သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ ကုလအတွင်းရေးမှူးချုပ်နဲ့ တွေ့မည်


ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် ပိုပြီး ဖိအားပေး ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒီကနေ့ ဘင်္ဂလားဒေရှ့် ခရီးစဉ်အတွင်း ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် ဥက္ကဌနဲ့ အတူ ဘင်္ဂလားဒေရှ့်ကို ဒီကနေ့ ရောက်လာတဲ့ ကုလ အတွင်းရေးမှူးချုပ်က မနက်ဖြန်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။ ကုလ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံ တင်ပြနိုင်ဖို့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရသူတွေ ပြင်ဆင်နေကြပါတယ်။ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim တို့ ဒီကနေ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့တော်မှာ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အနေနဲ့ ဘာတွေ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အပေါ် နားလည်လာစေဖို့ အတွက် ပိုပြီး ဖိအားပေး ဆောင်ရွက်သွားမယ်လို့ ကုလအတွင်းရေးမှူးချုပ် Guterres က ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေး တာဝန်ခံ Ihsanul Karim က ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြကြပါတယ်။

မနက်ဖြန် တနလာၤနေ့မှာတော့ ကုလအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ် ဥက္ကဌတို့က ကောဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။ ကုလအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ဒုက္ခသည်စခန်းတွေကို လာရောက်ချိန်မှာတော့ သူတို့မြန်မာနိုင်ငံက ဘာကြောင့်ထွက်ပြေးခဲ့ရတယ်၊ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရတယ်ဆိုတာကို ရင်ဖွင့်ပြောပြနိုင်ဖို့ ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ နစ်နာခဲ့ရတဲ့ ဒုက္ခသည်တွေကိုယ်တိုင် တင်ပြနိုင်ရေး စီစဉ်နေကြတယ်လို့ Cox’s Bazarအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ကိုအီစလံက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ် ဥက္ကဌတို့ ကျနော်တို့ ဒုက္ခသည်စခန်းကို လာရောက်ဖို့အစီအစဉ်ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ကိစ္စရယ် နောက် မြန်မာပြည်ကနေ ကျနော်တို့ နှင်ထုတ်ခံရတဲ့ကိစ္စရယ်၊ ကျနော်တို့ နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း တင်ပြဆွေးနွေးဖို့ရှိပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေပါဝင်ပါတယ် သူတို့နဲ့ တွေ့ဆုံပွဲမှာ ၊ နောက် မြန်မာပြည်မှာ သေနတ်ပစ်ခံရတယ် ဓါးထိုးခံရတယ် ၊ သေနတ်ဒဏ်ရာနဲ့ မသန်မစွမ်းဖြစ်နေတဲ့လူတွေ နောက်ရခိုင်ပြည်နယ်ဖြစ်စဉ်မှာကြုံတွေ့ခဲ့ရတဲ့ မျက်မြင်တွေ၊ နောက်ရခိုင်ပြည်နယ်ဖြစ်စဉ်က အသေးစိတ် သိတဲ့လူတွေကို အဲဒီမှာ ပါဝင်ခွင့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ပေးထားတာရှိပါတယ်။ မနက်ဖြန် ၂ ရက်နေ့ကတော့ သေချာတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကအကြောင်းကြားထားတာရှိပါတယ်။"

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ဖို့ အစီအစဉ်တွေထဲ မိမိတို့ရဲ့ မူလနေရာကို ပြန်လည်နေရာချထားပေးဖို့ ၊ ဆုံးရှုံးနစ်နာခဲ့ရတာတွေကို တရားမျှတမှုရှိစွာနဲ့ ပြန်လည်ပေးအပ်ဖို့အပါအဝင် နိုင်ငံသားအခွင့်အရေးအပြည့်အဝ ရရှိနိုင်ရေး ကုလအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ကို တောင်းဆိုမယ်လို့ Cox’s Bazar က ကုတုပလောင်ဒုက္ခသည်စခန်းနေ ဦးမောင်မောင်ကလည်း အခုလိုပြောပါတယ်။

"ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက အကြောင်းကြားထားတာရှိတယ်။ ကမ္ဘာ့ဘဏ် ဥက္ကဌနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterresတို့ အဖွဲ့မနက်ဖြန် ၂ ရက်နေ့မှာ ရောက်ရှိလာမှာလို့ ပြောထားတာရှိတယ်။ ကျနော်တို့တောင်းဆိုသွားမှာက repatriation လုပ်ဖို့ မြန်မာအစိုးရနဲ့ UNHCRတို့ UNDP တို့ သဘောတူ စာချုပ်တွေ ထိုးထားတာရှိတယ်။ အဲဒါက ကျနော်တို့ကို ရိုဟင်ဂျာနာမည်နဲ့ ပေးရမှ၊ ကျနော်တို့ကို UN Security force သုံးပေးမှ၊ ကျနော်တို့ရဲ့ မူလနေရာရရှိဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို တောင်းဆိုဖို့ လုပ်ထားတာရှိတယ်။ ဒီမှာက အဲဒီကနေ ပစ်ခတ်ခံရတဲ့လူတွေ၊ ဒဏ်ရာရရှိတဲ့လူတွေ၊ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ သူတို့နဲ့ တွေ့ဆုံဖို့လည်းရှိတယ်။"

အခုလက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းချီထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းအသီးသီးက ဒုက္ခသည်တွေအတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကနေ UN အသိအမှတ်ပြု ဒုက္ခသည်မှတ်ပုံတင်ကဒ်တွေ ထုတ်ပေးဖို့ စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေဘက်ကတော့ သူတို့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ထည့်သွင်းသတ်မှတ်ပေးဖို့ တောင်းဆိုနေကြတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းနေ ကိုအီစလံကပြောပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။

" ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ အခုက UNHCR ကနေတဆင့် IDP card ဆိုပြီးတော့ Smart Card ကိုစတင် ပြုလုပ်ပေးမယ်လို့ လာပြောပါတယ် ကျနော်တို့ကို ။ သူတို့ ဒီကနေ့လည်းရောက်တယ် မနေ့ကလည်း ရောက်တယ်။ သူတို့က ကျနော်တို့နဲ့လာပြီးတော့ ညှိနှိုင်းတယ်။ ဒါပေမယ့် အဲဒီ Smart Card မှာ ကျနော်တို့ နာမည်အရင်းဖြစ်တဲ့ ရိုဟင်ဂျာအမည်နဲ့ ပဲဖြစ်စေရမယ်၊ အဲလိုမှမဟုတ်ဘူးဆိုရင် မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုပြီးတော့ အဲဒီ Smart Card မှာ ပါဝင်ရမယ်။ ဒါမှသာ ကျနော်တို့က လက်ခံသွားမယ်ဆိုပြီးတော့ UNHCRအကြီးအကဲကို ကျနော်တို့ တင်ပြသွားခဲ့တယ်။"

ကုတုပလောင်ဒုက္ခသည်စခန်းနေ ဦးမောင်မောင်ကလည်း ဒုက္ခသည်တွေဘက်က UNHCR ကို တောင်းဆိုထားတဲ့အခြေအနေ ပြောပြပါတယ်။

"အခု သူတို့ UN ကပေးတဲ့ ကဒ်မှာ မြန်မာပြည်ကလို့ရေးထားတာတွေရှိတယ်။ အဲဒါကို ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်များက ကန့်ကွက်ထားတာရှိတယ် ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ UNHCR ရုံးကို ကျနော်တို့ ကန့်ကွက်စာပို့ထားတာ ရှိတယ်။ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုပြီးတော့ ရေးပေးပါလို့ တောင်းဆိုထားတာရှိတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ သိန်းချီတဲ့ဒုက္ခသည်တွေကတော့ အခုလက်ရှိမှာ ဘင်္ဂလားဒေ့ရှ်လူဝင်မှုကြီးကြပ်ရေးက ထုတ်ပေးထားတဲ့ ယာယီအသိအမှတ်ပြုကဒ်ပြားတွေနဲ့ မှတ်ပုံတင်ထားကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ UNHCR က ထုတ်ပေးမယ့် UN အသိအမှတ်ပြုကဒ်အတွင်း ထည့်သွင်းပေးဖို့ ဒုက္ခသည်တွေဘက်က တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးလည်း ကုလအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ ကို တောင်းဆိုမယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG