သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်အခြေချနေထိုင်ရေး မြန်မာပြင်ဆင်


ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ မှတ်ပုံတင်စားရင်းကောက်ယူနေစဉ်။ ဓါတ်ပုံ - REUTERS

ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မကြာခင်သီတင်းပတ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ပြန်လာရောက် အခြေချနိုင်ရေး အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြပြီလို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ပြန်ဝင်ရောက်အခြေချနေထိုင်မယ့်ဒုက္ခသည်တွေကတော့ သူတို့ကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့နဲ့ သူတို့အတွက် လုံခြုံရေး အာမခံချက်ပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။ နောက်ဆုံးအခြေအနေကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ သြဂုတ်လက ဖြစ်ပွားတဲ့ ရခိုင်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာရေးနဲ့သူတို့ကို ပြန်လည်နေရာချထားရေးတွေကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူညီချက်တွေအတိုင်း အစိုးရတာဝန်ရှိသူတွေဘက်က ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မီ၊ နောက် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD စတဲ့ကော်မတီတွေဖွဲ့ပြီး ရေရှည်စီမံကိန်းချဆောင်ရွက်နေကြတာပါ။

ဒီလိုရခိုင်ပြည်နယ်တွင်း ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေးနဲ့ပတ်သက်လို့ လုပ်ငန်းစဉ်တွေမှာလည်း နိုင်ငံတကာ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့အတူ ကုလသမဂ္ဂ UN အဖွဲ့တွေ ပူးပေါင်းပါဝင်ပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး နဲ့ နေရာချထားရေးကိစ္စတွေမှာလည်း ကူညီဆောင်ရွက်ကြဖို့ UEHRD ကော်မတီ ဒုဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးတို့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်။

မကြာခင် နေရပ်ရင်းကိုပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနေအထားတွေကို ရခိုင်မြောက်ပိုင်းမှာ ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်နေတဲ့ တွဲဖက်ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ -ဖြည့်တင်းရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က အခုလိုရှင်းပြပါတယ်။

“တောက်လျောက်တော့ ကျနော်တို့ ကြိုတင်ပြင်ဆင်နေပါတယ် ခင်ဗျာ။ တောက်လျောက် အစည်းအဝေးတွေလုပ်၊ တောက်လျောက်တွေ့ အားလုံး အပတ်တိုင်းနီးပါး ၀န်ကြီးအဆင့်တွေ၊ ဒုဝန်ကြီးအဆင့်တွေ အဲဒါတွေကအစ ဒီမြေပြင်ကွင်းဆင်းပြီးတော့ စီစစ်ပြီးတော့ပေါ့နော် ဒီအားသွန်ခွန်စိုက် အချိန်မီ ပြီးအောင်ပေါ့နော်၊ အချိန်မီ ပြီးအောင် အောက်ကလူ အားလုံး ၀ိုင်းပြီးတော့ စီစစ် ကြပ်မတ် ပြီးတော့ ဆောင်ရွက်နေပါတယ် ခင်ဗျာ။ ကျနော်တို့ဘက်ကတော့ ဟို… တတ်နိုင်သလောက် အဆင်ပြေအောင် အားလုံး လုပ်ပေးနေပါတယ်။ ရိက္ခာတွေကို ပြတ်လပ်မှုတွေ မရှိအောင် အထူးသဖြင့်ကတော့ အဲဒီ ဟို…. ပြန်လာတဲ့ နေရာတွေရှိတယ်။ အခက်အခဲမဖြစ်အောင်၊ နောက် လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေ ရောက်အောင် ပို့ပေးနေပါတယ် ခင်ဗျာ။”

အခုလို အစိုးရတာဝန်ရှိသူတွေဘက်က နေရပ်ရင်းပြန်လာမယ့်သူတွေအတွက် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်နေကြပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေဘက်ကတော့ စိုးရိမ်မှုတွေရှိနေကြဆဲပါ။ မြန်မာအစိုးရတာဝန်ရှိသူတွေအနေနဲ့ နေရပ်ပြန်လာမယ့်ဒုက္ခသည်တွေကို နိုင်ငံသားအခွင့်အရေးတန်းတူပေးဖို့နဲ့ သူတို့အတွက် လုံခြုံရေးအစီအမံတွေ စနစ်တကျ ချထားပေးစေလိုပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က Kutupalong ဒုက္ခသည်စခန်းနေဦးမောင်မောင်က အခုလိုပြောပါတယ်။

“ဒီမှာရှိတဲ့လူတွေဟာ လောလောဆယ် ပြန်နိုင်တဲ့လူတွေက မရှိပါဘူး ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီမှာ အခု အဲဒီမှာ ရှိတဲ့ သူတွေကိုတော့ အခု နေရာချမပေးနိုင်ဘူး ဆိုလို့ရှိရင် ကျနော်တို့ ဒီ ၂၀၁၂ ခုမှာ တခါ၊ ၂၀၁၆ ခုမှာ တခါ၊ အခု ၂၀၁၇ မှာ တခါ၊ သူတို့ဟာ အခုနောက်ထပ်တကြိမ် ဒီလို ၉၃ သဘောတူညီချက် အတိုင်း သွားမယ်ဆိုလို့ရှိရင် ဒီလူတွေက လောလောဆယ် သွားနိုင်တဲ့နေရာ တနေရာမှမရှိပါဘူး။ ဒီမှာ ရှိတဲ့လူတွေက တောင်းဆိုချင်တာ၊ သဘောကတော့ - ပထမပိုင်းမှာ ကျနော်တို့ကို ရိုဟင်ဂျာ လူမျိုးဆိုပြီး သတ်မှတ်ပြီးတော့ တခြားလူတွေအတိုင်း တန်းတူအခွင့်အရေးပေးရမယ်။ နောက်ထပ် အဲ့ဒီမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ပထမပိုင်းမှာ နေရာချပြီးတော့ သူတို့ကို နိုင်ငံသား စီစစ်ရေး သူတို့ကို နိုင်ငံသားကဒ် ပထမ ထုတ်ပေးရမယ်။ နောက်တခု ရှိတာ ဒီမှာ ရှိတဲ့လူတွေ သွားဖို့အချိန်ကျရင် UN ကုလသမဂ္ဂ ပေးတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါ့ အဲ့ဒါကို ကျနော်တို့နဲ့အတူ လိုက်ပါလို့ရမယ်။ နိုင်ငံတကာ စောင့်ရှောက်တဲ့အဖွဲ့လည်း ကျနော်တို့နဲ့အတူ လိုက်ပါရမယ်။”

အဆောက်အဦးတွေ ပြန်လည်တည်ဆောက်ပေးပြီး သူတို့ရဲ့ မူလနေရပ်ရင်းတွေမှာ နေရာချထားပေးဖို့နဲ့ မီးလောင်ပျက်စီးခဲ့ရတဲ့ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းတွေကို နစ်နာကြေးပေးဖို့နဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ စနစ်တကျစီစဉ်ပေးဖို့ကိုလည်း Kutupalong ဒုက္ခသည်ဦးမောင်မောင်ကပြောပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် ကြိုတင်ပြင်ဆင်နေသလိုပဲ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွေက ဒေသခံရခိုင်ပြည်သူတွေနဲ့ မြို ခမီ ကသည်းစတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ နောက် နေရပ်မှာပဲ ကျန်ခဲ့တဲ့ မူဆလင်ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ နိုင်ငံတကာက လှူဒါန်းထားတဲ့ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ပံ့ပိုးပေးနေကြတယ်လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ကပြောပါတယ်။

“ကျနော်ကိုယ်တိုင်ကပေါ့နော် ဆင်းပြီးတော့ အဲ့မှာ သွားပြီး ရိက္ခာတွေ သွားပြီး ထောက်ပံ့ခဲ့တာတွေရှိတယ်။ ဒါတွေက humanitarian assistance လိုအပ်မယ့်နေတဲ့ နေရာတွေကိုပေါ့နော်။ ဒီဟာတွေကို assistance တွေရောက်အောင် ဆိုပြီးတော့ အထူးသဖြင့် ရိက္ခာတွေနဲ့ ဟိုဟာ… gap မဖြစ်သွားအောင်ပေါ့၊ အားလုံး ၀ိုင်းပြီးတော့ အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်နေတာပါ။ အဲဒါတွေအားလုံးကတော့ UEHRD အောက်ကသွားနေတာ မဆုမွန်ရေ။ ဟို…ဥပမာ ပြောရမယ်ဆိုရင် ကျနော်တို့ တချို့ ဟိန္ဒူတွေရှိမယ်၊ ပြန်လာတယ် သူ့တို့နေရာ သူတို့မရောက်သေးဘူး။ ယာယီစခန်းသဘောမျိုးနဲ့ ခန နေရာတာမျိုးတွေရှိတယ်။ အဲ့ဒါမျိုးတွေကအစပေါ့နော် ကျနော်တို့တွေ ဒီအခက်အခဲတွေမဖြစ်အောင်၊ နောက်တခါကျတော့ ကျနော်တို့ မြိုတိုင်းရင်းသားတွေ အဲဒီလိုပဲ သူတို့နေရာ သူတို့မရောက်သေးဘူး။ အခက်အခဲ မဖြစ်အောင် ဆိုပြီးတော့ ဒီလူသားခြင်းစာနာထောက်ထားမှု အကူအညီတွေ ရောက်အောင် ပို့ပေးနေပါတယ် ခင်ဗျာ။”

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဖွံ့ဖြိုးရေးတွေကို ရခိုင်ပြည်နယ်တွင်း စီမံကိန်းချဆောင်ရွက်နေတဲ့ UEHRD တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးတို့ ဇန်နဝါရီလ ၅ရက်နေ့က တွေ့ဆုံခဲ့ကြပြီးလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး၊ IDP စခန်းများတွင် နေထိုင်သူတွေအတွက် လူမှုရေးနှင့် ဥပဒေဆိုင်ရာ ကန့်သတ် ချက်များ လျှော့ချနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးခံယူရန် (NV) ကတ် ထုတ်ပေးရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့လည်း အစိုးရ ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG