သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ဦး လက်ကိုင်ဖုန်း တရားလိုပြအထောက်အထား စစ်မှန်မှု မေးခွန်းထုတ်ခံရ


ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦးရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ တွေ့ရတဲ့ ပေးပို့စာတွေဟာ လုပ်ကြံပြီး ထည့်သွင်းတာတွေ ဖြစ်နိုင်တယ် လို့ တရားခံတွေ့ရဲ့ ရှေ့နေက ပြောပါတယ်။ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ အင်္ဂါနေ့က သူတို့ကို ၂၂ ကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ဖုန်းထဲက အချက်အလက်တွေနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေရဲ့ တင်သွင်းချက်တွေကို အိုင်တီပညာရှင်တွေနဲ့ ထပ်ပြီးတော့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မနှစ်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖေါက်မှုအတွက် သံသယရှိမှုနဲ့ အဖမ်းခံခဲ့ကြရတာ ဖြစ်ပြီး သူတို့ရဲ့ ဖုန်းတွေ အသိမ်းခံခဲ့ရပြီးတဲ့နောက်မှာမှာ အနည်းဆုံး ဖုန်းတလုံးထဲကို WhatsApp နဲ့ မက်ဆေ့ချ် ဝင်လာခဲ့တာ ဖြစ်တဲ့အတွက် ရဲဘက်ကသက်သေ အထောက်အထား အဖြစ် တင်သွင်းတဲ့ မက်ဆေ့ချ်ဟာ လုပ်ကြံ ထည့်သွင်းထားတာ ဖြစ်နိုင်တယ်လို့ သူတို့ရဲ့ ရှေ့နေတဦးက မေလ ၂၉ ရက်နေ့ကပြောပါတယ်။

တရားလိုပြသက်သေ ရဲမှူးအောင်ကျော်ဆန်းက သူနဲ့ တခြားရဲတယောက်တို့ဟာ သိမ်းဆည်းရမိတဲ့ ရိုက်တားစ် သတင်းထောက် ၂ ဦးရဲ့ ဖုန်းတွေကို စစ်ဆေးခဲ့ကြောင်းနဲ့ WhatsApp နဲ့ စာအပေးအယူလုပ်တာကို သူမသိခဲ့ဘူးလို့ ရုံးတော်မှာ ထွက်ဆိုခဲ့သလို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စုံစမ်းရေးမှုးတွေဆီ ဒီဖုန်းတွေကို သူတို့ ပို့မပေးခင်က ကြားမှာ ဘယ်သူသုံးခဲ့တယ်ဆိုတာလည်း မသိဘူးလို့ပါ ထွက်ဆိုခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ရှေ့နေ နောက်တဦးဖြစ်တဲ့ ဦးသန်းဇော်အောင်ကတော့ ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီ ၁၀ မိနစ်လောက်မှာ အဖမ်းခံခဲ့ရတဲ့ ကိုဝလုံးရဲ့ ဖုန်းကို ရဲတွေ သိမ်းသွားပြီး ခဏအကြာ ၁၀ နာရီလောက်မှာ ပြည်တွင်းက ရိုက်တားစ် သတင်းဌာနအကြီးအကဲရဲ့ အမေးကို OK လို့ ပြန်ဖြေထားတဲ့ မက်ဆေ့ချ် WhatsApp နဲ့ပို့တာ ဖြစ်ကြောင်း ပြောပါတယ်။

Reuters သတင်းထောက် ၂ ဦးရဲ့ရှေ့နေနောက်တဦးဖြစ်တဲ့ ဦးခင်မောင်ဇော်ကတော့ ဖုန်း ထဲမှာတွေ့ရတယ် ဆိုတဲ့ ပေးပို့စာတွေဟာ တခုခု လုပ်ကြံပြီး ထည့်သွင်းထားတာ ဖြစ်နိုင်တယ်လို့ အင်္ဂါနေ့တရားခွင်က အထွက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဖုံးထဲမှာ တွေ့ရတယ်လို့ ပြောတဲ့ ဒီပေးပို့စာ အချက်အလက်တွေ အားလုံးဟာ နဂိုအစစ်အမှန်တွေ မဖြစ်နိုင်သလို ရှိရင်းစွဲ အချက်အလက်တွေ မဟုတ်နိုင်ဘူး"လို့ ပြောသွားတာပါ။

ဒီအမှုအတွက် အစိုးရရှေ့နေအဖြစ် ဦးဆောင်သူ ဦးကျော်မင်းအောင် ကတော့ မှတ်ချက်ပေး ဖြေကြားဖို့ ငြင်းဆိုပါတယ်။

တချို့အချက်အလက်တွေဟာ ဖေ့စ်ဘုတ် မက်ဆင်ဂျာ App ကနေ ရတာဖြစ်ကြောင်းနဲ့ ဆိုလိုတာက ဒီအချက်အလက်တွေကို ဘယ်သူမဆို ပို့လို့ရတယ် ဆိုတာ သိသာနေသလို အဖမ်းခံနေရတဲ့ သတင်းထောက် ၂ ဦး ကိုယ်တိုင် ဒီအချက်အလက်တွေကို ကြည့်မိသလား မကြည့်မိဘူးလား ဆိုတာတောင် သေသေချာချာ မသဲကွဲဘူးလို့ တရားခံတွေရဲ့ ရှေ့နေတွေကပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အဖမ်းမခံရခင်အချိန်က မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ ကိစ္စအတွက် သတင်းရယူဖို့ စုံစမ်းနေကြတာ ဖြစ်ပါတယ်။

ကိုကျော်စိုးဦးကတော့ အင်္ဂါနေ့ တရားရုံးစစ်ဆေးမှုမှာ သူတို့ရဲ့ ဖုံးတွေထဲက သူတို့ကိုယ်တိုင်တောင် မသိတဲ့ အချက်လက်တွေကို မေးခဲ့တာ ဖြစ်ပြီး ဒါဟာ သူတို့တင်မက ကျန်သတင်းသမားတွေကိုပါ ခြိမ်းခြောက်တဲ့ သဘောလို့ ယူဆကြောင်း တရားခွင်ကနေ ထွက်လာချိန်မှာ ပြောပါတယ်။

"ကျနော်တို့ဖုန်းထဲမှာ ကျနော်တို့ကိုယ်တိုင်မသိသေးတဲ့အချက်အလက်တွေကို သူတို့ထွက်ဆိုသွားတာ တွေ့ရပါတယ်။ တနည်းအားဖြင့် ကျနော်တို့ကို ပုဒ်မတွေနဲ့ မငြိငြိအောင်လုပ်နေတဲ့သဘောပါပဲ။ ပြီးတော့ သတင်းမီဒီယာသမားတွေကိုလည်း ဒီလိုသတင်းမျိုးကိုလိုက်တယ်ဆိုရင် မင်းတို့တွေလည်း လျို့ဝှက်အက်ပဲဆိုတဲ့ ခြိမ်းခြောက်တဲ့ပုံပါပဲ သူတို့ထွက်ဆိုသွားတာက။"

သူတို့အမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့တရားခွင်မှာ အိုင်တီပညာရှင်တွေနဲ့ ထပ်ပြီးတော့ စစ်ဆေးတဲ့ အနေအထားဟာ အဓိပ္ပါယ် မရှိပဲ သူတို့ကို ထောင်ချချင်တဲ့ သဘောသက်သက်ဖြစ်ကြောင်း တွေ့ရတယ်လို့ ကိုဝလုံးက ပြောပါတယ်။

"အိုင်တီပညာရှင်တွေနဲ့ ထပ်ပြီးတော့ ဒီကနေ့ စစ်ဆေးတဲ့အနေအထားမှာ ဒါတွေကို လျို့ဝှက်ချက် ချိုးဖောက်တယ်ဆိုတာမျိုးနဲ့ တင်လာတာက တော်တေ်ာကို အဓိပ္ပါယ်မရှိဘူး။ အထူးသဖြင့် Facebook Messenger တို့ ဆိုတာကလည်း ဘယ်ကနေပဲ ဘယ်လိုပဲပို့ပို့ Download ဆွဲစရာမလိုပဲနဲ့ ရလာတာပဲ။ ဒါတွေကို လျို့ဝှက်ချက်ချိုးဖောက်တယ်ဆိုတာမျိုးနဲ့ တင်လာတာက တော်တေ်ာကို အဓိပ္ပါယ်မရှိဘူး ကျနော်တို့ကို ထောင်ထဲမရောက်ရောက်အောင် လုပ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီနေ့ တရားရုံးမှာ လာထွက်တယ်လို့ ပြောချင်ပါတယ်။

အင်္ဂါနေ့ တရားရုံးစစ်ဆေးမှုကိုဒိန်းမတ်နိုင်ငံ၊ EU ဥရောပသမဂ္ဂနဲ့ တချို့နိုင်ငံတွေရဲ့ သံတမန်တွေလည်း တက်ရောက် လေ့လာခဲ့ကြ ပါတယ်။ သူတို့ ၂ ဦးရဲ့ အမှုအတွက် နောက်ရုံးချိန်းကတော့ ဇွန်လ ၄ ရက် လာမယ့် တနင်္လာနေ့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG