ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေက အခု အင်္ဂါနေ့မှာ စတင်ဖို့ ရှိနေချိန်မှာဘဲ ဌာနေ ပြန်ရေး အပေါ် ဒုက္ခသည်တွေကြား စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။
မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ နယ်စပ် ဒုက္ခသည် စခန်းတွေကို သွားရောက်တဲ့ ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်တွေက ဌာနေပြန်ပို့မယ့် အရေးကို ဆန့်ကျင်တဲ့ အနေနဲ့ အဝတ် ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။
ဌာနေ မပြန်လို့ ရှိရင် စားနပ်ရိက္ခာ ခွဲတမ်း ထုတ်ယူနိုင်တဲ့ ကတ်တွေကို သိမ်းမယ်လို့ ဘင်္ဂလားဒေရှ့် စစ်တပ် တာဝန်ရှိသူတွေက ခြိမ်းခြောက်ထားတယ်လို့လည်း ဒုက္ခသည် ခေါင်းဆောင် တချို့က ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက် အရ ဒုက္ခသည်တွေကို မြန်မာဘက်က လာမယ့် အင်္ဂါနေ့က စလို့ လက်ခံမှာပါ။
ဌာနေပြန်ရေး အတွက် ဒုက္ခသည် စခန်းတွင်းက မိသားစုတွေကို စာရင်းပြုစု ပြင်ဆင်ထားဖို့ ရိုဟင်ဂျာ ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ ၂ ရက် အတွင်း ဘင်္ဂလားဒေရှ့် စစ်တပ် တာဝန်ရှိသူတွေက ခေါ်ယူ တွေ့ဆုံ ပြောဆိုထားကြောင်း ရိုဟင်ဂျာ ခေါင်းဆောင်တွေက ရိုက်တာ သတင်းကို ပြောပါတယ်။ မနေ့ စနေနေ့က Gungdum စခန်းမှာ စစ်တပ် တာဝနရှိသုူတွေနဲ့ ဒုက္ခသည် စခန်းတွေရဲ့ ခေါင်းဆောင် ၇၀ ကျော်တို့တွေ့ဆုံခဲ့တဲ့ အကြောင်း တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ၄ ဦးတို့က ရိုက်တာ သတင်းကို ပြောဆိုပါတယ်။ ဌာနေပြန်ရေး အတွက် အဆင့်သင့် မဖြစ်ကြသေးလို့ မိသားစု စာရင်းတွေ မပေးနိုင်သေးကြောင်း ပြောတာမှာတော့ သူတို့ရဲ့ စာနပ်ရိက္ခာ ထုတ်ယူခွင့်ကတ်တွေ သိမ်းဖို့ ပြောဆိုခဲ့တယ်ဆိုပြီး Gungdum စခန်းရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ မူဆာက ပြောပါတယ်။