သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုကိုကြန့်ကြာအောင် အချိန်ဆွဲနေဟု ဖမ်းဆီးခံရိုက်တာသတင်းထောက်ယူဆ


ရိုက်တာသတင်းထောက်တွေကိုတရားရုံးတင်စစ်ဆေးနေတဲ့အမှုမှာအမှုကြန့်ကြာအောင်အချိန်ဆွဲနေတယ်လို့ဖမ်းဆီးခံရိုက်တာ သတင်းထောက်တွေက ပြောပါတယ်။အမှုမှာမမှန်သက်သေတင်ပြမှုတွေလည်းရှိနေတယ်လို့သူတို့က ပြောနေပါတယ်။ ရိုက်တာသတင်းထောက်တွေဒီကနေ့ရုံးထုတ်စစ်ဆေးတာကိုကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ဗွီအိုအေသတင်းထောက်မမေခကသတင်းပေးပို့ထားပါတယ်။

"မောင်တောဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့သတင်းသမားတွေဖော်ထုတ်နိုင်ဖို့ လုပ်တာအများကြီးပါ။ အစိုးရဘက် ကထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေ မင်းတို့မစုံစမ်းနဲ့မဖော်ထုတ်နဲ့ ငါတို့ထုတ်ပြန်ထားတဲ့ အတိုင်းဘဲရေးအဲလိုပုံစံမျိုးဖြစ်နေတယ်။"

"သူတို့ထွက်ဆိုတိုင်းက ကျနော်တို့ကတော့ သူတို့မဟုတ်တာထွက်ဆိုလေလေ အမှုအတွက် အားရလေလေလို့ ပြောရမှာပါ ဘဲ။"

ဒီကနေ့ ရုံးထုတ် စစ်ဆေးချက်တွေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရိုက်တာသတင်းသမားနှစ်ဦးက ဗွီအိုအေကို ပြောဆိုသွားတာပါ။

ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေ ရဲမှူး အောင်ကျော်ဆန်းကို စစ်ဆေးတာဖြစ်ပြီး သူ့ကိုစစ်ဆေးတာဟာလည်း ဒီကနေ့ရုံးချိန်း အပါအဝင်ဆိုရင် ရုံးချိန်း ၆ကြိမ်ရှိပြီဖြစ်ပါတယ်။ တရားခွင်အတွင်း စစ်ဆေးမေးမြန်းတော့လည်း ရဲမှုးအောင်ကျော်ဆန်းက ဝေ့ဝိုက်ပြောဆိုတယ်ဆိုပြီး တရားသူကြီးက အကြိမ်ကြိမ်သတိပေးတာတွေ့ရပါတယ်။

ဖမ်းဆီးခံ ရိုက်တာသတင်းသမားနှစ်ဦးလက်ထဲတွေ့တဲ့ အချို့အချက်အလက်တွေက အစိုးရဖက်ကသတင်းမီဒီယာကောင်စီကိုတရားဝင်ပေးပို့တဲ့စာတွေဖြစ်ပြီး ဒါတွေကိုလျှှို့ဝှက်စာတွေဆိုပြီးတရားရုံးကိုရဲ့ကတင်ပြထားပါတယ်။အဲဒါကြောင့်နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေကိုငြိစွန်းစေတယ် ဆိုတဲ့သဘောသက်သေတင်ပြလာတာတွေရှိပါတယ်။

ဒီနေ့တရားရုံးစစ်ဆေးမှုနဲ့ပတ်သက်လို့ ရိုက်တာသတင်းသမားတွေရဲ့ရှေ့နေကိုသန်းဇော်အောင်ကဗွီအိုအေကိုခုလို ပြောပါတယ်။

"ထိပ်တန်းလျို့ဝှက်ချက်လို့ စာရွက်စာတန်းတွေလို့ပြောတယ် တယ်လီဖုန်းထဲက ထုတ်လာတဲ့ စာရွက်စာတန်းတွေသည် အများပြည်သူသိရှိပြီးသား သတင်းစာတွေမှာပါပြီးကြောင်းကို ကျနော်တို့က ဂျာနယ်တွေ သတင်းစာတွေမှာ သက်သေခံသွင်းရင်းနဲ့ ပြနိုင်ခဲ့တယ်။ နောက်ပြီး အရေးကြီးတာတခုက ဝလုံးတို့ အဖမ်းခံရတဲ့အကြောင်းအရင်းဖြစ်တဲ့ Reuters သတင်းဌာနက ထုတ်တဲ့ အင်းဒင်လူသတ်မှု နဲ့ ပတ်သက်ပြီးတော့ သတင်းဆောင်းပါးကို ကျနော်တို့က ရုံးမှာ သက်သေခံအနေနဲ့ တင်နိုင်ခဲ့တယ်။"

ဖမ်းဆီးခံ ရိုက်တာသတင်းသမားတွေရဲ့ ဖုန်းထဲပါ အချက်အလက်တွေကို ရဲဘက်က တရားရုံးတင်ပြခဲ့တာမှာလည်း လိုသလို ဆွဲယူပြီး တင်ပြတာတွေရှိတယ်လို့ သတင်းထောက်တွေဖက်က ရှေ့နေကပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူး မိုးရန်နိုင်ကထွက်ဆိုခဲ့ရာမှာတော့ ကိုဝလုံးနဲ့ တွေ့ဆုံဖို့ အထက်အရာရှိကနေ ကိုနိုင်လင်းကို အမိန့်ပေးခဲ့တာ ဖြစ်ပြီး သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဖို့ လုပ်တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ တရားရုံး ထွက်ဆိုအပြီးမှာ ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲစည်းကမ်း ချိုးဖေါက်မှုနဲ့ ထောင်ဒဏ် တနှစ် ကျခံခဲ့ရပါတယ်။ ရိုက်တာသတင်း သမား ၂ ဦးရဲ့ အမှုအတွက် ထပ်မံစစ်ဆေးဖို့ ရဲမှုး တင်ဝင်းအောင်နဲ့ ရဲအုပ် မြင့်လွင်စတဲ့ တရားလိုပြသက်သေ ၂ဦးထပ်မံစစ်ဆေးဖို့လိုအပ် သေးတာကြောင့် သူတို့၂ဦးကိုစစ်ဆေးမှာ ဖြစ်ပါတယ်။

ရိုက်တာသတင်းသမားတွေကို လာမယ့် ဇွန် (၁၁ )ရက် မှာထပ်မံရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး အဲနေ့မှာ ရဲအုပ် မြင့်လွင်ကို စစ်ဆေးမှာ ဖြစ်တယ်လို့ သတင်းသမားတွေရှေ့နေ ကိုသန်းဇော်အောင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG