သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ပြန်ပို့ရေး အဆောတလျင် မလုပ်ဖို့ UNHCR တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ ကိစ္စမှာ ဆန္ဒအလျောက် ပြန်ခွင့်ရှိရမယ်ဆိုတဲ့ အချက်ဟာ အဓိကအရေးကြီးကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်တွေရဲ့ လုံခြုံရေးအာမခံချက်ပေးဖို့နဲ့ ကာကွယ်ပေးနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးပွဲတွေမှာ UNHCR အနေနဲ့ ပါဝင် ကူညီဖို့ အဆင့်သင့်ရှိနေကြောင်း မနေ့ အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဇန်နဝါရီလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ပထမဆုံးအကြိမ်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက အလေးထားကြောင်း UNHCR ပြောခွင့်ရ Andrej Mahecic က သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ ဆက်လက်ရှိနေတဲ့အတွက် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း UNHCR က သတိပေးပြောဆိုထားတာပါ။ ဒါကြောင့် အခုလို ဒုက္ခသည်တွေနေရပ်ပြန်ဖို့ စီစဉ်ရာမှာ သူတို့ ဆန္ဒအလျောက်ဖြစ်ဖို့ အရေးကြီးကြောင်း Andrej Mahecic က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကိစ္စမှာ သူတို့ဆန္ဒအလျောက်ပဲ ပြန်ခွင့်ရှိတယ်ဆိုတဲ့ အဓိကအချက်ဟာ နှစ်နိုင်ငံကြားဆွေးနွေးရာမှာအရေးကြီးတဲ့ အချက်ဖြစ်ကြောင်း UNHCR က အထူးအလေးပေးချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ သတင်းအချက်အလက်တွေရနိုင်ဖို့၊ သူတို့အပေါ် အကာအကွယ်ပေးမှုကို အာမခံချက်ပေးဖို့၊ မြန်မာနိုင်ငံကို ပြန်ရေး စတာတွေမှာ အသေအချာဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေမှာ ကျနော်တို့ ပါဝင်ဖို့ ဆန္ဒရှိနေပါတယ်။”

ဒါအပြင် နှစ်နိုင်ငံဆွေးနွေးပွဲမှာ ဒုက္ခသည်တွေပြန်လာရေး လက်တွေ့ဖြစ်နိုင်တဲ့နည်းလမ်းတွေကို အဓိကထားခဲ့တယ်လို့ UNHCR က နားလည်မိကြောင်းသူက ဆိုပါတယ်။ အခုလက်ရှိ UNHCR ကနေ ဒုက္ခသည်တွေဆီက ရရှိထားတဲ့အချက်အလက်တွေနဲ့ ပတ်သက်လို့လည်း သူက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံဘက်ကို ပြန်ဖို့ မစဉ်းစားခင်မှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ဟာ သူတို့ရဲ့ တရားဝင်နေထိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် အခြေအနေတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုကို မြင်တွေ့လိုကြောင်း၊ နောက် ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချရမှု အခြေအနေ နဲ့ သူတို့ အိမ်တွေပြန်တဲ့အခါ ရပ်တည်စားသောက်ဖို့ အခြေခံအခွင့်အရေးတွေရနိုင်ဖို့ လိုလားကြောင်း ဒုက္ခသည်တွေက UNHCR ဝန်ထမ်းတွေကို အကြောင်းကြားခဲ့ပါတယ်။”

လက်ရှိ မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ထောက်ခံထားတယ်ဆိုတာ UNHCR အနေနဲ့ သိရှိထားကြောင်း၊ အဲဒီထဲမှာ ဒုက္ခသည်တွေနေရပ်ပြန်ရေး လိုအပ်တာတွေ၊ ရခိုင်ပြည်နယ်တွင်းက အသိုင်းအဝိုင်းအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိဖို့ ဆောင်ရွက်ရမှာတွေ၊ မွတ်စလင်အသိုင်းအဝိုင်းအတွက် တရားဝင်နေထိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် အကောင်အထည်ဖို့ စတဲ့ အရေးကြီးတဲ့အချက်တွေကို အကြံပြုတင်ပြထားကြောင်း Andrej Mahecic က ပြောပါတယ်။ ဒါကြောင့်လည်း ဒီအကြံပြုချက်တွေကို မြန်မာအစိုးရဘက်က အရေးတကြီးအကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ ကုလသမဂ္ဂက မျှော်လင့်မိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့နေရာတွေမှာ UNHCR ကို အခုချိန်ထိ မြန်မာအစိုးရဘက်ကဝင်ရောက်ခွင့်မပြုသေးကြောင်းAndrej Mahecic ကသတင်းထောက်တွေကိုပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်းမှာပဲရှိနေတဲ့ အကူအညီလိုအပ်နေသူတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုပြီး ပံပိုးပေးနိုင်ဖို့နဲ့ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားအားထုတ်မှုတွေမှာ အကူအညီတွေပေးဖို့ မြန်မာနိုင်ငံမှာရှိတဲ့ UNHCR နဲ့ လုပ်ဖေါ်ကိုင်ဖက် အဖွဲ့အစည်းတွေအတွက် အရေးတကြီးသွားရောက် လုပ်ကိုင်ဆောင်ရွက်ဖို့ အဟန့်အတားမရှိဖို့ လိုအပ်နေပါတယ်။”

ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်ပြီးထွက်ပြေးလာနေတဲ့ ဒုက္ခသည်တချို့ရှိနေပြီး ပြီးခဲ့တဲ့ သတင်းပတ်ကပဲ နယ်စပ် လယ်ကွင်းတွေမှာ ပိတ်မိနေသူတွေထဲက ဒုက္ခသည်ပေါင်း ၉၄၀၀ ကို UNHCR နဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေကနေ Kutupalong ဒုက္ခသည်စခန်းကို ဘတ်စ်ကားတွေနဲ့ ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အထူးစိုးရိမ်နေရတဲ့ လူကုန်ကူးမှုအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတကာရွှေ့ပြောင်း အခြေချနေ ထိုင်သူများ အရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ IOM ဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်းIOM အဖွဲ့က မနေ့ အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာအစိုးရအကြား ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ မနေ့ အင်္ဂါနေ့က သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရဖက်က တရက်ကို ဒုက္ခသည် ၃၀၀ လက်ခံ ဖို့နဲ့ ဒီလိုပြန်လည်လက်ခံရေးအစီအစဉ်ကို ၂နှစ်အတွင်း ဆောင်ရွက်ဖို့ သဘောတူညီပါတယ်။ ဒီအစီအစဉ် ကိုတော့ ဒီလ ၂၃ရက်နေ့မှာစတင်ဖို့ လျာထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို ARSA အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၆ သိန်းခွဲကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG