သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်စခန်းမှာတွေ့


မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေပြောပြတဲ့ သတ်ဖြတ်ခံရမှုတွေ၊ အဓမ္မပြုကျင့်ခံရမှုတွေ အများအပြား ကြားခဲ့ရတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။

“ရွာတွေ မီးရှို့ခံခဲ့ရတဲ့သူတွေနဲ့ ကျနော်တို့ စကားပြောခွင့်ရခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေနဲ့လည်း တွေ့ခွင့်ရခဲ့ပါတယ်။ လူတွေ အများအပြား သတ်ဖြတ်ခံရတာတွေ၊ အဓမ္မပြုကျင့်ခံရတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ကိုယ်တိုင် ကြုံခဲ့ရသူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေ တခြားနေရာတွေမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ မတူညီပါဘူး။ ဒါကြောင့် လက်ရှိ အခြေအနေတွေကို ပြောင်းလဲသွားအောင်၊ ဒီလူတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ခွင့်ရအောင် မြန်မာအစိုးရကို ပိုပြီး ဖိအားပေးဖို့ ဖြစ်လာခဲ့ပါတယ်” - အတွင်းရေးမှူးချုပ် Guterres က ဘင်္ဂလားဒေ့ရှ်ကနေ ဒီကနေ့ ပြန်မထွက်ခွာခင် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားခဲ့ပါတယ်။

ဒီဒုက္ခသည်တွေက တရားမျှတမှုကို လိုလားပြီး ဘေးကင်းလုံခြုံစွာနဲ့ ဌာနေပြန်လိုနေကြတယ်လို့လည်း ကုလ အတွင်းရေးမှူးချုပ် Antonio Guterres က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ် အကြီးအကဲ Jim Yong Kim တို့ Cox’s Bazaar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ သူတို့ကို ကူညီပေးနေတဲ့ လူမှု အသိုင်းအဝိုင်းတွေနဲ့ တသားတည်း ရှိနေတာကို ပြသတဲ့ ခရီးစဉ် ဖြစ်တယ်လို့လည်း ကုလ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် ပြည်သူတွေရဲ့ ရိုင်းပင်းကူညီမှု၊ ရက်ရောမှုတွေဟာဆိုရင် လူထောင်ပေါင်းများစွာကို အသက်ကယ်တင်နိုင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုရဲ့ အကောင်းဆုံး ပြယုဂ်လည်း ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို လူပေါင်း သိန်းချီ ထွက်ပြေးရတဲ့ ကိစ္စဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် အမေရိကန်၊ ကုလသမဂ္ဂတို့ဘက်က စွပ်စွဲချက်ကိုတော့ မြန်မာအစိုးရဘက်က ပယ်ချထားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က လက်မခံသလို ဒီလူတွေကို နိုင်ငံသား ပေးရေးကလည်း ဥပဒေ အတိုင်းသာ ဆောင်ရွက်ရမယ်လို့ မားမားမတ်မတ် ရပ်တည် ပြောဆိုနေတာ ဖြစ်ပါတယ်။ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား သဘောတူထားပေမယ်လို့လည်း အလုပ်မဖြစ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG