သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကနေဒါလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံ


ဝါရှင်တန်ဒီစီမှာကျင်းပခဲ့တဲ့ World Kachin Conference
ဝါရှင်တန်ဒီစီမှာကျင်းပခဲ့တဲ့ World Kachin Conference

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသမှာ စစ်ပွဲတွေ လျော့ကျရေးနဲ့ အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေဆီကို နိုင်ငံတကာ အကူအညီတွေ ပိုမိုရရှိစေရေး နည်းလမ်းရှာသွားဖို့ရည်ရွယ်ပြီး၊ ကနေဒါအခြေစိုက် ကချင်တိုင်းရင်းသားအစည်းအရုံးက ကနေဒါ-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့ တာဝန်ရှိသူတွေနဲ့ မနေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားတွေ ပြီးခဲ့တဲ့မေလထဲ ဝါရှင်တန်ဒီစီမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာကို အကောင်ထည်ဖေါ်တဲ့ အနေနဲ့ အခုလို ကနေဒါမှာဆွေးနွေးကြတာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကချင်ပြည်နယ်မှာ တကြော့ပြန် တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အရေးအတွက် နိုင်ငံပေါင်း ၂၀ ကျော်က ကချင်တိုင်းရင်းသားတွေ ပြီးခဲ့တဲ့မေလ(၁၉-၂၀) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ကချင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ နေထိုင်ရာနိုင်ငံက အစိုးရတွေကို ချည်းကပ်ပြီး တိုင်းရင်းသားဒေသက စစ်ပွဲတွေ လျော့ကျသွားအောင် မြန်မာအစိုးရကို တိုက်တွန်းပေးရေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နိုင်ငံတကာက အကူအညီတွေ ပိုပေး ကြဖို့ လှုံ့ဆော်သွားရေး ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေအတိုင်း ကနေဒါအခြေစိုက် Kachin Canadian Association (KCA) ကချင်တိုင်းရင်းသားအစည်းအရုံးက ကနေဒါ-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့ Canada-Myanmar Parliamentary Friendship Group ဥက္ကဌလည်းဖြစ် ကနေဒါလွှတ်တော် ဒုဥက္ကဌ လည်းဖြစ်တဲ့ Mr. Bruce Stanton တို့အဖွဲ့နဲ့ Ottawa မြို့မှာ ဇူလိုင်(၂၄)မှာ တွေ့ဆုံပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ပွဲတွေဆက်ရှိနေတာကြောင့် စစ်ပွဲလျော့ကျရေးနဲ့ စစ်ဘေးရှောင် ဒုက္ခသည်အရေး အလေးထား ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲမှာကိုယ်တိုင်ပါဝင်ခဲ့သူ KCA အဖွဲ့ပြောခွင့်ရ မပရီလွန်း Pri Lum ကပြောပါတယ်။

“ အဓိကအချက်ကတော့ စစ်ပွဲတွေက နှစ်တွေကြာလာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၊ ဒီစစ်ပွဲထဲမှာ ပိတ်မိနေတဲ ပြည်သူလူထုပေါ့နော် .. ပြည်သူလူထု ဆိုတဲ့နေရာမှာ အများစုကတော့ ကချင်ဖြစ်တယ်ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ အသက်စည်းစိမ်လုံခြုံရေး… အထူးသဖြင့်ကတော့ စစ်ပွဲဒေသမှာ ကလေးတွေရဲ့ရှေ့ရေး လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး အဓိကပေါ့နော်။ အဲဒီဟာတွေရယ် အမျိုးသမီးတွေရဲ့ လုံခြုံရေး မိသားအရေး အားလုံးအတွက်ကို ကနေဒါအစိုးရ အနေနဲ့ ဘယ်လိုပါဝင်နိုင်မယ့် လမ်းမျိုးရှိသလဲဆိုတာ အဖြေရှာဖို့ပေါ့နော်။ ဒါကိုဆွေးနွေး ခဲ့တာပါ။ ”

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပြီး စစ်ကြောင့် တိမ်းရှောင်နေရတဲ့ နေရပ်စွန့်ခွာဒုက္ခသည် IDP တွေရဲ့လိုအပ်ချက်ကလည်း တိုးလာနေတာကြောင့် ကနေဒါအပါဝင် နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ KCA အဖွဲ့ အတွင်းရေးမှူး ကိုဂျွန်လာဆန်းက တိုက်တွန်းပါတယ်။

“ ဒီ ကနေဒါအစိုးရကနေပြီးတော့ သူတို့ ကူညီတဲ့အပိုင်းတွေ ရှိတယ်လေ၊ ကနေဒါအစိုးရရဲ့ ပံ့ပိုးကူညီမှုတွေကို ကျနော်တို့ ကျေးဇူးတယ်တယ် ပြီးတော့ စစ်ပွဲတွေ ကြာလာတာနဲ့အမျှ ဒီဒုက္ခသည်တွေကလည်း ပိုပြီးလိုအပ်လာတယ်။ ပြီးတော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုကလည်း တဖြည်းဖြည်း လျော့နည်းလာတယ်ပေါ့နော့ ။ ဟိုဟာပေါ့ ကျနော်တို့ ဒီကနေဒါအစိုးရအနေနဲ့ သူတို့ရဲ့ ကူညီမှုတွေက တကယ်လိုအပ်နေတဲ့ လူတွေဆီကို ရောက်ဖို့အတွက် ကျနော်တို့က တိုက်တွန်းချင်တာပေါ့နော့။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ IDP တွေကို ပိုပြီးတော့ ပံ့ပိုးကူညီ စေချင်တာပေါ့။ ”

NLD အစိုးရလက်ထက်မှာ အပစ်ရပ်ငြိမ်းချမ်းရေးရဖို့ ကြိုးစားလုပ်ဆောင်နေတယ်ဆိုပေမယ့် အားမလိုအားမရဖြစ်စရာတွေ ဆက်ရှိနေသေး တယ်လို့ မပရီလွန်းက သုံးသပ်ပါတယ်။

“ ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်ပြီးတော့မှ အိမ်နီးချင်းနိုင်ငံတွေလိုပဲ ကျမတို့နိုင်ငံ ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျမတို့ တောင်းဆိုချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီနိုင်ငံသားတွေရဲ့ လုံခြုံရေးဟာ အစိုးရပေါ်မှာ အများကြီးတာဝန်ရှိပါတယ်။ အဲဒီတော့ အာဏာရ အစိုးရအနေနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို မခွဲခြားပဲနဲ့ အကူညီတွေ လိုအပ်နေတဲ့သူတွေဆီ ရောက်လာအောင် အစိုးရက စွမ်းဆောင်ပေးဖို့ ကျမတို့က တောင်းဆိုချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးကို ကြီးကြပ်ခဲ့သူတွေအဖြစ် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိကြီး ၇ ဦးကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဇွန်လတုန်းက EU နဲ့ ကနေဒါ နိုင်ငံတွေက ကြေညာခဲ့ပါတယ်။ ဒါကို အမေရိကန်ကလည်း ထောက်ခံကြောင်းပြောဆိုပြီး ကချင်နဲ့ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအပေါ် အရေးယူနိုင်အောင်လည်း မဟာမိတ်တွေနဲ့ လက်တွဲကြိုးပမ်း နေကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener ကလည်း လာမယ့် စက်တင်ဘာ သူ မြန်မာနိုင်ငံကိုသွားတဲ့အခါ ကချင်ဒေသ အခြေအနေကို သွားရောက်လေ့လာမယ်လို့ ဇူလိုင်(၂၃)ရက် နယူးယောက်မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG