သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရဟု MNHRC ထုတ်ပြန်


ရိုက်တာသတင်းဌာနက သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦး။
ရိုက်တာသတင်းဌာနက သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦး။

ရိုက်တာသတင်းဌာနက သတင်းထောက်၂ဦးအဖမ်းရပြီး တပတ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရရှိသေးတာ၊ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မပေးတာဟာ လူ့အခွင့်အရေး ၊ နိုင်ငံသားအခွင့်အရေးတွေကိုချိုးဖောက်ခံနေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကပြောပါတယ်။ အဲဒီလို ဖမ်းဆီးခံ သတင်းထောက်၂ယောက် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကို တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိလာပါက ပြည်ထဲရေး၊လွှတ်တော်နဲ့ နိုင်ငံတော် သမ္မတအထိပါ အသိပေး တိုက်တွန်းသွားမယ်လို့လည်းပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရဲတပ်ဖွဲ့ ဝင်တချို့နဲ့ ညစာစားရင်းတေ့ွဆုံဖို့ ဖိတ်ကြားခံရလို့ သွားခဲ့ပြီးနောက်မှာ သတင်းထောက် ၂ ယောက်ကို မြန်မာအစိုးရ လှို့ဝှက်ချက် အက်ဥပဒေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ပတ်ကျော်ကြာမြင့်တဲ့အထိ မိသားစု နဲ့ လည်း အဆက်အသွယ်မရသေးသလို ဘယ်နေရာမှာ ရှိပြီး ဘယ်လိုအခြေအနေရှိနေလဲ ဆိုတာမသိရသေးပါဘူး။ အဲဒီလိုအခြေအနေမျိုးတွေဟာဖမ်းဆီးခံသတင်းထောက်၂ဦးအတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ရဲ့ အဖွဲ့ဝင် ဦးယုလွင်အောင်က VOAကိုပြောပါတယ်။

" အော် ဒါတော့ ကျနော်တို့မှာလည်း တာဝန်ရှိပါတယ် ဒီလိုလုပ်တဲ့ပုဂ္ဂိုလ်တွေကို ဒီလိုလုပ်ရင်တော့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆက်စပ်တယ် ဒါကတော့ လူ့အခွင့်အရေးနဲ့ ဆိုင်တယ် မဆိုင်ဘူးဆိုတာ ကျနော်တို့က သူတို့ကို အသိပညာ Educate လုပ်ဖို့ လိုတာပေါ့။ အသိပညာပေးဖို့က ကျနော်တို့ တာဝန်ဖြစ်တော့ ကျနော်တို့မှာပဲ တာဝန်ရှိတယ်လို့ ကျနော်တို့ခံယူပါတယ်ခင်ဗျ။"

ဒီကနေ့မနက်ကဘဲ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖမ်းဆီးခံ သတင်းထောက်၂ယောက်အတွက် မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်ရေး ရရှိစေဖို့၊ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့နဲ့ ဖမ်းဆီး ထိန်းသိမ်းထားစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေဖို့စတဲ့ ရပိုင်ခွင့် လူ့အခွင့်အရေးတွေ ရရှိစေရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံသတင်းထောက်၂ဦးနဲ့ပတ်သက်ပြီး နောက်ထပ်အချိန် သတင်းပတ် ၁ပတ်ကြာတဲ့အထိမှ တုံ့ပြန်မှုတစ်ခုခုရှိမလာဖူးဆိုရင်တော့ ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်ဖို့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြည်ထဲရေး၊ လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတ အထိ အသိပေးတင်ပြသွားမယ်လို့လည်း ဦးယုလွင်အောင်ကပြောပါတယ်။

" ကျနော်တို့ကတော့ ပထမအဆင့်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို မေတ္တာ ရပ်ခံရမှာပေါ့လေ။ ဒါမှအဆင်မပြေဘူးဆိုရင်တော့ နိုင်ငံတော်သမ္မတရုံးကို တင်ပြမေတ္တာရပ်ခံရမှာပေါ့လေ။ ဒါမှမရဘူးဆိုရင်တော့ လွှတ်တော်ကို ကျနော်တို့က ပြည်သူလူထုကိုယ်စားလှယ်တွေကို ကျနော်တို့က တင်ပြရမှာပေါ့။"

ဖမ်းဆီးထားတဲ့ သတင်းထောက်နှစ်ဦးဟာ ကောင်းကောင်းမွန်မွန်နဲ့ရှိနေပြီး၊ အမှုကို ဥပဒေအတိုင်းဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတကလည်း ခွင့်ပြုပြီးသားဖြစ်တယ်လို့ သမတရုံး ပြောခွင့်ရသူက ပြောထားပါတယ်။ ဒါကြောင့် မကြာခင်မှာတော့ သူတို့ကို ရုံးထုတ်စစ်ဆေးဖွယ်ရှိနေပါတယ်။ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကရော ပြည်ထဲရေးကပါ ဒီကိစ္စနဲ့ပတ်သက်လို့ တလုံးတပါဒမှ မှတ်ချက်ပေး ပြောဆို တာမျိုးမရှိသေးပါဘူး။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ဦးကို မိသားစုရော ရှေ့နေပါ အခုချိန်ထိ တွေ့ခွင့်မရသေးတတာကြောင့် ဖမ်းဆီးခံ သတင်းထောက် ၂ဦးရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ မိသားစုဝင်တွေ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေက စိုးရိမ်နေကြတာပါ။

ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားတဲ့ မြန်မာနိုင်ငံ အစိုး၇ လ ျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃အရ နိုင်ငံ တော် လုံခြံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး တရားမဝင် သတင်းရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုနေ ကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG