သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လုံခြုံရေးကောင်စီ ရိုဟင်ဂျာရေးဆွေးနွေးချက်များ လေ့လာသူတို့ ကြိုဆို


ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုးကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့ အပါအဝင် ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် လိုအပ်ချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ထောက်ပြတောင်းဆိုလိုက်ပါတယ်။ ဒီအပေါ် ရခိုင်အရေး ထဲထဲဝင်ဝင် ဆောင်ရွက်နေသူတွေ လေ့လာသူတွေက ကြိုဆိုပြီး မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကုလသဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာအောင် မြန်မာဘက်က ဆောင်ရွက်ပေးဖို့၊ နောက် ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာကြား သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့အဖွဲ့ဝင်တဦးဖြစ်သူ ဦးအေးလွင်ကတော့ လုံခြုံရေး ကောင်စီရဲ့ တိုက်တွန်းချက်တွေကို သဘောတူပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အပေါ် မြန်မာ အစိုးရဘက်ကလည်း လက်သင့်ခံတဲ့ အခြေအနေ ရှိတယ်လို့လည်း သူက အခုလို ပြောပါတယ်။

" Kofi Annanကေ်ာမရှင်ကလည်း လွတ်လပ်တဲ့ ပွင့်လင်းတဲ့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ အစီရင်ခံစာမှာ တင်ပြပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေအတိုင်း မျှမျှတတနဲ့ ဆုံးဖြတ်ဖို့လိုအပ်တယ်ဆိုတာကိုလည်း ကျနော်တို့ မှတ်ချက်ပြုထားတာရှိပါတယ်။ အဲဒါတွေကို နိုင်ငံတော်ဘက်က အသိအမှတ်ပြုတယ်ဆိုတာကတော့ ဒီကော်မရှင်တခုဖွဲ့မယ်၊ နိုင်ငံခြားက ဥပဒေပညာရှင်တယောက်ဦးဆောင်ပြီးတော့ ပြည်တွင်းကလူတွေနဲ့ လုပ်ငန်းစစ်ဆေးရေး Independent Commitee လုပ်မယ်ဆိုတဲ့ ကော်မရှင်ဖွဲ့မယ်ဆိုတဲ့အချက်ကိုက ဒါကို အသိအမှတ်ပြုနေတယ်လို့ ကျနော်တို့ထင်ပါတယ်ခင်ဗျ။"

နိုင်ငံတကာ ပညာရှင် တဦးပါတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ မြန်မာ အစိုးရဘက်က ပြောဆိုထားတာကို မနေ့က လုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အသိအမှတ်ပြု ပြောဆိုသွားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ကိုရော၊ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကိုပါ မြန်မာ အစိုးရဘက်က ပြည်ဝင်ခွင့် ပိတ်ထားတာပါ။ ဒါ့အပြင် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာကြား သဘောတူညီချက်ကို အကောင်အထည် ဖော်ရေးက လွယ်ကူလှတဲ့ ကိစ္စ မဟုတ်တဲ့ အကြောင်း ဒီထက် ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်တဲ့ အကြောင်း ထောက်ပြသူကတော့ တမ္ပဒီပ သုတေသနအဖွဲ့ တည်ထောင်သူ ဒေါက်တာ ခင်ဇော်ဝင်းပါ။

"အမှန်ကတော့ UN နဲ့ ထိုးတဲ့ MOU ကိုလည်း ဘယ်သူကိုမှချမပြဘူး အဲဒါမကောင်းဘူး။ ဟိုဘက်က Refugee တွေကိုပြန်ပို့မယ် ကုလသမဂ္ဂကလည်း လက်ခံထားပြီဆိုရင် ဒီအတိုင်းဖြစ်မယ်။ လူထုဆီကို ဝင်ပြီးတော့ ဒီလိုအခြေအနေရှိတယ် ဒါကြောင့် ဝိုင်းပြီးတော့ လူထုအားလိုတယ်လို့ ပြောရမယ်။"

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုပေမယ်လို့လည်း ဒီဒုက္ခသည်တွေကို မြန်မာပြည် ပြန်နိုင်ရေး စိစစ်လက်ခံမယ်လို့ နိုင်ငံတကာကို ကတိပေးထားတာပါ။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို မြန်မာ ခေါင်းဆောင်ပိုင်းက လက်သင့်ခံလိုတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကွဲပြားမှုတွေ ဖြစ်နေတာက မြန်မာ အစိုးရနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကြားမှာတင် မဟုတ်ဘဲ မူဆလင် လူနည်းစုတွေနဲ့ ဗုဒ္ဓဘာသာဝင် လူများစုတွေ ကြားမှာပါ ရှိနေတာလို့ သူက ထောက်ပြခဲ့တာပါ။ တမ္ပဝတီ သုတေသန အဖွဲ့ကို တည်ထောင်သူ ဒေါက်တာ ခင်ဇော်ဝင်းကတော့ မြန်မာ အစိုးရ အနေနဲ့ ကုလသမဂ္ဂနဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

"ဒီဟာက ပြောမယ်ဆိုရင် Welcome ပေါ့။ ကြိုဆိုရမယ့်ကိစ္စပါ။ ချက်ချင်းကြီး ပြောင်းသွားမယ် ဆိုတာက ဘယ်လိုမှအလားအလာမရှိဘူး။ တစတစနဲ့ ပြောင်းရမယ်။ ဒီလောက်နဲ့ ပြောင်းလဲလာတာ ရှိလာတယ်ဆိုတာကလည်း လူတွေက ကြိုဆိုကြတာပါ။ အဲလိုကျနော်မြင်ပါတယ်။ အဓိက ဆက်ပြီး ထိန်းထားရပါမယ်။"

ကုလသမဂ္ဂနဲ့ မြန်မာကြား သဘောတူညီချက်ကို နှစ်ဘက်စလုံးက တရားဝင် မထုတ်ပြန်ပါဘူး။ ဒီသဘောတူညီချက်ကို ထုတ်ပြန်ပေးဖို့ ဒုက္ခသည်တွေကို လက်သင့်ခံထားရတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကရော မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီတို့ပါ သိခွင့်မရခဲ့တာပါ။ ဒါပေမယ့် မကြာခင်က ပေါက်ကြားထွက်လာတဲ့ ဒီသဘောတူညီချက် ဆိုတဲ့ အပေါ်မှာတော့ ရိုဟင်ဂျာတွေဘက်က မကျေနပ်မှုတွေလည်း ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG