သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ Bangladesh ခရီးစဉ် အပြီး လုံခြုံရေးကောင်စီမှာ ကုလအထူးကိုယ်စားလှယ်အစီရင်ခံဖို့ ပြင်ဆင်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှည် Christine Schraner Burgener ဟာ ဇူလိုင်လ၁၄ရက်ကနေ၁၆ရက်နေ့အထိဘင်္ဂလားဒေ့ချ်နိုင်ငံကို သွားရောက်ပြီးတော့ Cox's Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စ အဖြေရှာရေးဟာ ပြဿနာအကြောင်းအရင်းတွေကို နိုင်ငံရေးအရ အဖြေရှာဖို့လိုအပ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Christine Schraner Burgener ဟာ သူ့ပထမဦးဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဇွန်လ ၁၂ ရက်နေ့က သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကိုတော့ ဇူလိုင်လ၁၄ရက်ကနေ၁၆ရက်နေ့အထိ သွားရောက်တာဖြစ်ပါတယ်။

သူဟာ ဒါကာကိုရောက်ရှိစဉ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာစီနာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်တွေအပြင် သံတမန်ရေးအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ ဌာန အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခုလိုတွေ့ဆုံစဉ် ရိုဟင်ဂျာဒုက္ခသည်တွေ အရေးအဖြေရှာနိုင်ဖို့ အခြေခံအကြောင်းအရင်းတွေကို နိုင်ငံရေးအရအဖြေရှာဖို့လိုတယ်လို့ ပြောခဲ့တဲ့အကြောင်း ကုလသမဂ္ဂ တွဲဖက်ပြောခွင့်ရ ဖာရင်ဟတ် က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တွေ့ဆုံမှုတွေမှာအထူးကိုယ်စားလှယ်က ရိုဟင်ဂျာဒုက္ခသည်တွေကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်မှု ဘေးကနေပြီးတော့ ထွက်ပြေးခိုလုံခဲ့ကြတဲ့ ဒုက္ခသည်တွေကို ကူညီပေးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ပြဿနာအခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးအရ အဖြေရှာဖို့လိုတယ်လို့ သူကပြောခဲ့ပါတယ်။

မစ္စ်Burgener က ရိုဟင်ဂျာဒုက္ခသည်တွေရှိတဲ့ Cox’s Bazzar ရှိ ကုတုပလောင်စခန်းကိုရောက်ရှိစဉ် အဲဒီမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အကြမ်းဖက်မှုဖြစ်စဉ် ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြောပြချက်တွေကို နားထောင်ရင်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဌာနပြန်နိုင်ရေးအတွက် လုံခြုံစိတ်ချရမှုနဲ့ နိုင်ငံသားခံယူခွင့်ပြုဖို့ကို ပြောခဲ့ကြတယ်လို့ဆိုပါတယ်။ မစ္စ်Burgener ကသူ့ခရီးစဉ်အတွင်း ဆွေးနွေးမှုတိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်း ဌာနေပြန်ရေးအတွက် အခြေအနေဟာ စိတ်မချရသေးဘူးလို့ ပြောခွင့်ရ ဖာရင်ဟတ်က ပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည် ဌာနေပြန်ရေးအတွက် စိတ်ချရတဲ့အခြေအနေတွေမရှိသေးပါဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရကြားမှာ MOU နားလည်မှုစာချွန်လွှာထိုးထားခဲ့တာလို ရှေ့ကိုတိုးတက်လာတဲ့ ခြေလှမ်းတချို့မြင်ရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည် ဌာနေပြန်ရေးအတွက်စိတ်ချရတဲ့အခြေအနေတွေတွေ့ရဖို့ ဒီထက်တိုးတက်မှုရှိဖို့လိုပါတယ်။ ဒါကို ကုလသမဂ္ဂဘက်က ဆက်ပြီးတော့ ဖိအားပေးပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးအတွက်အထူးကိုယ်စားလှယ်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရကြား ၂၀၁၇ နိုဝင်ဘာလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ MOU နားလည်မှု စာချွန်လွှာအပြင် ဇွန်လ ၆ ရက်နေ့က မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်း၂ ခုဖြစ်ကြတဲ့ UNHCR နဲ့ UNDP တို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ MOU နားလည်မှု စာချွန်လွှာတို့ဟာ ရိုဟင်ဂျာပြဿနာအဖြေရှာနိုင်ဖို့ တိုးတက်မှုတွေအဖြစ် ရှု့မြင်ပေမယ့်လို့ ရိုဟင်ဂျာအနေနဲ့ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးအတွက်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မစ္စ်Burgenerက မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖိအားပေးပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂလက်ထောက်ပြောခွင့်ရက ဆိုပါတယ်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ခြေလှမ်းတွေယူဖို့လိုပါတယ်။ ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဌာနေပြန်ရေးအတွက် ဒေသခံလူ့အဖွဲ့အစည်းကြားထဲ ပြန်လည်သင့်မြတ်ရေးနဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချရတဲ့အခြေနေတွေ ဖန်တီးပေးဖို့လည်းလိုပါတယ်။ ဒါကို မြန်မာအစိုးရကို ကုလသမဂ္ဂဘက်က ဆက်ပြီးတော့ ဖိအားပေးနေသလို အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က ကြိုးပမ်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့သဘောအတိုင်းဌာနေပြန်ရေးအတွက် လုံခြုံစိတ်ချရပြီး သိက္ခာရှိတဲ့အခြေအနေ ဖန်တီးပေးနိုင်ဖို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်းသူက တိုက်တွန်းခဲ့ပြီး ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့်နဲ့ နိုင်ငံသားခံယူခွင့်ပြဿနာအဖြေရှာရေးအပါအဝင် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ အကြံပေးချက်တွေကိုအကောင်အထည်ဖော်ဖို့ မစ္စ်Burgenerက သူ့မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မစ္စ်Burgenerက သူ့မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆိုခဲ့ပြီး ရခိုင်ပြည်နယ်မောင်တောကိုလည်း သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နဲ့ ပတ်သက်ပြီး နောက်သီတင်းပတ် တနင်္လာနေ့ ဇူလိုင်လ ၂၃ မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG