သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ပြန်လက်ခံရေး ဒေသခံတွေစိုးရိမ်ချက်


 မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် (MOI Webportal Myanmar)
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် (MOI Webportal Myanmar)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ပတ်သက်လို့ မျှတတဲ့ဆောင်ရွက်မှုတွေ ပေါ်လာအောင် ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်း ပေးစေလိုကြောင်း မောင်တောဒေသခံ မူဆလင်အသိုင်းဝိုင်းကပြောပါတယ်။ တချိန်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်ဝင်လာကြမယ့် ဒုက္ခသည်တွေနဲ့အတူ အကြမ်းဖက်သမားတွေ ပါလာမှာကို မောင်တောဒေသခံ ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်နေကြပါတယ်။ မောင်တော ဒေသကို Ms. Burgener ဒီကနေ့ သွားရောက်လေ့လာတဲ့ ခရီးစဉ်အတွင်း အခုလို ပြောဆိုကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

လတ်တလော မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၄ မနေ့တုန်းက စစ်တွေမြို့မှာ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို ကျောက်တော်မြို့နယ် နိဒင်ကျေးရွာက ပိတ်သိမ်းပြီးသား IDP စခန်းတွေကို သွားရောက်လေ့လာကာ ဒေသခံတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တနင်္လာ ဒီကနေ့မှာတော့ Ms. Burgener ဟာ မောင်တောမြို့ကိုသွားရောက်ပြီး အဲဒီမှာရှိတဲ့ နှစ်ဘက်လူမှုအသိုင်းအဝိုင်းကို ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံစဉ်မှာ သူတို့ရဲ့ မောင်တော ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ လွတ်လပ်စွာ တင်ပြခွင့်မရခဲ့ဘူးလို့ မောင်တောဒေသခံ မူဆလင် ဦးလှထွန်းက ပြောပါတယ်။

"အစိုးရက ကျနော်တို့ ရိုဟင်ဂျာထဲက ၁၀ ယောက်လောက်ကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ သူတို့ မှာထားတယ် ဘာမှ မပြောရဘူးဆိုပြီးတော့။ ဟိန္ဒူရော ရခိုင်ရောသွားတယ်။ စကားပြောတဲ့ အခါမှာ ဟိုအမျိုးသမီးက မေးတဲ့ဟာကို လူတွေက ဖြေတယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ လူတွေကိုကျတော့ ဘာမှမပြောနဲ့ ဆိုပြီးတော့ မှာထားတဲ့အခါကျတော့ ကျနော်တို့ ဘာမှမပြောလိုက်ဘူး။ အဲဒီတော့ တင်ပြတဲ့အထဲမှာ ရခိုင်တွေက ဘာပြောသလဲဆိုတော့ ကျနော်တို့ ရိုဟင်ဂျာတွေနဲ့အတူ .. သူတို့ကခေါ်တော့ ဘင်္ဂလီ.. ဒီလူတွေနဲ့အတူ မနေနိုင်ဘူးတဲ့။"

Ms.Christine Burgener ရဲ့အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်အတွင်း အောက်တိုဘာ ၁၂ ရက်နေ့ကနေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စတွေ၊ ရခိုင်ပြည်နယ် အကျပ်အတည်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက် နိုင်မယ့်ကိစ္စ တွေကို ဆွေးနွေးခဲ့တာပါ။

မောင်တောမြို့ခံ ရခိုင်လူမှုကူညီရေးအသင်းက ဦးစောဘဦးကြီးကတော့ တဘက်နိုင်ငံထွက်သွားသူတွေ ပြန်လည်လက်ခံရာမှာ အသေချာ စိစစ်ဖို့လိုကြောင်း မောင်တောမှာ လူနည်းစုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်ချက်ကို ပြောပါတယ်။

"သေချာစိစစ်ပြီး လက်ခံရင်တော့ ပိုကောင်းတာပေါ့။ ပြောမယ်ဆိုရင် အေးအေးဆေးဆေး နေချင်တာလည်း ပါမှာပေါ့ ဘင်္ဂလီထဲမှာ ၊ သူတို့လဲ နေချင်လို့လာကြတာပေါ့။ သူတို့တွေ သက်သေခံ အထောက်အထား သေချာမဟုတ်ပဲနဲ့ ဒီတိုင်း လက်ခံလိုက်မယ်ဆိုရင် အကြမ်းဖက်တဲ့လူတွေ ရောပြီးပါနိုင်တာပေါ့နော်။ ပြောမယ်ဆိုရင် တကယ့်တကယ်နေထိုင်ပြီး၊ နောက်ပြီးတော့ သက်ဆိုင်ရာ ကျေးရွာဥက္ကဋ္ဌတွေ၊ ပြီးတော့ သူတို့မှာလည်း သူတို့အသိုင်းအဝိုင်းတွေ ရှိကြတာပေါ့လေ။ သူတို့ရဲ့ ထောက်ခံချက်နဲ့ သေချာစိစစ်ပြီး လက်ခံမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ နို့မဟုတ်ရင် အကုန်လုံး ဒီအတိုင်းပဲ လာသမျှလူတွေကို ဒီအတိုင်း လက်ခံလိုက်ရင် နောက်ထပ် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာရင် ပိုဆိုးကုန်မှာပေါ့နော်။"

Ms.Christine Burgener နဲ့တိုက်ရိုက် တင်ပြခွင့်ရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်ဝင်လာမယ့် ဒုက္ခသည်အတွက် အာမခံရှိနိုင်မယ့် ကိစ္စတွေကို တောင်းဆိုချင်တယ်လို့ မောင်တောဒေသခံ ဦးလှထွန်းက ပြောပါတယ်။

"ကျနော်တို့က နိုင်ငံမဲ့ဘ၀ ပုံစံရောက်သွားတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတခုကို ဒီမြန်မာအစိုးရက မပေးချင်ဘူး။ ဒီမြန်မာနိုင်ငံမှာ ကျနော်တို့ပြဿနာကို ဖြေရှင်းလို့ရရင် ကျနော်တို့က ဒီမှာဖြေရှင်းတာကို လိုလားတယ်။ နောက်တချက်က နိုင်ငံသားကိစ္စကို အစိုးရအနေနဲ့ ဒီNVC ကိုကိုင်ပြီးမှ လျှောက်ထားပါ ဆိုတာမျိုးကို ကျနော်တို့က မလိုလားဘူး။ အဲဒါလည်း တရားမျှတတယ်လို့ မခံစားရဘူး ကျနော်တို့က။ နောက်တချက်က ကျနော်တို့ ဒီမှာ ပြဿနာဖြစ်သွားတဲ့အခါမှာ ကျနော်တို့ရဲ့ အိမ်တွေရော လုပ်စားစရာ လယ်မြေတွေရော၊ အကုန် ဆုံးရှုံးလိုက်ရတယ်ဆိုတော့ အဲဒါတွေကိုလည်း မှန်မှန်ကန်ကန် ကူညီဆောင်ရွက်ပေးပါလို့ ကျနော်တို့ အဲလို တောင်းဆိုပါတယ်။"

ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ Ms.Christine Burgener ဟာ မနေ့က ရခိုင်ဝန်ကြီးချုပ် ဦးညီပု၊ လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် ဝန်ကြီးတွေနဲ့ တွေ့ဆုံသလို၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နဲ့လည်း တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးတဲ့အကြောင်းရာ အသေးစိတ်ကို မသိရပါဘူး။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ တဘက်နိုင်ငံကို ထွက်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်ထဲက ၆,၀၀၀ ကို ပထမအသုပ်အဖြစ် မကြာခင်မှာ ပြန်ဝင်လာဖို့ ရှိပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံ ပယ်ချ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG