ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံတာ အခံရဆုံး ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကပြောပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ဖို့အတွက် မစ္စတာ Guterres ဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဇူလိုင်လ ၁ ရက် နဲ့ ၂ ရက်နေ့တွေမှာ သွားရောက်ခဲ့ရာမှာ ကမ္ဘာ့ဘဏ် ဥက္ကဌကလည်း ရိုဟင်ဂျာတွေ အတွက် အမေရိကန် ဒေါ်လာ သန်း ပေါင်း ၄၈၀ ကနဦး ချထားပေးခဲ့ ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim တို့ဟာ တနင်္ဂနွေနေ့မှာ ဒက်ကာမြို့ကိုရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina နဲ့ တွေ့ဆုံခဲ့သလို တနင်္လာနေ့မှာတော့ ရိုဟင်ဂျာ ၇ သိန်းနီးပါး ခိုလှုံနေတဲ့ cox’s bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ကြတာပါ။
ဒီရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ရောက်သူတိုင်း သူတို့ ခံစားနေရတာအတွက် ကြေကွဲဝမ်းနည်း ကြရပြီး ဒီရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံတာ အခံရဆုံး ဖြစ်နိုင်တယ်လို့ မစ္စတာ Guterreus ကပြောပါတယ်။
"သူတို့ရဲ့ ကြောက်စရာအဖြစ်အပျက် တွေကို နားထောင်ခဲ့ရပြီး ဒီအဖြစ်အပျက်ေတွထဲမှာ စနစ်တကျ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ သတ်ဖြတ်တာ၊ အဓမ္မအကျင့်ခံရတာ၊ အိမ်တွေ ရွာတွေ မီးအရှို့ခံရတာလို အကြမ်းဖက်မှုတွေ ကြီးကြီးမားမား ပါဝင်နေတာမို့ ကြေကွဲဖွယ် အကောင်းဆုံးဇာတ်လမ်းတွေထဲက တခုဖြစ်နိုင်ပါတယ်။ ကျွန်တော်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖြစ် နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ၂ ကြိမ်ရောက်ခဲ့ဘူးပါတယ်။ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံမှု အခံရဆုံးထဲမှာ ပါနေတာ ဒါမှမဟုတ် ခွဲခြားဆက်ဆံ အခံရဆုံး ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ သူတို့ဟာ သူတို့ရဲ့ နိုင်ငံ မြန်မာပြည်ထဲမှာ နိုင်ငံသားဖြစ်ခွင့် မရတာလို အခြေခံအကျဆုံးအဖြစ်ကိုတောင် အသိမှတ်ပြု မခံကြရပါဘူး။ "
မစ္စတာ Guterrus ဟာ ၂၀၀၈ ခုနှစ်တုန်းက cox’s bazar ကို တခါရောက်ခဲ့ဖူးသလို အခု ဆယ်နှစ်အကြာမှာ နောက်ထပ်တခါ လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ ချီရှိနေတဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေနေဟာ အတော်လေးဆိုးဝါးနေတာကို မြင်တွေ့ရတဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌ Kim ကတော့ ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၈၀ ကနဦး ချထားပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်
" လူတိုင်း လူတိုင်းဟာ ပညာသင်ကြားခွင့်တွေ၊ အသက်ရှင်နေထိုင်ခွင့်တွေ၊ ဆေးကုသခွင့်တွေမရမှာ၊ ခွဲခြားဆက်ဆံခံရမှာတွေကို ကြောက်မနေရတဲ့ အခွင့်အရေး ရှိသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ ကြားရတဲ့ဇာတ်လမ်းတွေက ရခိုင်ပြည်နယ်ထဲက သူတို့ နေအိမ်တွေမှာ နေဖို့ ကြိုးစားရင်းနဲ့ ဒါမျိုးတွေ ကြုံနေရတာမို့ ကြေကွဲဖို့ ကောင်းလှပါတယ်။ "
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သီးသန့်အစီအစဉ်လုပ်ဆောင်ဖို့ အကူအညီအဖြစ် ဒီနှစ်မှာ ချထားပေးမယ့် ဒေါ်လာ သန်း ၄၈၀ အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် သိပ်ကို နည်းပါးတဲ့အတိုးနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကို ချေးငွေအဖြစ် ချထားပေးမှာ ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ် ဥက္ကဌက ထူးထူးခြားခြား ကြေညာခဲ့တာပါ။
မစ္စတာ Guterrus နဲ့ မစ္စတာ Kim တို့ဟာ တနင်္လာနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မပြန်ခင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ UNHCR နဲ့ UNDP တို့ကြား လက်မှတ်ရေးထိုး ထားတဲ့ နားလည်မှု စာချွန်လွှာ MOU မှာ မြန်မာအစိုးရက လက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းရာ မြန်မာအစိုးရ လက်ခံထားတဲ့ ဘင်္ဂါလီ မူစလင်ဆိုတဲ့ အသုံးအနှုန်းကိုပါ သုံးမထားပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို ကုလသမဂ္ဂက လက်ခံထားသလို အခုလို နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်တဲ့ အဆင့်ရောက်လာတာ ဟာ ရိုဟင်ဂျာတွေအတွက် ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တဲ့အတွက် ဒါကို လက်ခံဖို့ လိုကြောင်း အတွင်းရေးမှုးချုပ် ကပြောပါတယ်။
"အခုရထားတဲ့ နားလည်မှု စာချွန်လွှာ MoU ဟာ ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်ကို အသိမှတ်ပြုဖို့ လမ်းကြောင်းမှာ ပထမခြေလှမ်း ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ဒီခြေလှမ်းကို မလှမ်းဘူးလို့ ပြောရင် သိပ်မှားသွားပါလိမ့်မယ်။ လျှောက်ရမယ့် လမ်းကြောင်းဟာရှည်လျှားပေမယ့် ဘယ်လမ်းကိုမဆို ပထမ ခြေလှမ်းနဲ့ စလှမ်းရမှာပါ။ အခုအချိန်မှာ မြန်မာအစိုးရ လက်ခံထားတာကို လိုက်လျောပြီး လုပ်မှ ဖြစ်မယ့် သဘောမို့ ဒီလို လုပ်ရတာပါ။ "
အခုလို ရိုဟင်ဂျာဒုက္ခသည် ပြဿနာပေါ်လာတာရဲ့ အရင်းအမြစ်အတွက် တာဝန်ရှိသူဟာ မြန်မာအစိုးရဖြစ်တယ်လို့ ကုလသမဂ္ဂက လက်ခံထားကြောင်းနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို လူတွေက မေ့နေတတ်ကြသလို အခုထိလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မတားဆီး နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒါ့ကြောင့် ၁၉၈၆ ခုနှစ်ကစပြီး အခု ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်သွင်းဆွေးနွေးဖို့ သူလုပ်ခဲ့တယ် လို့လည်း ပြောပါတယ်။
"ဒီပြဿနာကို လုံခြုံရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးဖို့ သေချာအောင် လုံခြုံရေးကောင်စီကို တရားဝင်စာတစောင် ကျွန်တော် ရေးခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မလွယ်လှပါဘူး။ သိကြတဲ့ အတိုင်းပဲ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဒီကိစ္စအတွက် သဘောထားက သိပ်ကွဲနေပါတယ်။ "
ဒီပြဿနာအတွက် အားလုံးမှာ တာဝန်ရှိပေမယ့် သူ့ဘက်ကတော့ လုံးဝ တာဝန်ယူကြောင်းနဲ့ တကယ်တော့ မြန်မာနိုင်ငံမှာ ဒီပြဿနာ ဖြစ်ပွါးရတဲ့ အကြောင်းက အဆုံးမှာ မြန်မာနိုင်ငံမှာပဲ လုံးဝတာဝန်ရှိကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterrus ဟာ ကမ္ဘာ့ဘဏ် ဥက္ကဌာ Jim Yong Kim ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နဲ့ ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့ UNDPA အမှုဆောင်ဒါရိုက်တာ Natalia Kanem အပြင် ကုလသမဂ္ဂ အကြီးတန်းအရာရှိကြီးတွေ လိုက်ပါပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၂ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။