သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးဦးမယ်


မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ တနင်္လာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပဖို့ရှိပါတယ်။ မြန်မာ အစိုးရအနေနဲ့တော့ ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ သူတို့မူလနေရာတွေဆီကို ပြန်နိုင်ရေး လုပ်ဆောင်တာမှာ တိုးတက်မှုတွေ ရထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

ဒီကနေ့ကျင်းပမယ့် လုံခြုံ ရေးကောင်စီ တံခါးပိတ်အစည်းအဝေးကိုတော့ ကာယကံရှင်နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ တက်ရောက်ခွင့် မရှိဘူးလို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ တက်ရောက်ခွင့်မရှိတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက အခုလိုပြောပါတယ်။

" အစည်းအဝေးကတော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ UN Agency တွေက ပုဂ္ဂိုလ်တွေကတော့ ရှင်းလင်းတင်ပြတဲ့ အစည်းအဝေးဖြစ်တဲ့အတွက်ကြောင့် အပြင်လူတွေကိုလည်း ဖိတ်ကြားချင်းမရှိဘူး။ ကျနော်တို့ ကာယကံရှင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း ဖိတ်ကြားခြင်းမရှိဘူး သူတို့ တံခါးပိတ်အစည်းအဝေးပါ။"

ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Christine Schraner Burgener က သူရဲ့ခရီးစဉ်မှာ တွေ့ရှိချက်တွေကို လုံခြုံရေးကောင်စီကို အစီရင်ခံတင်ပြမှာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရနဲ့ MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ အခြေအနေတွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turk က ဗွီဒီယို တယ်လီကွန်ဖရင့်နဲ့ တိုက်ရိုက် အစီရင်ခံတင်ပြမှာဖြစ်သလို UNDP ကုလသမဂ္ဂ ဖွံဖြိုးရေး အေဂျင်စီရဲ့ ကိုယ်စားလှယ်တဦးကတော့ လုံခြုံရေးကောင်စီဆွေးနွေးပွဲကို တက်ရောက်အစီရင်ခံမှာဖြစ်ပါတယ်။

အခု တံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် မေလက လုံခြုံရေးကောင်စီကနေ မြန်မာအစိုးရကို တိုက်တွန်းထားတဲ့အချက်တွေထဲ UNHCR၊ UNDP တို့နဲ့ မြန်မာအစိုးရကြား ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း သိက္ခာရှိရှိပြန်နိုင်ရေးအတွက် MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ လည်းပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ တိုးတက်မှု အများအပြားရှိလာအောင် မြန်မာအစိုးရက ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သံအမတ်ကြီး ဟောက်ဒိုဆွမ်းက အခုလိုပြောပါတယ်။

"အရေးကြီးတဲ့အချက်ကတော့ UNDP၊ UNHCRနဲ့ မြန်မာနိုင်ငံကို MOU ထိုးထားတဲ့ ကိစ္စ အဲဒါကို စပြီးတော့ အကောင်အထည်ဖော်ဖို့အတွက် ပူးတွဲလုပ်ငန်း အဖွဲ့ပေါ့နော် ၂၁ ရက်ကနေပြီးတော့ ၂၃ ရက် အထိပေါ့လေ ရခိုင်ဘက်ကို သွားနေပြီ။ သွားပြီးတော့ ရွာပေါင်း ၃၁ ရွာ မှာရှေ့ပြေးအစီအစဉ်တွေ လိုအပ်ချက်တွေကိုသွားပြီးတော့ စုံစမ်းလေ့လာခြင်းကို ကျနော်တို့လုပ်တယ်။ အဲဒီမှာ UNDP၊ UNHCR တို့အဖွဲ့ပါမယ် နောက်ပြီးတော့ ကျနော်တို့ မြန်မာဘက်ကလည်း ပါတယ်။ အခုသွားနေတယ်။ ဒုဝန်ကြီးတွေလည်း ကိုယ်တိုင်လိုက်ပြီးတော့ ကြည့်ပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ ကျနော်တို့ ရည်ရွယ်ချက် အဓိကတော့ ပြန်ဝင်လာတဲ့လူတွေ ဘယ်လိုနေရာချထားမယ် ၊ သူတို့ ပြန်ဝင်လာရင် ဘယ်လိုအသိုင်းအဝိုင်းတွေထဲမှာ သဟဇာတရှိစွာနဲ့ နေထိုင်နိုင်အောင် သူတို့စားဝတ်နေရေးတွေ ဘယ်လိုနေလို့ထိုင်လို့ရအောင် ဆိုတာကို စီစဉ်ပေးဖို့အတွက် လိုအပ်ချက်တွေကို ကနဦး စမ်းစစ်တဲ့အနေနဲ့ သွားကြတာဖြစ်ပါတယ်။"

ဒါအပြင် ဒုက္ခသည်တွေ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း တိုးတက်မှုတွေရှိနေပြီး လာမယ့် သြဂုတ်လအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွေကို လိုက်လံပြသဖို့ရှိကြောင်း သံအမတ်ကြီးက ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း စပြီးအကောင်အထည်ဖော်နိုင်ဖို့ ၂ နိုင်ငံပိုင်းကလည်း လုပ်နေတဲ့အခြေအနေတွေရှိပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကလည်း မကြာခင် သြဂုတ်လစမ်းလောက်မှာ မြန်မာပြည်လာဖို့လည်း အစီအစဉ်ရှိတယ်။ ဝန်ကြီးလာရင် သူ့ကို ရခိုင် ကျနော်တို့ခေါ်သွားမယ်။ ရခိုင်ကိုခေါ်သွားပြီးတော့ ကျနော်တို့ ဒါတွေလုပ်နေတယ် ဒါတွေကို နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ကြည့်လို့ရအောင် ကျနော်တို့ ဖိတ်ကြားခြင်းဖြစ်ပါတယ်။"

အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Christine Schraner Burgener ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်ခဲ့ကြောင်း သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။

"အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားရောက်တာ ၂ ခေါက် သွားရောက်ပါတယ်။ ပထမတခေါက်ကတော့ လူကြီးတွေနဲ့ တွေ့တယ်၊ အခြေအနေတွေ သွားရောက်ကြည့်ရှှုတဲ့အပိုင်းလေးတွေ ရခိုင်သွားတယ်။ ဒုတိယတခေါက်ကတော့ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို လေ့လာသူအနေနဲ့ တက်ဖို့အတွက် တခေါက်ပြန်သွားတယ်။ ၂ ခေါက်ပေါ့ အဲဒီ၂ ခေါက်စလုံးမှာလည်း လူကြီးတွေ နိုင်ငံတော်ခေါင်းဆောင်တွေနဲ့ သွားတွေ့ပါတယ်။ တွေ့ပြီးတော့ ဆွေးနွေးတဲ့အချက်တွေလည်း တွေ့တဲ့အတိုင်းပဲလေ။"

လက်ရှိ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဆွီဒင်သံအမတ်ကြီး Olof Skoog ကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ရဲ့ မြန်မာခရီးစဉ်ကို ကြိုဆိုခဲ့သလို ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာ ရှိရှိ လုံခြုံစွာ နေရပ်ပြန်နိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအပေါ် ဆက်ပြီး ဖိအားပေးသွားမှာဖြစ်တယ်လို့ ဇူလိုင်လ ၃ ရက်နေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ် မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

အရင်က လုံခြုံရေးကောင်စီမှာ ဇူလိုင်လအတွင်း မြန်မာ့အရေးဆွေးနွေးပွဲ နှစ်ကြိမ်လုပ်ဖို့ လျာထားခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မတိုင်ခင် ၁၁ ရက်နေ့မှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာဒုက္ခသည်အရေး အစီရင်ခံတင်ပြမယ့် အစီအစဉ်ကို ကောင်စီအဖွဲ့ဝင် တရုတ်က ကန့်ကွက်ခဲ့တဲ့အတွက် ပျက်သွားခဲ့ရတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ဆိုပါတယ်။ Mr. Grandi ဟာ ဇွန်လကုန်ပိုင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့အတူ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို နှစ်ရက်ကြာသွားရောက်လေ့လာ ကြည့်ရှုခဲ့တာပါ။ ဒါကြောင့် အခု တနင်္လာနေ့ လုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲအတွင်း မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းချက်တွေရှိနေသလို မြန်မာအစိုးရရဲ့ ကုလသမဂ္ဂအေဂျင်စီတွေကြား သဘောတူလက်မှတ်ရေးထိုးထားတဲ့ အချက်တွေအပေါ်မှာလည်း မေးခွန်းတွေ ထုတ်ဖေါ်ရှိနေတယ်လို့ ကုလသမဂ္ဂအသိုင်းအဝိုင်းအတွင်း ကြိုတင်သုံးသပ်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG