သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းဖြစ်ရပ်အတွက် အရေးယူမည့် လုံခြုံရေးတပ်ဖွဲ့အရာရှိစာရင်း EU ထုတ်ပြန်မည်


ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက် အပြုံလိုက်မောင်းထုတ်ခဲ့မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဒဏ်ခတ် အရေးယူမယ့် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိ ၇ ဦး အမည်စာရင်းကို ဒီကနေ့ တနင်္လာနေ့ Luxembourg နိုင်ငံမှာကျင်းပမယ့် EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာဖို့ရှိပါတယ်။ အမိန့်အတိုင်း ဆောင်ရွက်တဲ့ လုံခြုံရေးတပ်ဖွဲ့အရာရှိတွေကိုပဲ အပြစ်ပေးအရေးယူတဲ့ ဥရောပသမဂ္ဂရဲ့ လုပ်ရပ်ဟာ ထိရောက်မှု မရှိလှဘူးလို့ ဥရောပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက မြင်ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

အခုလို မြန်မာလုံခြုံရေးတပ်ဖွဲ့က (၇) ဦးအပေါ် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုထဲမှာ ဥရောပနိုင်ငံတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ဥရောပနိုင်ငံတွေမှာရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ စတဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကြီးမားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို ထိထိရောက်ရောက်အရေးယူဖို့ဆိုရင် အဓိကတာဝန်ရှိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ပိုပြီး အရေးယူသင့်တယ်လို့ မြင်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

" EU က အရေးယူမယ့် မြန်မာစစ်တပ်အရာရှိ (၇)ဦးဟာ ဥရောပကို တခါမှ လာဖူးသူတွေမဟုတ်သလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ဒီမှာ မရှိပါဘူး။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့နာမည်လည်း အခုဒဏ်ခတ်အရေးယူမယ့် စာရင်းထဲမှာ ပါဝင်ခြင်းမရှိဘူးလို့ ကျနော်တို့ သိရပါတယ်။ EU ရဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲ ဒီတကြိမ် တကယ့်ကို ပျော့ပြောင်းလွန်းပါတယ်။ ကုလသမဂ္ဂကိုယ်တိုင် လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုလို့ ဖေါ်ပြခဲ့တဲ့ဖြစ်ရပ်အတွက် ၁၀ လကြာပြီးမှ စစ်တပ်အရာရှိ (၇)ဦးကိုပဲ ခရီးသွားလာခွင့် ပိတ်ပင်မှုမျိုးလောက် ဥရောပသမဂ္ဂက လုပ်ဆောင်မှာဖြစ်ပါတယ်။"

မြန်မာစစ်အစိုးရ အဆက်ဆက် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ တက်လာပြီးနောက် မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုအများစုကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါအပြင် ၂၀၁၄-၂၀၂၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၈၁၀နီးပါး မြန်မာနိုင်ငံကို ထောက်ပံ့ဖို့လည်း လျာထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သြဂုတ်လက ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ နီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာစစ်တပ်က မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ EU က မြန်မာအပေါ် ချမှတ်ထားတဲ့ မူဝါဒမှာ အပြောင်းအလဲတချို့ရှိလာတာပါ။

ဘယ်လ်ဂျီယံ အခြေစိုက် Euro-Burma ရုံးရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးဟန်ညောင်ဝေရဲ့ အမြင်ကတော့

"ဦးသိန်းစိန်ခေတ်တုန်းကတော့ အီးယူအနေနဲ့ မြင်တာကတော့ အပြောင်းအလဲတကယ်ဖြစ်လာပြီ။ ဒီမိုကရေစီဘက်သွားနေပြီ တိုက်ပွဲတွေလည်း လျော့ချမယ် ငြိမ်းချမ်းရေးယူရမယ် ဆိုပြီးမြင်ခဲ့ပါတယ်။ အဲဒါကြောင့်သူတို့ကလည်း အားပေးပြီးတော့မှ အများကြီးကူညီခဲ့ပါတယ်။ ဒါပေမယ့် ခေတ်ပြောင်းလာပြီးနောက် ဒီမိုကရေစီဘက်လည်း တိုးတက်မှုမရှိဘူး ၊ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်မှုတွေ များလာတယ် တိုက်ပွဲတွေလည်း များလာတယ်ဆိုတော့ အီးယူအနေနဲ့ကတော့ ဒီဟာက အလုပ်မဖြစ်တော့ဘူး ဒီဟာတမျိုးတော့မှားနေပြီ လို့မြင်တာဖြစ်နိုင်ပါတယ်။"

ဥရောပသမဂ္ဂဘက်က မြန်မာကိုပေးနေတဲ့ အကူအညီတွေ ဖြတ်တောက်နိုင်တဲ့ အလားအလာ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ ဦးဟန်ညောင်ဝေက အခုလိုပြောပါတယ်။

"ကျနော်ထင်တာကတော့ ထောက်ပံ့မှုတွေကတော့ ချက်ချင်းဖြတ်မှာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ကတော့ မျှော်လင့်ချက်တွေရှိသေးတယ်။ ဒီလိုမျိုး တယောက် တယောက်ကိုအရေးယူရင် ဒီလိုမျိုးအစိုးရက ပေါ်လစီပြောင်းလာမလား ဆိုတဲ့သဘောနဲ့ စမ်းကြည့်တယ်လို့ မြင်တယ်။ ဒါပေမယ့် ဆက်ပြီးတော့ ဘယ်လိုမှပြောင်းလဲမှုမရှိဘူး ၊ ပိုပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေများလာတယ်ဆိုရင်တော့ ဒီဟာကတော့ တချိန်ကျရင်တော့ ဆက်ဆံရေး ၂ နိုင်ငံကြားမှာ ထိခိုက်နိုင်ပါတယ်။"

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်ခဲယမ်း ရောင်းဝယ်မှု ပိတ်ပင်တားမြစ်ထားတာကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ သက်တမ်းထပ်တိုးထားတာပါ။ အဲဒီတိုးမြှင့်လိုက်တဲ့ကန့်သတ်ချက်တွေအရ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကုန်ပစ္စည်း ရောင်းချတာတချို့ကိုလည်း ပိတ်ပင်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကိုလည်း ဥရောပသမဂ္ဂက ရပ်တန့်ခဲ့ပါတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ အခုလို မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့အရာရှိ (၇)ဦးကို ဒဏ်ခတ်အရေးယူဖို့ ဆက်လုပ်လာတာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမွတ်စလင် တွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု၊ ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ့ရှိတယ်ဆိုပြီး ဗိုလ်ချုပ် မောင်မောင်စိုးကို အမေရိကန်အစိုးရက ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှာ ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG