွင်းယူထားတာဖြစ်တာကြောင့် လက်ခံဖို့ တရားလိုဘက်ကတင်ပြလာတာကို တရားသူကြီးဘက်က သက်သေခံဥပဒေ ပုဒ်မ ၆၂၊ ရှင်းလင်းချက် ၂အရ လက်ခံကြောင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဲဒီ အချက်အလက် တွေက အခု ၂၃ ခုရှိပြီး သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေကနေ တကယ်ရယူခဲ့ တယ် လို့ဆိုပေမယ့် တချို့အချက် တွေဖုန်းထဲ ဘယ်လိုရောက်နေတာကို ဖုန်းပိုင်ရှင်သတင်းထောက် တွေကိုယ်တိုင် မသိတာတွေရှိတယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေကိုသန်းဇော်အောင်က ဆိုပါ တယ်။

"အဓိကကတော့ ပထမသတင်းပေးတိုင်ချက်မှာဒီနေ့တင်တာတွေမပါဘူး။ စာရွက်စာတမ်းတွေ သူတို့ဖုန်းထဲရောက်လို့ရောက်မှန်းမသိဘူး။ ဒီနေ့ရုံးမှာ အမှုစစ် နေရင်းဘဲ ဖုန်းဖွင့်လိုက်တာနဲ့တခြားမက်စေ့တွေဝင်လာတာတွေ့တယ်။ ဒါစိုးရိမ်စရာအခြေအနေပေါ့ ဖမ်းပြီးတော့ စွပ်စွဲခံရသူလက်ထဲက လွတ်သွားချိန် လက် ထဲမရှိချိန် ဘာမဆိုစဉ်းစားလို့ရနိုင်တယ်။ အဲတွက်ကျနော်တို့စိုးရိမ်ဖွယ်ရှိပါတယ်"

ဒီနေ့စစ်ဆေးတွေ့ရှိတာတွေနဲ့ပတ်သတ်လို့ ရိုက်တာသတင်းသမား ကိုဝလုံးကတော့

"ကျနော်တို့ဖုန်းထဲမှာရှိတာတွေကို အပြစ်တခုဖြစ်အောင်လုပ်ပြီးဒီနေ့တင်လာတယ်ပေါ့လေ။ ကျနော်တို့သတင်းသမားတွေက သတင်းသမားအလုပ်သတင်း သမားလုပ်တာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် လျို့ဝှက်ပုံစံမျိုးနဲ့ တရားရုံးကိုတင်လာတယ်။ ပြောချင်တာက အစိုးရက အစိုးရထုတ်ပြန်မယ့် သတင်းအချက်အလက် တွေကို ဘယ်သတင်းအချက်အလက်ကိုမှ မထိနဲ့။ ဒါကမင်းတို့လျို့ဝှက်အက်နဲ့ ညှိုတယ်ဆိုတာမျိုးနောက်သတင်းမယူရဲအောင် မက်စေ့ပေးချင်တဲ့ သဘောမျိုး နဲ့ လုပ်လာတယ်ဆိုပြီး နားလည်တယ်။ ကျနော့်အနေနဲ့ကတော့ဒီကိစ္စကို အပြည့်အဝခုခံသွားမယ်။ ဒီစာရွက်စာတမ်းတွေက ကျနော်တို့ကိုယ်တိုင်ဖန်တီးတာ မဟုတ်ဘူး။ မက်ဆင်ဂျာတွေထဲမှာ ရတဲ့ဟာတွေ ကျနော်တို့ကိုယ်တိုင်တောင်မသိဘဲ ရနေတာတွေရှိတယ်"

ကိုကျော်စိုးဦး(ခ) ကိုမိုးအောင်ကတော့

"ကျနော်တို့ဖုန်းထဲက ရတယ်ဆိုပြီးတော့ စာရွက်စာတမ်းတွေကိုတင်တာတွေ့ရပါတယ်။ တွေ့တဲ့စာရွက်စာတမ်းအများစုကတော့ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာစာရွက်စာတမ်းတွေ၊ နောက်မောင်တောမှာ စိတ်ကြွဆေး WY ဖမ်းမိတာတွေ အဲဒါတွေကို လ ျှို့ဝှက်ပုံစံမျိုးဖြစ်အောင် တင်လာတာတွေကို တွေ့ ရပါတယ်"

အချက်အလက်တွေထဲမှာ ဒုသမ္မတ ဦးမြင့်ဆွေ ရခိုင်ပြည်နယ် သွားရောက်တာတွေ ပုပ်ရဟန်း မင်းကြီး မြန်မာနိုင်ငံ လာရောက်တဲ့ အခါ လုံခြုံရေး ချမှတ် ထားတဲ့ ပြည်သူကိုတရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပါသလို လုံခြုံရေးအဆင့်သတ်မှတ်ထားပြီးဖြစ်တဲ့ အချက်အလက်တွေလည်း ပါဝင် ပါတယ်။ လုံခြုံရေးအဆင့်သတ်မှတ်ထားပြီး ဖြစ်တဲ့ အချက်အလက်စာရွက်တွေကတော့ ရခိုင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးဖမ်း ဆီးထားမှုတွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ မာန်အောင်ကျွန်းခရီးသွားလုပ်ငန်းအပေါ် ဝန်ကြီးဌာန ၅ခုက ပြည်ထောင်စုအစိုးရဆီ သဘောထားမှတ်ချက်ထုတ်ပြန် ထားတာတွေ၊ ရခိုင်ပြည်နယ် အစိုးရဘက်က ရမ်းဗြဲ မြို့နယ်ထွေအုပ်ဆီကိုပို့တဲ့ လမ်းညွှန်မှာကြားချက်ကို လိုက်နာဖို့ ထုတ်ပြန်ထားတာတွေ၊ အလုပ်သမားလူဝင်မှုကြီး ကြပ် ရေးဝန်ကြီးဌာနက ရခိုင် ကျောက်နီမော်ရှိ မွတ်စလင်ကျေးရွာ အုပ်ချုပ်ရေးမှုးဆီ ပေးပို့ထားတဲ့ လမ်းညွှန်မှာကြားချက်တွေ၊ ရခိုင်ပြည်နယ် မောင်တော အုပ်ချုပ်ရေး မှုးတွေဆီ ပေးပို့ထားတဲ့ လုံခြုံရေးဆိုင်ရာထူးခြားဖြစ်စဉ် အခြေအနေတင်ပြဖို့ အစိုးရက လမ်းညွှန်မှာကြားချက်စာရွက်တွေစတာတွေ ပါဝင်တာကို တရားလို ဘက်က တင် ပြလာခဲ့တာဖြစ်ပါတယ်။

အဲဒီ အချက်အလက် တွေက အခု ၂၃ ခုရှိပြီး ကိုဝလုံးဖုန်းထဲက အချက် အလက် ၂ခု၊ ကိုကျော်စိုးဦးဖုန်းထဲက အချက်အလက် ၂၁ခုတွေ့ခဲ့တာဖြစ်ပြီး ကိုကျော်စိုးဦးဆီကတွေ့တဲ့ အချက်အလက် ထဲမှာ အချက်အလက်၂ခုက မူရင်းတရားရုံးမှာတင်ပြထားတဲ့ အချက်အလက်အချို့ကို ဖုန်းထဲမှာ ရှာဖွေ တာမှာ မတွေ့ခဲ့တာရှိခဲ့ပါတယ်။ ဒါကိုတော့ ဖုန်းထဲကနေ ထုတ်ယူလို့မရလို့ တရားရုံးဘက်က လက်မခံဘဲပယ်ခဲ့တာကြောင့် အခု ၂၃ခုဘဲလက်ခံတာပါ။ ပယ်လိုက် တဲ့အချက်ထဲမှာ ရခိုင်ပြည်နယ် မောင်တောအုပ်ချုပ်ရေး မှုးတွေဆီ ပေးပို့ထားတဲ့ လုံခြုံရေးဆိုင်ရာထူးခြားဖြစ်စဉ် အခြေအနေတင်ပြဖို့ အစိုးရက လမ်းညွှန်မှာကြားချက်စာရွက်ဖြစ်ပါတယ်။

ဒီကနေ့စစ်ဆေးမှုနဲ့တရားရုံးဆုံးဖြတ်တာနဲ့ ပတ်သတ်လို့ ရိုက်တာသတင်းသမားတွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့ အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

"ဖုန်းကိုဖွင့်ပြီးတော့ ဖုန်းထဲကစာရွက်စာတမ်းနဲ့ အပြင်မှာထုတ်ပြီးတင်ထားတာကို တိုက်ပြတယ်။ အဲဒါကိုသက်သေခံလုပ်မယ်ဆိုတော့ ကျနော်တို့ ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်းတွေကို ဘယ်သူကဘယ်သူ့ဆီမှာ ဘယ်လိုထိန်းတယ်ဆိုတဲ့ ဒီဖုန်းတွေထိန်းထားတယ်ဆိုတဲ့ အချက် မပါဘူး။ မပါလို့ ကန့်ကွက်တယ်။ ကန့်ကွက်ပေမယ့်လို့ ဒါပေမယ့် တင်လာတဲ့ ထုတ်ယူခြင်းစာရွက်တွေကို ရုံးကနေသက်သေခံဥပဒေအရလက်ခံတယ်ဆိုပြီးလက်ခံ လိုက်တယ်။ ဥပဒေအရတော့ သက်သေခံအဖြစ်လက်ခံခြင်းနဲ့ သက်သေခံဝင်ခြင်းမတူလို့ စီရင်ထုံးရှိတော့ ဒီအတိုင်းလက်ခံလိုက်တယ်လို့ မြင်တယ်"

လာမယ့် တနင်္လာနေ့ မေ ၂၈မှာရုံးချိန်းထပ်မံခေါ်ယူထားပြီး အဲဒီနေ့မှာ ရဲတပ်ဖွဲ့က IT ကျွမ်းကျင်သူ ရဲအရာရှိ ရဲမှုး အောင်ကျော်ဆန်း ကိုရိုက်တာ ရှေ့နေတွေဘက်က မေးမြန်းမှာပါ။ လက်ရှိမှာ တရားလိုဘက်က တင်ထားတဲ့ လိုပြသက်သေ ၂၅ဦးမှာ ၂ဦးကိုတရားလိုက လိုပြသက်သေအဖြစ်တင်ထား တာကို ပယ်လိုက်ပါတယ်။ ဒါကြောင့် လိုပြသက်သေ ၂၃ဦးသာ စစ်ရမှာဖြစ်ပြီး လက်ရှိမှာ အယောက် ၂၀စစ်ပြီးပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG