သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နှစ်အတွင်း ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူ


(Ministry of Foreign Affairs Myanmar)
(Ministry of Foreign Affairs Myanmar)

ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာအစိုးရအကြား ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ ဒီကနေ့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရဖက်က တရက်ကို ဒုက္ခသည် ၃၀၀ လက်ခံ ဖို့နဲ့ ဒီလိုပြန်လည်လက်ခံရေးအစီအစဉ်ကို ၂နှစ်အတွင်း ဆောင်ရွက်ဖို့ သဘောတူညီပါတယ်။ ဒီအစီအစဉ် ကိုတော့ ဒီလ ၂၃ရက်နေ့မှာစတင်ဖို့ အကြမ်းဖျဉ်းအားဖြင့် ရှိနေကြောင်းလည်း နှစ်နိုင်ငံဆွေးနွေးပွဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေတဲ့ မူဆလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပက်သတ်လို့ နှစ်နိုင်ငံ အစိုးရကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာ တနင်္လာနေ့ကစတင်ဆွေးနွေးခဲ့ပြီး ဒီကနေ့ မှာတော့ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်မှာ ပါဝင်တဲ့အချက်တွေကို ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။

“ ကျနော်တို့ မနက်ကတော့ ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာကြားမှာ Physical Arrangement for Repatriation ပေါ့၊ အဲဒါတော့ လက်မှတ်ထိုးပါတယ်ခင်ဗျ။ နှစ်ဖက်လေ။ ကျနော်တို့ လောလောဆည် Reception Centre ၂ခုရှိမယ်။ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ၊ Centre တခုကို တရက်ကို ၁၅၀ ။ ၂ခုဆိုရင် ၃၀၀ပေါ့နော်။ ဆိုတော့ တပတ်မှာ ၅ရက်လက်ခံပါမယ်။ တစ်ပတ်ကို ၁၅၀၀ ပတ်ဝန်းကျင်ပေါ့။ သူတို့က တစ်ရက်ကို ၁၅၀၀၀ လက်ခံခိုင်းတယ်။အဲဒါတော့ ကျနော်တို့ လက်တွေ့မြေပြင်အခြေအနေရယ် လုပ်နေတာတွေနဲ့ လိုက်လျောညီထွေမရှိလို့ ကျနော်တို့က ကျနောတို့လက်ခံနိုင်တာ ဒါပါဆိုပြီးတော့ ပြန်ပြောထားပါတယ်ခင်ဗျ။ ”

ပြန်လည်လက်ခံရေးအစီအစဉ်ကို ၂နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ဖို့နဲ့ ဆောင်ရွက်စဉ် တိုးတက်လာတဲ့ အခြေအနေကို ကြည့်ပြီး မူလသတ်မှတ်တဲ့အချိန်ကို ပြန်လည်သုံးသပ်သွားမယ်လို့လည်း ပြောပါတယ်။

“Repatriation ကို time bound manner နဲ့ complete ဖြစ်အောင်လုပ်မယ်။ preferably two years ဆိုပြီးတော့ အဲလိုလေးတော့ နှစ်ဖက် ဟိုဥစ္စာထဲမှာ ထည့်ထားတယ်။ ဒါကတော့ Repatriation လုပ်တဲ့အပေါ် progress ကို ကြည့်ပြီးတော့ ကျနော်တို့ Time frame ကိုလည်း ပြန်ပြီးတော့ review လုပ်မယ်ဆိုပြီးတော့ ကျနော်တို့ နားလည်မှုယူထားပါတယ်။ ”

ဒီကနေ့ ရရှိတဲ့သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ရရှိထားတဲ့သဘောတူညီချက်ကို အခြေခံပြီး လက်တွေ့ဆောင်ရွက်နိုင်မယ်အခြေအနေကို ပြန်လည်ဆွေးနွေး လက်မှတ်ရေးထိုးတာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံမယ်အစီအစဉ်ကို ဦးကျော်မိုးထွန်းက အခုလို ဆက်ပြောပါတယ်။

“ ကျနေ်ာတို့က ၂၃ရက်နေ့ နိုဝင်ဘာ တုန်းက သဘောတူညီချက်အရ အခု ဇန်နဝါရီ ၂၃ဆို စရမှာပေါ့နော်။ အဲလို စတဲ့အခါမှာလည်း ကျနော်တို့ ဒီဖက်က ပုံစံတွေ ပေးပြီးပြီ။ ဖြည့်ဖို့ from ပုံစံတွေပေးပြီးပြီ။ သူတို့က form တွေဖြည့်ပြီးရင် အသုတ်လိုက်၊ အသုတ်လိုက် ပို့ပေးမယ်။ ပေးပြီးရင် ကျနော်တို့က ဒီဖက်မှာ လူဝင်မှုကြီးကြပ်ရေးက စစ်မယ်။ စစ်ပြီးတဲ့ အပေါ်မူတည်ပြီးတော့ သူတို့ဖက်ကို ပြန်ပို့မယ်။ ကျနေ်ာတို့က verify လုပ်ပြီးတဲ့ သူတွေထဲမှာ တရက်တရက်ကို ၁၅၀ Reception center တခုကို လက်ခံသွားမှာပေါ့။ ”

ဒုက္ခသည်တွေ နေရာချထားရေး ဦးဆောင်စီစဉ်နေသူ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက စိစစ်ပြီးဒုက္ခသည်တွေကို သတ်မှတ်ထားတဲ့ရက်မှာပြန်လည်လက်ခံဖို့အတွက် အဆင်သင့်ဖြစ်အောင်ဆောင်ရွက်ကြောင်း ပြောဆိုထားပါတယ်။

HRW ခေါ် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ ဒုက္ခသည်တွေ ပြန်လာမယ်အချိန်ဇယားက စောလွန်းတာရယ်၊ နေရပ်စွန့်ခွာသွားတဲ့အကြောင်းရင်းကို မဖြေရှင်းနိုင်သေးတာရယ်၊ နေရပ်ပြန်သူတွေရဲ့ လုံခြုံရေးကို စောင့်ကြည့်နိုင်တဲ့စနစ် အကောင်အထည်မဖော်နိုင်တာရယ် စတာတွေကြောင့် စိုးရိမ်မှုရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၇ခုနှစ် သြဂုတ်က ဖြစ်ပွားတဲ့အကြမ်းဖက်တိုက်ခိုက်မှုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ က ရှင်းလင်းခဲ့တဲ့နောက် မူဆလင်ဒုက္ခသည်၆ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို တိမ်းရှောင်သွား ခဲ့ပါ တယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေဟာ လူမျိုးတုံးသတ်ဖြတ်တဲ့အခြေအနေဖြစ်တယ်လို့ အမေရိ ကန်အစိုးရက ဖော်ပြပြောဆိုခဲ့သလို။ ကုလသမဂ္ဂကလည်း လူမျိုးပြုတ်ရှင်းလင်း သုတ်သင် တဲ့ အခြေအနေ ရောက်နေတယ်လို့ ဆိုနိုင်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG