နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ဒီကနေ့ တရားရုံး ထုတ်ခဲ့ပါတယ်။ ရခိုင်ပဋိပက္ခ အရေး လျှို့ဝှက် အချက်အလက် စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲခံရတဲ့ သတင်းထောက်တွေကတော့ သူတို့ အနေနဲ့ ကျင့်ဝတ်နဲ့ အညီ သတင်းရေးသား ဖော်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ချေပ ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ပဋိပက္ခနဲ့ ဆိုင်တဲ့ မြန်မာ အစိုးရရဲ့ လျှို့ဝှက် အချက်အလက် စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီကနေ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ ဒီကနေ့ရုံးထုတ်တာဟာဆိုရင် ၃၂ ကြိမ်မြောက် ရုံးထုတ်ပါ။ တရားရုံးမှာ စစ်မေးခံရတဲ့ အခြေအနေကို တရားရုံးက အထွက်မှာ ရိုက်တာ သတင်းထောက် ကိုဝလုံးက အခုလို ပြောခဲ့ပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေချိုးဖောက်မှု ၊ လူသတ်မှု ဖြစ်တဲ့ကိစ္စတွေဖြစ်တဲ့အတွက် ကျနော်တို့က ရေးခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒီအခြေအနေမှာ ကျနော်တို့ စစ်ကျောရေးကာလတုန်းက စစ်ဆေးခဲ့တဲ့ စစ်ဆေးရေးအရာရှိတွေလိုမျိုးပဲ တရားလိုရှေ့နေဘက်ကလည်း မင်းတို့ ဒီသတင်းတွေကို ရေးခဲ့တယ်၊ မင်းတို့ လက်ထဲက ဒီလိုစာရွက်တွေ တွေ့ခဲ့တယ်ဆိုတာက မင်းတို့ အကျင့်တွေဖော်ပြနေတယ်ဆိုတာမျိုးတွေ မေးတယ်ပေါ့လေ။"
အင်းဒင်ရွာမှာ မူဆလင် ၁၀ ဦးကို အစုလိုက် သတ်ဖြတ်မှုကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ မြန်မာ့တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် တပ်တွင်း စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်သူ တချို့ကို အရေးယူခဲ့တာပါ။ မူဆလင် အများစု နေထိုင်ရာ ရခိုင် မြောက်ပိုင်း ပဋိပက္ခ အတွင်း မောင်တောမြို့နယ် အင်းဒင်ရွာမှာ မူဆလင် ရိုဟင်ဂျာ ၁၀ ဦး အစုလိုက် သတ်ဖြတ်ခံရမှုကို စုံစမ်းဖော်ထုတ်မှုဟာ သတင်းသမား ကျင့်ဝတ်နဲ့ ညီတယ်လို့ ဖမ်းဆီးခံ သတင်းထောက်တွေက ချေပနေတာပါ။
ဒါပေမယ့် စွပ်စွဲသူတို့ ဘက်ကတော့ နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြားမှုလို့ စွပ်စွဲတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံ သတင်းထောက် ကိုဝလုံးကတော့ အခုလို ပြောပါတယ်။
"ကျနော်တို့ကို အင်းဒင်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ သတင်းတွေကို မရေးစေချင်ဘူး မဖော်ပြစေချင်ဘူး ဆိုတာမျိုးတွေ အများကြီးခံစားရတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ကတော့ အဓိကဘာပြောချင်သလဲဆိုတော့ သတင်းသမားတယောက်က သတင်းသမားတာဝန်ကို ဆောင်ရွက်တာပေါ့နော် အထူးသဖြင့် ဒီလိုမျိုးတရားဥပဒေချိုးဖောက်တဲ့ ကိစ္စကိုသာ လစ်လျူရှုခဲ့မယ်ဆိုရင် ဒါကျနော်တို့ သတင်းသမားတာဝန် မကျေပွန်ရာရောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းကို သတင်းအတိုင်းရေး ခဲ့တာပေါ့။"
ရိုက်တာ သတင်းထောက် နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာ အခုဆိုရင် ၇ လရှိပြီ ဖြစ်ပါတယ်။ အခု သူတို့ကို စွဲဆိုထားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ အတိုင်း အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ ထောင်ဒဏ် ၁၄ နှစ်ထိ ပြစ်ဒဏ်ကျခံရနိုင်တာလည်း ဖြစ်ပါတယ်။