သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု ကုလအတွင်းရေးမှူးချုပ်ထံ ဒုက္ခသည်တွေ တင်ပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ။ ( Antonio Guterres / Twitter)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ။ ( Antonio Guterres / Twitter)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ ဒီကနေ့ သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့ကြတာမှာ ဒုက္ခသည်တွေရဲ့အခက်အခဲတွေနဲ့ ရင်ဖွင့်သံတွေကို နားထောင်ခဲ့ကြပါတယ်။ ဒုက္ခသည်တွေဘက်က ရခိုင်ပြည်နယ်အကြမ်းဖက်မှုအတွင်း သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို တင်ပြခဲ့ကြသလို နေရပ်ပြန်ရေးကိစ္စအတွက်လည်း ခိုင်မာတဲ့အာမခံချက်နဲ့ လုံခြုံစိတ်ချမှုရှိစေရေးတောင်းဆိုခဲ့ကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇူလိုင်လ ၁ ရက်၊ တနင်္ဂနွေနေ့က ရောက်သွားကြတဲ့ ကုလ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ် အကြီးအကဲ Jim Yong Kim တို့ ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့ တွေ့ဆုံပြီး မြန်မာပြည်ဘက် ထွက်ပြေးလာတဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar အနီးက ဒုက္ခသည်စခန်းတွေဆီကို ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ကိုယ်တိုင်သွားရောက်ခဲ့ကြပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကုလအတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့နဲ့ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ခိုလှုံရောက်ရှိနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နေ ကျောင်းဆရာတဦးဖြစ်တဲ့ ဦးမာမွတ်အလီက သူတို့တင်ပြတောင်းဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ကျနော်တို့တင်ပြခဲ့တာကတော့ ခင်ဗျားတို့ UNHCR အဖွဲ့နဲ့ မြန်မာနိုင်ငံတို့ ချုပ်ဆိုခဲ့တဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေ ဘာမှလည်း ထည့်မထားဘူး။ အဲ့တာကို ခင်ဗျားတို့က ဘာဖြစ်လို့ လက်မှတ်ထိုးခဲ့ရတာလဲ။ အဲ့တာ ကျနော်တို့အတွက် ဘာမှာလည်း အကျိုးရှိမှာမဟုတ်ဘူး။ အဲ့တာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဆန့်ကျင်ပါတယ်။ လက်မခံနိုင်ဘူးဆိုပြီးတော့ တင်ပြထားတယ်။ အဲ့တာကို ကုလအတွင်းရေးမှူးချုပ်က ဘယ်လိုပြောလဲဆိုတော့ ခင်ဗျားတို့ကို Repatriation ပေးဖို့အတွက် လုပ်ထားတာမဟုတ်ဘူး။ ကျနော်တို့ UNHCR က အဲ့မှာဝင်ပြီးတော့ အလုပ်လုပ်ဖို့ရယ်၊ ခင်ဗျားတို့ နေနိုင်ဖို့ လမ်းကြောင်းရှာဖို့အတွက် လုပ်ထားတာ ခင်ဗျားတို့ စိတ်မပူနဲ့ အဲ့တာ ဘာမှာလည်း ပူစရာမဟုတ်ဘူး။ ခင်ဗျားတို့အခွင့်အရေး မရမချင်း ခင်ဗျားတို့ကို ပြန်ပို့မှာမဟုတ်ဘူး။ ခင်ဗျားတို့ကို Violence လုပ်ခဲ့တဲ့နေရာတွေမှာ ပြန်ထည့်မှာမဟုတ်ဘူး။ စိတ်ချပါ ယုံကြည်ပါဆိုပြီး ရှင်းလင်းချက်ပေးထားတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ နောက်ထပ်ရော ဘယ်လိုအချက်အလက်တွေကို အဓိက တင်ပြခဲ့လဲရှင့်။

ဦးမာမွတ်အလီ။ ။ နောက်တခုက Smart Card ဆိုပြီးတော့ ကဒ်တခုထုတ်ပေးဖို့ UNHCR က စီစဉ်နေတာရှိတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ အဲ့ဒီ့ Smart Card ထဲမှာ ရိုဟင်ဂျာဆိုပြီးတော့ ရေးရမယ်။ အဲ့ဒီ့တော့မှ ဒီကဒ်ကို လက်ခံနိုင်မယ် နို့မို့ရင် ဒီကဒ်ကို လက်မခံနိုင်ဘူးလို့ ပြောတယ်။ အဲ့ဒီ့တော့ UNHCR က ခင်ဗျားတို့ပြောတာကို လက်ခံပါတယ်တဲ့ ခင်ဗျားတို့ရဲ့ Dignity ကို ကြည့်ပါမယ်လို့ပြောတယ်။

နောက်တခုက မြန်မာနဲ့ပတ်သက်ပြီးတော့ မုဒိမ်းကျင့်ခံရတဲ့သူတွေလည်းပါတယ်။ သေနတ်ဒဏ်ရာနဲ့လူတွေလည်းပါတယ်။ ဓားဒဏ်ရာရတဲ့သူလည်းပါတယ် နောက် မိဘတွေ အကုန်အသတ်ခံလိုက်ရတဲ့ ကျန်ခဲ့တဲ့ ကလေးတွေ မိဘမဲ့ကလေးတွေလည်းပါတယ်။ အကုန်လုံး ဝိုင်းပြီးတော့ သူတို့ရဲ့ ခံစားချက်တွေ သူတို့တွေ့ကြုံရတဲ့အခက်အခဲတွေ သူတို့မိဘတွေ ဘယ်လိုအသတ်ခံခဲ့ရတယ်ဆိုတာ အကုန်လုံး ဝိုင်းပြီး ပြောပြကြတယ်။ အကုန်လုံး ဝိုင်းပြီးရှင်းပြတယ်။ အဲ့ဒီ့မှာ သူတို့ကပြန်ပြောတယ် ငါတို့လည်း အားလုံးသိတယ် အဲ့တာကြောင့်မို့လို့ အားလုံးဝိုင်းပြီး ကူနေကြတာပဲ။ အကုန်လုံး ဝိုင်းလုပ်ပေးနေကြတာပဲ အဲ့တာကြောင့်မို့လို့ လုပ်ပေးနေကြတာလေဆိုပြီး ပြောတယ်။"

ဘာလုခါလီဒုက္ခသည်စခန်း ကိုယ်စားလှယ်အဖြစ် တွေ့ဆုံခွင့်ရခဲ့သူ ကိုအီစလံကလည်း သူတို့ဒုက္ခသည်တွေ ဆုံးရှုံးနစ်နာခဲ့ရတာတွေ၊ သူတို့ကိုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ တင်ပြတောင်းဆိုခဲ့တဲ့အကြောင်း အခုလိုပြောပြပါတယ်။

"'ဒီကနေ့ ညနေ ၂နာရီကျော်လောက်မှာ ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ကုတုပလောင်ဒုက္ခသည်စခန်းကို ရောက်ရှိလာပါတယ်။ အဲ့ဒီ့မှာ ဒုက္ခသည်ခေါင်းဆောင်တချို့နဲ့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးအပါအဝင် လူပေါင်း ၄၆ယောက် ပါဝင်ကြပါတယ်။ အဲ့မှာ ကျနေ်ာတို့ အဓိက ဆွေးနွေးတာကတော့ နိုင်ငံသားကိစ္စ အဓိက ဆွေးနွေးတင်ပြတယ်။ နောက်ပြီးတော့ Repatriation ကိစ္စလည်း ဆွေးနွေးတင်ပြတယ်။ နောက် ဒီက ဒုက္ခသည်စခန်းက အခြေအနေတွေကို ကျနေ်ာတို့က တင်ပြတယ်။ အဲ့ဒီ့အချိန်မှာ ကုလသမဂ္ဂဘက်က သူတို့ဘက်က ကျနော်တို့နဲ့အတူ ရပ်တည်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ သူတို့ဘက်က ပြောဆိုဆောင်ရွက်သွားပါတယ်။ တခြား UNHCR နဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်း UNHCR မင်းကြီးကလည်း ဒုက္ခသည်တွေနဲ့ ညှိနှိုင်းပြီးတော့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။"

ဒါ့အပြင် သိန်းချီခိုလှုံနေထိုင်တဲ့ စခန်းတွင်းက ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာ အခက်အခဲနဲ့ နေရာထိုင်ခင်း အကြပ်အတည်းတွေနဲ့ ပတ်သက်လို့လည်း ကုလအတွင်းရေးမှူးချုပ်ကို တင်ပြခဲ့ကြတယ်လို့ ကုတုပလောင် ဒုက္ခသည်စခန်းက ဦးမာမွတ်အလီက ပြောပြပါတယ်။

"ဒီမှာ ဆန်ရယ် ပဲရယ် ဆီရယ်ပဲ ရတယ်။ ကျန်တာတွေ မရဘူး ဟင်းလိုတယ်။ ဆီလိုတယ် နောက် အသားငါးတွေ လိုတယ်။ အဲ့တာတွေ မရဘူး အဲ့တာတွေ အခက်အခဲတွေ တော်တော်ဖြစ်နေတယ်။ နေရေးထိုင်ရေးကလည်း နေရာက ကျဉ်းကျဉ်းလေးဆိုတော့ တော်တော်လေး အခက်အခဲကြုံနေရတယ်။ နောက်တခုက သောက်သုံးရေ၊ ဆေးဝါး နောက်တခုက ပညာရေး အဲ့တာတွေ အကုန်လုံး အခက်ခဲဖြစ်နေကြတယ်ဆိုပြီး တင်ပြကြတယ်။ အဲ့တာကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ခင်ဗျားတို့ အဆင်ပြေဖို့အတွက် ဒီမှာလာပြီးတော့ ငွေတွေ လှူဒါန်းနေတာပဲ အဲ့တာ အဆင်ပြေသွားမယ် အဲ့တာ ခင်ဗျားတို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပဲ လုပ်ဆောင်နေတာပဲဆိုပြီးတော့ ဆွေးနွေးပါတယ်။"

ဒီခရီးစဉ်ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ သူတို့ကို ကူညီပေးနေတဲ့ လူမှု အသိုင်းအဝိုင်းတွေနဲ့ တသားတည်း ရှိနေတာကို ပြသတဲ့ ခရီးစဉ် ဖြစ်တယ်လို့လည်း ကုလ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့သလို ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ခံရဆုံး လူမှုအသိုင်းဝိုင်း တခုဖြစ်ကြောင်း၊ ဒီပြဿနာဟာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အိမ်မက်ဆိုးကြီးဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်က Twitter လူမှုကွန်ယက်ကတဆင့် မနေ့တုန်းက ရေးသားခဲ့ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရဘက်က လက်မခံသလို ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို လူပေါင်း သိန်းချီ ထွက်ပြေးရတဲ့ ကိစ္စဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှု အဖြစ် အမေရိကန်၊ ကုလသမဂ္ဂတို့ဘက်က စွပ်စွဲ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ကတော့ အဲဒီလို ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေအထောက်အထားတွေ ပြသဖို့လိုအပ်တယ်ဆိုပြီး မြန်မာအစိုးရဘက်က ပြန်လည် တုန့်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG