ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကနေ ပြန်လာကြမယ့် ဒုက္ခသည်တွေကို လက်ခံရေးအတွက် ပြင်ဆင်မှုတွေကို အခုထက်ပိုပြီး ထင်သာမြင်သာဖြစ်အောင် အသိပေး ထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တောင်းဆို လိုက်ပါတယ်။ ဒုက္ခသည်တွေပြန်လည်လက်ခံရေး အပိုင်းမှာ တာဝန်ယူ ထားသူတွေကတော့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်ချက်တွေ ပြင်ဆင်မှုတွေကို မပြတ် ထုတ်ပြန်ပေးနေတယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေပြန်လာရင် နေရာထိုင်ခင်းအပြင် ဝင်ငွေပါရှာနိုင်မယ့်အစီအစဉ်တွေ လုပ်နေတယ်လို့ ပြောပါတယ်။ အပြည်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။
ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ပြန်လာကြမယ့် ဒုက္ခသည်တွေကို လက်ခံဖို့ အစိုးရက ပြင်ဆင်ဆောင်ရွက်နေတာကို နိုင်ငံတကာအပါအ၀င် ပြည်တွင်းကလေ့လာစောင့်ကြည့် သူတွေ ထင်သာမြင်သာသိရှိစေဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့် ကင်းစခန်းတွေအပေါ် သြဂုတ်လ ၂၅ ရက်က အာဆာအကြမ်းဖက်အဖွဲ့တိုက်ခိုက်ခဲ့လို့ စစ်တပ်ကနေ နယ်မြေရှင်းလင်းမှုတွေ စတင်ခဲ့ချိန်ကစလို့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်သွားတဲ့ အစ္စလာမ်ဘာသာဝင် သိန်းချီရှိပါတယ်။
သူတို့ကို ပြန်လက်ခံရေးအပါအဝင် ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေကို သွားလေ့လာခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြအေးနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့အဖွဲ့ဝင် ဦးယုလွင်အောင်က ဗွီအိုအေကို ပြောပြပါတယ်။
" အဓိကကတော့ သူတို့ကို တဘက်နိုင်ငံကနေ ပြန်ဝင်လာမယ်ဆိုတဲ့ ဘင်္ဂလီတွေ ရှိတယ်လေ အဲ့ဒီ့အတွက်ကို သူတို့တွေ ပြင်ဆင်မှုတွေ လုပ်နေတယ်ပေါ့။ အဲ့ဒီ့ပြင်ဆင်မှုတွေ လုပ်နေတာက ကျနော်သွားတုန်းက တချို့ဟာတွေ မပြီးသေးဘူး။ သူတို့ကတော့ ကျနော်ပြန်လာပြီးတော့ နောက်ထပ်တိုးတက်မှုတွေ ရှိပါတယ် လုပ်နေပါတယ်လို့ြေ့ပာတယ် အဲ့တော့ ကျနော်တို့ကတော့ အခုလို ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာကို အများပြည်သူ နည်းနည်းလေးသိအောင် ပွင့်ပွင့်လင်းလင်းလေး အသိပေးပေးပါလို့ မေတ္တာရပ်ခံတာပါ။
နောက်တခါ ထွက်ပြေးတိမ်းရှောင် တိုင်းရင်းသားတွေရှိတယ် သူတို့အတွက်လည်း အဆောက်အဦးတွေ ဆောက်နေတာတွေ မပြီးသေးဘူး ဒါကိုလည်း ကျေန်ာတို့က မြန်မြန်လေး ပြီးအောင် လုပ်ဖို့ပေါ့ နောက်တခါ ကျန်နေခဲ့တဲ့ ဘင်္ဂလီတွေရှိတယ်လေ သူတို့ကိုလည်း စားမှုနေမှု အခက်အခဲတွေ မရှိအောင် ကူညီမှုတွေ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးဖို့ စသည်အားဖြင့်ပေါ့ ဒါလေးတွေ ကျနော်တို့က အကြံပြုခဲ့တာပါခင်ဗျ။"
လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတဲ့အပိုင်းတွေကို စဉ်ဆက်မပြတ် သတင်းတွေ ထုတ်ပြန်နေတယ် လို့ပြောပါတယ်။ ဒုက္ခသည်တွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်များအရ ဥပဒေနဲ့အညီ ဇန်န၀ါရီလ တတိယအပတ်ထဲမှာ ပြန်လည် လက်ခံတော့မှာဖြစ်ပါတယ်။
ဒုက္ခသည်တွေပြန်လာတဲ့အခါမှာ နေထိုင်ရေး စားနပ်ရိက္ခာ အပြင် ဝင်ငွေရနိုင်ဖို့ နည်းလမ်းတွေ ကိုပါ စီစဉ်ပေးထားတာကို ဒေါက်တာဝင်းမြတ်အေးက VOA ကိုရှင်းပြပါတယ်။
" ကျနော်တို့က ပြန်ဆောက်ပေးတဲ့နေရာနားမှာ အိမ်ပြန်ဆောက်ပေးတဲ့ သူတို့ရဲ့ မူလဆောက်တဲ့နေရာနားမှာကိုပဲ ကျနော်တို့က ရွက်ဖျင်တဲနဲ့ ခနထားလို့ရတယ် ရွက်ဖျင်တဲဆိုတာကလည်း ကမ္ဘာ့နိုင်ငံတွေမှာ သုံးနေတဲ့ အကောင်းစား တော်တော်ကောင်းတယ် လုံလုံခြုံခြုံရှိတယ် ရှိတယ် အဲ့မှာနေပြီးတော့ သူတို့ကိုယ်တိုင် လုပ်အားပေးချင်တယ်ဆိုရင် နေ့စားခလည်း သူတို့ရမယ်။ ဒါက ကျနော်တို့က ဆောက်ပေးတာကို သူတို့လည်း နေ့စားခလည်းရမယ်။ ပိုက်ဆံလည်းရမယ် ကိုယ့်အိမ်လည်း ကိုယ်ဆောက်ရမယ်။ ပုံစံလည်း ကိုယ်ကြိုက်တဲ့ပုံစံတောင် ပြောလို့ရသေးတယ်။ ဥပမာပြောပြတာ။"
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး၊ ဒုက္ခသည်တွေပြန်လည် လက်ခံရေးအပိုင်းတွေမှာ အစိုးရက ပြင်ဆင်ဆောင်ရွက်နေတဲ့အပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ရဲ့အဖွဲ့ဝင် ဦးယုလွင်အောင်က အခုလို သုံးသပ်ပါတယ်။
" ကျန်တဲ့ လူ့အခွင့်အရေးစံချိန်မှီမမှီဆိုတာကတော့ ဒီလိုလေး စားရေးသောက်ရေး စီစဉ်ထားတယ်။ ကိုယ့်အိမ်ကိုလည်း စိတ်တိုင်းကျ ဆောက်ခွင့်ပြုမယ်။ ဆောက်ဖို့လည်း လိုအပ်တဲ့ ပစ္စည်းပံ့ပိုးပေးမယ်။ ဒီကြားထဲမှာလည်း စားရေးသောက်ရေး ထောက်ပံ့ပေးမယ်ဆိုတော့ ဒါတော့ မဆိုးဘူးလို့ ကျနော်တို့မြင်တာပေါ့လေ။"
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်ထူထောင်ရေး၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအပိုင်းတွေကို မပြတ်စောင့်ကြည့်နေပီး လိုအပ်တဲ့အကူအညီတွေ၊ ပံပိုးမှုတွေ၊ အကြံဥာဏ်တွေပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။