သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှက ပြန်လာမယ့်ဒုက္ခသည်တွေ စာရင်းမပြန်သေး


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံဘက် ပြန်လည်ဝင်လာမယ့် သူတွေကို နှစ်လအတွင်း စီစစ်လက်ခံသွားဖို့ မြန်မာအစိုးရက ကတိပြုထားအတိုင်း၊ ဆောင်ရွက်နေပေမယ့် အခုအချိန်အထိ ပြန်လာမယ်ဆိုတဲ့ စာရင်း တဦးမှ မရရှိသေးဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဇန်ဝါရီ (၂၂)ရက်စလို့ လက်ခံဖို့ အဆင်သင့်ရှိနေပြီလို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဒုက္ခသည် ပြန်လည် လက်ခံရေး အခြေအနေကို VOA ကိုဉာဏ်ဝင်းအောင်က မေးမြန်းတဲ့အခါ ဝန်ကြီးက ခုလို စတင်ဖြေကြား ပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့က ဘင်္ဂလားဒေ့ရှ်မြန်မာ ၂ နိုင်ငံ သဘောတူညီစာချုပ်ချုပ်ထားတယ်။ အဲဒီတော့ ၂ လအတွင်းမှာ လက်ခံနိုင်မယ်ဆိုတဲ့အတွက်ကြောင့် ဇန်ဝါရီ (၂၂)ရက်စလို့ လက်ခံလို့ရတဲ့သဘောပေါ့။ ဒါပေမယ့် လက်ခံဖို့အတွက်ဆိုရင် ဟိုဘက်က ပြန်လာလို့ရတဲ့လူတွေ ပြန်လာအောင် ပုံစံတွေ ဖြည့်ဖို့ ပို့ရတယ်။ ပထမတုန်းက ဟိန္ဒူတွေ ပြန်လာချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းပြီးတော့ လုပ်တဲ့ အခါကျတော့ ၄၀၀ ကျော်လောက် ဟိန္ဒူတွေ ရှိတယ်ဆိုတော့ ကျတော်တို့က ပုံစံတွေ ၆၀၀ ကျော်လောက် ပို့လိုက်တယ်ပေါ့။ ပို့လိုက်တော့ ဒီ စာရွက်တွေလည်း အခုထိ တရွက်မှ ပြန်မရောက်သေးဘူး။ အခုလောလောဆည် ဝင်မယ့်လူက ကျနော်တို့ဆီမှာ စာရင်းမရှိသေးဘူးပေါ့နော်။

ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ဝန်ကြီး ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်ဝင်လာမယ့်သူတွေကို နေရာချထားပေးရေးအတွက်ပေါ့ ဘယ်လောက်အထိ ပြင်ဆင်ပြီးပါပြီလဲခင်ဗျ။

ဒေါက်တာဝင်းမြတ်အေး။ ။ပြင်ဆင်တဲ့အပိုင်းကတော့ နံပတ် ၁ ကလက်ခံတဲ့နေရာရှိမယ်။ ကြားစခန်းရှိမယ်၊ ကြားစခန်းဆိုတာက ၂၀၁၂ ကပုံစံမျိုး နှစ်ရှည်လများမဟုတ်ဘူး။ ခဏပဲ နေရမယ့်ဟာ ဘာကြောင့်လဲဆိုတော့ ဒီကာလတိုအတွင်းမှာ အားလုံးသော အဆောက်အဦးတွေတွေ ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဖြစ်နိုင်တဲ့အတွက်ကြောင့် လက်ခံရေးစခန်း ၂ ခုကို သေချာပြီးအောင် ကျနော်တို့ဆောက်နေတယ်။ အဲဒါပြီးရင် ကြားစခန်းကို သေချာပြီးအောင် ကျနော်တို့ဆောက်နေတယ်။ ကြားစခန်းဆိုတာက ခဏနေမယ့်နေရာလေးပေါ့နော်။ ကြားစခန်းမှာနေပြီးတာနဲ့ မူလအိမ်တွေကို ပြန်သွားမယ်။ အဲဒီမှာ မူလအိမ်တွေကို ရောက်တဲ့လူတွေလည်း ရောက်တယ်။ တချို့အကွက်တွေက နည်းနည်းလေးရွေ့ရင်ရွေ့သွားမယ် သို့သော် လုပ်ကိုင်စားသောက်တဲ့ နေရာတွေနဲ့ ဝေးမသွားအောင် ဒါကိုပဲ ကျနော်တို့ ဦးတည်ပြီးတော့ ဒါကို ကျနော်တို့ နေရာချထားရေးကို ဆောင်ရွက်တယ်။ အဲဒါက ပြန်ဝင်လာတဲ့လူတွေ၊ ကြားစခန်းပြီးနေမယ့်ကိစ္စကိုပြောတာ ။ အဲဒီကျတော့ ကျနော်တို့က လုပ်အားပေးချင်တယ်။ လုပ်ချင်တဲ့သူတွေက အဲဒီမှာနေမယ် နေရင်းနဲ့ အဆောက်အဦးဆောက်တဲ့နေရာမှာ ဝိုင်းလုပ်မယ်။ ဝိုင်းလုပ်တယ်ဆိုတာက ပိုက်ဆံရမှာ။ သူ့ နှုန်းထားအတိုင်း ပိုက်ဆံရမယ် နေ့စားတန်း ပြီးတာနဲ့ တက်နေဖို့ အဲဒီပုံနဲ့ သွားတာ။

ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ အဲဒီတော့ ဝန်ကြီးတို့အဖွဲ့က ပြန်ဝင်လာတဲ့ လူတွေကိုလည်း NVC ကဒ်တွေ ထုတ်သွားပေးဖို့ အစီအစဉ် ရှိတာပေါ့နော်။

ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ရှိတယ် ဒါကောင်းဖို့အတွက်လေ ဆိုလိုတာက ဒီလို ကျနေ်ာတို့က အခု ဟိုဘက်က မြေပုံကို သွားတယ်ဆိုတာက ဘာလုပ်တာလဲဆိုတော့ အဲဒီမှာ ကိုဖီအာနန် Recommendation ကို Implement လုပ်တဲ့ ခေါင်းစဉ် ၂ ခုကို သွားလုပ်လိုက်တာ တခုကတော့ Camp တွေကို Closure လုပ်မယ် ။ ပြန်လည်နေရာချထားမယ် အဲဒီအတွက်ကိုဆွေးနွေးတာ။နောက်တချက်ကတော့ NVC နဲ့ ပတ်သက်လို့ ကျနော်တို့က သူတို့ကို ရှင်းပြတယ် NVC ရဲ့ ရရှိနိုင်သော အခွင့်အရေး ၈ ချက်ရှိတယ် အဲဒီဟာတွေကို သိအောင်ပြောပြတယ်။ တချို့က မသိဘူး။ NVC ကိုင်တယ်ဆိုတာက သူတို့ကို နိုင်ငံခြားသားလို့ သတ်မှတ်တယ်လို့ထင်တယ်တဲ့ ၊ မဟုတ်ဘူး ဒီနိုင်ငံအတွင်းမှာ နေထိုင်တယ်ဆိုတဲ့ အထောက်အထား National Verification ဆိုတဲ့ Process ဆိုတဲ့ ဒီ Process ကြီးထဲကို ဝင်သွားပြီးတော့မှ နိုင်ငံသားဖြစ်တယ်လို့ ၊ ပြုနိုင်ငံသားဖြစ်တယ်လို့ ဒါမှမဟုတ်ရင် အခြားတို့ စသဖြင့် ဒီလိုမျိုးတွေ ကွဲသွားမယ်။ ကွဲသွားရင် ကွဲသွားတဲ့အလိုက် အခွင့်အရေးတွေရမယ်။ အဲဒါဆိုရင် ဒီဟာကိုင်ထားတဲ့ ကာလအတွင်းမှာ ဥပမာ အပြင်ထွက်ပြီးတော့ ရေထဲမှာ ငါးရှာတယ်ဆိုရင်လည်း အကယ်၍ နယ်မြေလုံခြုံရေးက တွေ့လို့ရှိရင် ဒီကဒ်ကလေး ထုတ်ပြလိုက်တာနဲ့ ဒါမြန်မာနိုင်ငံထဲမှာ နေတဲ့လူပါလား ဆိုတဲ့ သက်သေဖြစ်တယ်။ ဒါကိုကျနော်တို့က သေချာရှင်းပြတယ်။ ရှင်းပြတော့ လုပ်တဲ့လူတွေအများကြီးလုပ်ကြပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ ဝန်ကြီး ဒီ NVC ကိုင်ထားလို့ရှိရင် အရင်တုန်းကဆိုရင် ခရီးသွားခွင့် တနေရာကနေ တနေရာကိုသွားခွင့် အကြောင်းကြားရတယ်၊ လျှောက်ထားရတယ်။ အခုရော အဲဒီအကန့်အသတ်တွေက ဘာတွေရှိနေသေးသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ရှိနေသေးတယ်။ ရှိနေသေးတယ်ဆိုတာက အဲဒါဘာလဲဆိုတော့ သက်ဆိုင်ရာမြို့နယ်တို့ ခရိုင်တို့ မှာ သူတို့က သူတို့ရဲ့ သတ်မှတ်ချက်ဆိုတာတွေရှိတယ်။ ဒေသအလိုက် ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းတွေပေါ့ အဲဒါတွေ ရှိနေသေးတယ် ။ ကျနော်တို့ကလည်း အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့က Restriction တွေက အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လောက်များလဲ ဘယ်လိုအစီအစဉ်တွေရှိသလဲဆိုတာကို ကျနော်တို့ ကျကျနန ကျနော်တို့ ဆွေးနွေးတိုင်ပင်ဖို့ အခုဆောင်ရွက်နေတယ်။ ဆွေးနွေးတိုင်ပင်ပြီးတော့ တချို့မလိုအပ်တဲ့ Restriction တွေကို ပြန်ဖြုတ်မယ်။ လိုအပ်တဲ့ Regulation တွေ စည်းမျဉ်းတွေကိုတော့ ထားမယ်ပေါ့ အဲဒီပုံစံနဲ့ ကျနော်တို့သွားနေပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လာချင်ကြတဲ့လူတွေကို လက်ခံနေရာချထားပေးရေးအတွက်ပေါ့ ဒီနိုင်ငံတကာရဲ့ အကူအညီတွေ ရရှိပါသလား။

ဒေါက်တာဝင်းမြတ်အေး။ ။အခုလောလောဆည် တည်ဆောက်တာတို့ ဘာတို့က ကျနော်တို့ UEHRD နဲ့ သွားနေတယ် UEHRDဆိုတာကတော့ နိုင်ငံတော်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ နောက် ဒီအလှူရှင်တွေ ၊ နောက်ပြီးတော့ တချို့နိုင်ငံက မိတ်ဆွေနိုင်ငံတွေက လှူဒန်းတာတွေ ဒါတွေနဲ့ ကျနော်တို့သွားနေတယ် အဓိကတော့ ပြည်တွင်း အင်အားနဲ့ ကျနော်တို့ သွားနေတာပေါ့ ငွေမလိုလာဘူးလာဆိုတော့ တကယ်တန်းဆိုရင်တော့ လိုလာတယ်။ တချိန်မှာ ဒီကိစ္စတွေကို ကိုင်တွယ်နေတဲ့ UNHCR စသဖြင့် ဒီလိုလူတွေနဲ့ ပြန်လည်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ဟာ နဲ့ ပတ်သက်လို့ စာချုပ်ထဲမှာ ပါပြီးသား ။

ကိုဉာဏ်ဝင်းအောင်။ ။ဝန်ကြီး ကျေးဇူးပါ။

ဒုက္ခသည် ပြန်လည် လက်ခံရေး အခြေအနေကို ကိုဉာဏ်ဝင်းအောင်က ဒေါက်တာဝင်းမြတ်အေးကို မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG