သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းဒဏ် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အများဆုံးခံရ


မြေမြှုပ်မိုင်းဒဏ်ခံထားရသူ ကရင်ဒုက္ခသည် ပကို (ဇွန် ၂၉၊ ၂၀၁၀)
မြေမြှုပ်မိုင်းဒဏ်ခံထားရသူ ကရင်ဒုက္ခသည် ပကို (ဇွန် ၂၉၊ ၂၀၁၀)

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်းအသုံးပြုကြတဲ့ မြေမြှုုပ်မိုင်းဒဏ်ကြောင့် ထိခိုက် သေဆုံးမှုအများဆုံး ကြုံရတဲ့အထဲမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က အများဆုံး ဖြစ်ခဲ့ကြောင်း ရှမ်း ပြည်နယ်အစိုးရက ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတာနဲ့အမျှ မြေမြှုုပ်မိုင်း အန္တရာယ်ကြောင့် အရပ်သား တွေ ထိခိုက်နေတဲ့အတွက် ကူညီပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ၂၀၁၈ ဧပြီလအထိ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ချက်အရ မိုင်းကြောင့် ဒဏ်ရာရသူ (၆၀၄) ဦး သေဆုံးသူ (၉၅) ဦးရှိခဲ့တဲ့အထဲ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် ဘက်မှာ ထိခိုက်မှုအများဆုံး ဖြစ်ခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရက ပြောဆိုလိုက်တာပါ။ တရားဝင် စာရင်းမှာ မပါသေးတဲ့ ထိခိုက်မှုတွေ ရှိနိုင်သေး တယ်လို့လည်း ရှမ်းပြည်နယ် တောင်ကြီးမြို့က မြန်မာ နိုင်ငံ ဆရာဝန်များအသင်းရုံးမှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်း ဆွေးနွေးညှိနှိုင်း အခန်းအနားမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာ တိုင်းရင်း သားရေးရာ ဝန်ကြီးဒေါက်တာအောင်သန်းမောင်က ပြောဆိုခဲ့တာပါ။

"အချက်အလက်ကျတော့ မြို့နယ်စာရင်းဇယားတွေတက်လာကြတယ်ပေါ့။ မသိတဲ့ ဟာတွေ ရှိနိုင်တယ်လို့။ စာရင်းမပို့ရင် ရှိသေးတယ်လို့။ မိုင်းတွေကတော့ရှိတဲ့နေရာ ရှိနေမှာပဲ။"

အထူးသဖြင့် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးမှု များတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်၊ နမ္မတူ၊ မန်တုန်၊ နန့်ဆန်၊ ကျောက်မဲမြို့နယ်တွေ မှာ နှစ်ဖက်တပ်တွေ ထောင် ထားတဲ့မိုင်းကြောင့် ဒေသခံတွေထိခိုက်သေဆုံးမှုတွေ တိုးလာနေခဲ့တာပါ။

မြေမြှုပ်မိုင်းတွေဟာ အရင်ကတည်းကရှိလာတဲ့မိုင်းတွေဖြစ်ပြီး လက်ရှိအစိုးရအနေနဲ့ မြေမြှုုပ်မိုင်း အန္တရာယ် အသိပညာပေးလုပ်ငန်း လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဒေါက်တာ အောင်သန်းမောင်က အခုလို ပြောပါတယ်။

"အရင်ကလက်ကျန်တွေလည်း ဖြစ်မယ်။ ပြည်တွင်းစစ်တွေကြောင့်လည်း ဖြစ်နိုင်တာ ပေါ့နော်။ ပြည်တွင်းစစ် လက်ရှိဖြစ်နေတဲ့နေရာတွေလည်း ရှိနိုင်တာပေါ့နော်။ ရှမ်းပြည် နယ် ဆိုတာလက်ကျန်တွေပဲ ရှိတယ်။ ကျနော်တို့ လက်ရှိအစိုးရအနေနဲ့ ကြက်ခြေနီတွေ သင်တန်းတွေပေးနေတယ်။ ဒီမိုင်းတွေနဲ့ပက်သက်လို့။ နောက်ပြီးတော့ ထိတဲ့အခါမှာ ထောက်ပံ့ကြေးတွေပေးတာ။ နောက်ပြီးတော့ခြေတုလက်တုတပ်ဖို့ရယ်။ လူမှုထန်ထမ်းနဲ့ ICRC တို့ ပူးပေါင်းပြီး ဆောင်ရွက်တာတွေရှိတယ်။"

(၂၀၁၈) ခုနှစ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်နဲ့ လင်း ခေးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့မှာ ကြက်ခြေနီအဖွဲ့ဝင်တွေကို မိုင်းအန္တရာယ်အကြောင်း သင်တန်းပေးခြင်း ပြည်သူ လူထုအတွင်းအသိပညာပေးခြင်း စာစောင် လက်ကမ်းစာစောင် ပိုစတာများဖြန့်ဝေခြင်း ထောက်ပံ့ပေးဖို့ ရှမ်းပြည်နယ် အစိုးရက စီစဉ်နေပါတယ်။

အလားတူ ကချင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားခံနယ်မြေဘက်မှာ လည်း မြေမြှုပ် မိုင်းအန္တရာယ်အတွက်စိုးရိမ်နေရဆဲလို့ ကချင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆမ်အောင် က ပြောပါတယ်။

"နှစ်ဖက်ကြားခံနယ်မြေလို့ ပြောလို့ရတဲ့နေရာတွေမှာ ဘယ်ဘက်ကအဖွဲ့မှန်းတော့ မသိ ဘူး။ မိုင်းထောင်တာ မျိုးတွေ ရှိတတ်ပါတယ်။ ထိတာခိုက်တာလည်း မကြာခနရှိတယ်။ ဧရာဝတီ မလိခရဲ့အနောက်ခြမ်းဘက် မိုးကောင်းမြို့နယ်တို့၊ ဖါးကန့်မြို့နယ်တို့၊ တနိုင်း မြို့နယ်တို့ အဲဒီဘက်မှာ များပါတယ်။ အဓိကအားဖြင့်။"

၂၀၁၇ ခုနှစ်အောက်တိုဘာလကစပြီး မသန်စွမ်းဥပဒေအရ မိုင်းထိမှန်ပြီး မသန်စွမ်း သူတွေ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကနေ စတင်ကူညီထောက်ပံ့ကူညီခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း မသန်စွမ်းဥပဒေအရ မိုင်းထိမှန်ပြီးမသန်စွမ်းသူတွေအတွက် ကူညီ ထောက်ပံ့နေတယ်လို့ ကယ်ဆယ်ရေးနဲ့လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ကျော်မိုး ကပြောပါတယ်။

"အထူးသဖြင့် ကချင်ပြည်နယ်တို့၊ ရှမ်း၊ ရှမ်းအရှေ့တို့ တချို့လည်း ကရင်ပြည်နယ်တို့ ရှိတာပေါ့နော်။ အဲဒီလို မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိတယ်ဆိုလို့ရှိရင် အသက်ဆုံးရှုံးမှု မရှိဘူးပေါ့။ ခြေလက်အင်္ဂါ တခုခုဆုံးရှုံးတယ် ဖြစ်သွားတယ်ပေါ့နော်။ ဒါမျိုးဆိုရင် နိုင်ငံတော် ဘတ်ဂျက်ကနေ တယောက်ကို နှစ်သိန်းနှုန်းနဲ့ထောက်ပံ့ပေးနေ တယ်ပေါ့ နော်။"

လက်ရှိမြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးတင်း မာနေ ဆဲ ဒေသတွေမှာ နှစ်ဖက်တပ်တွေထောင်ထားတဲ့ဗုံးတွေအပြင် NCA အပစ်ရပ် တိုင်းရင်းသားအဖွဲ့ နယ်မြေဒေသတွေ မှာလည်း မြေမြှုပ်မိုင်း အန္တရာယ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ မိုင်းရှင်းလင်းရေးကို ထည့်သွင်းထားသလို ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီ (JMC) က လည်း မိုင်းရှင်းလင်းရေးကို ကဏ္ဍတရပ်အဖြစ် ဆောင် ရွက်နေပေမဲ့လည်း မပီပြင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန် ပစ္စည်းများကြောင့် ထိခိုက်နစ်နာခဲ့သူ ၂၀၁၆ ခုနှစ်၊ ပထမသုံးလအတွင်းစာရင်းအရ ၂၁ ဦးအထိ ရှိနေပြီး ၂၀၁၅ ခုနှစ်မှာတော့ (ကလေးသူငယ် ၃၄ ဦး အပါ အဝင်)စုစုပေါင်း လူဦးရေ ၅၉ ဦး ရှိခဲ့ပြီးတော့ ဒီအထဲမှာ သေဆုံးသူ ၁၇ ဦးနဲ့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ ၄၂ ဦး ရှိခဲ့တယ် လို့ ယူနီဆက်ဖ် ကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း အဆိုးဝါးဆုံး အသုံးပြုတဲ့ နိုင်ငံစာရင်းမှာပါနေဆဲဖြစ်တယ်လို့မြေမြှုပ်မိုင်း စောင့် ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြထားသလို လက်ရှိ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ စစ်ရေး တင်းမာနေဆဲ ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့အပြင် ကယား ပြည်နယ်နဲ့ မွန်ပြည်နယ် ဘက်တွေမှာလည်း မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG