သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ဇန်နဝါရီလလယ် နေရပ်ပြန်နိုင်ပြီဟု မြန်မာတာဝန်ရှိသူတွေပြော


ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူညီချက်များအရ ဇန်နဝါရီလ တတိယအပတ်မှာ စတင်လက်ခံသွားမယ်လို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးကပြောဆိုလိုက်ပါတယ်။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ လည်း ဒုက္ခသည်တွေပြန်လက်ခံတဲ့အခါမှာ တရားဝင်ကောက်ယူထားတဲ့ အိမ်ထောင်စုစာရင်းအရ၊ သေချာစိစစ်ပီးလက်ခံသွားမယ်လို့ ပြောပါတယ်။ VOA သတင်းထောက် ကောင်းစံဟိန်းက ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

အခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အာဆာအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြသူတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ လာမယ့်ဇန်နဝါရီလ ၂၃ရက်နေ့မှာစတင်လက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးက VOAကိုပြောပါတယ်။

"ဘာဖြစ်လို့ ဇန်နဝါရီလထဲပြောသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပြန်လည်လက်ခံဖို့အတွက် ၂ နိုင်ငံ သဘောတူစာချုပ်ကို နိုဝင်ဘာ ၂၃ က လက်မှတ်ထိုးတယ်။ လက်မှတ်ထိုးပြီးသွားတဲ့နေ့ ၂ လအတွင်းမှာ လက်ခံခြင်းစလို့ရတယ်ဆိုပြီး စာချုပ်ထဲမှာ ပါတယ်။ အဲဒီတော့ ၂ လပြည့်တဲ့နေ့က ၂၂ ဇန်နဝါရီ ၂၀၁၈ ၊ အဲဒါကြောင့်မို့လို့ ဇန်နဝါရီ ၂၀၁၈ ဇန်နဝါရီ ၂၂ က စပြီးတော့ လက်ခံလို့ရပြီလို့ဆိုတာ ဒါပေမယ့် ပြန်လာဖို့ကတော့ voluntary repatriation ဖြစ်တဲ့အတွက် သူတို့လာချင်တဲ့လူက လာချင်ပါတယ်ဆိုမှ လာမှာလေ။ အဲလိုလာတော့မှ ကျနော်တို့ကနေ လက်ခံလို့ရမှာ ။ လက်ခံဖို့ကတော့ အဲဒီနေ့မှာ စလို့ရနေပြီ။"

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြတဲ့ဒုက္ခသည်အရေးနဲ့ပက်သက်ပီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တို့ နိုဝင်ဘာလက နှစ်နိုင်ငံသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ လက်ရှိမှာတော့ မိမိတို့ ဆန္ဒအလျောက် ပြန်လာချင်တဲ့ ဒုက္ခသည်တွေပြန်လာနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနဖက်က ဘင်္ဂလားဒေရှ့်ဖက်ကို လေ ျှာက်လွှာပုံစံတွေပို့ထားပေမဲ့လည်း တစ်စောင်မှတော့ပြန်လည် လက်ခံရရှိခြင်းမရှိသေးပါဖူးလို့လည်း ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ပြန်လက်ခံစိစစ်တဲ့အခါမှာတော့ ပြေးလွှားတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်တွေအနေနဲ့ သက်သေခံကဒ်ပြားတစ်ခုခုမရှိခဲ့ရင်တောင်မှ ပေးပို့ထားတဲ့ လျှောက်လွှာကအချက်အလက်တွေရယ် ၁၉၉၃ခုနှစ်နောက်ပိုင်းက အိမ်ထောင်စုစာရင်းတွေမှာကောက်ခံထားတဲ့ မိသားစုဓါတ်ပုံတွေနဲ့တိုက်ပီး အချက်အလက်မှန်ကန်ရင်လက်ခံသွားမှာဖြစ်တယ်လို့ ြမန်မာနိုင်ငံ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန် ဦးမြင့်ကြိုင်ကပြောပါတယ်။

"ကျနော်တို့က အဲဒီအခြေအနေတွေကို ကြိုတင် မျှော်လင့်ထားတာဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၉၃ နောက်ပိုင်းကစပြီးတော့ ကျနော်တို့က စာရင်းကောက်ယူရေးလုပ်ငန်းဆိုပြီးတော့ တနှစ်တခါ နယ်စပ်ဒေသတွေမှာ အမြဲတမ်း ၁ နှစ်တခါ ပုံမှန်ကောက်တယ်ခင်ဗျ။ ပြောရရင်တော့ ပြည်တွင်းမှာ သာမန်အိမ်ထောင်စုစာရင်းပဲရှိတဲ့အိမ်တွေဗျာ၊ အဲဒီနယ်စပ်ဒေသမှာကတော့ မိသားစုတွေကို ဓါတ်ပုံရိုက်ပြီးတော့ အိမ်ထောင်စုစာရင်းနဲ့ တွဲပြီးတော့ ၁ နှစ်တခါ မှတ်တမ်းတင်ထားတဲ့ဟာတွေရှိတယ်။ အခု ပြန်လာတဲ့လူတွေက ကျနော်တို့ထုတ်ပြန်ထားတဲ့ White Cardတို့၊ White Card ပြေစာတို့ NVC ကဒ်တို့ အဲဒီလို သက်ဆိုင်ရာ ကဒ်ပြားတွေ တခုမှ မပါပဲနဲ့ ပျက်ဆီးပျောက်ဆုံးသွားပြီဆိုတာတောင်မှ ဒီလျှောက်လွာပုံစံမှာပါတဲ့ သူတို့ဓါတ်ပုံ ၊ နောက်သူတို့ မွေးရပ်မြေ၊ မြန်မာနိုင်ငံထဲမှာသူတို့ ဘယ်ဒေသမှာ နေထိုင်တယ်ဆိုတဲ့အကြောင်း၊ ရပ်ကွက်ကျေးရွာတွေက ဖြည့်ရမှာဖြစ်တယ်။ နောက်ပြီး သူတို့မိသားစုဝင်တွေ အဲဒါတွေကို ဖြည့်ပြီးလျှောက်လိုက်တဲ့အခါမှာ ကျနော်တို့ ဒီလိုကွင်းဆင်းကောက်ယူပြီးတော့ မှတ်တမ်းတင်ထားတဲ့ ကျေးရွာအလိုက်မှတ်တမ်းတွေ၊ ဒီဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တိုက်စစ်ဆေးပြီးတော့ လက်ခံသွားမှာ ဖြစ်ပါတယ်ခင်ဗျ။ ပြောလိုတာကတော့ ဘာစာရွက်စာတန်းမှ မပါလာဘူးဆိုရင်တောင် အဲဒီလျှောက်လွှာမှာဖြည့်ထားတဲ့ သူတို့ ကိုယ်ရေးအချက်အလက်နဲ့ ဓါတ်ပုံ ကို ကျနော်တို့ဆီမှာရှိတဲ့ အိမ်ထောင်စုစာရင်းဓါတ်ပုံနဲ့ တိုက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်ကတော့ အားလုံးအသင့်ဖြစ်နေပြီလို့ ပြောတာပါ။ ဘယ်လိုအခြေအနေမျိုးတွေဖြစ်ဖြစ် တကယ်လို့ အတုအယောင်တွေ ပါလာရင်လည်း ကျနော်တို့က ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အမှန်အကန်တွေဆိုရင်လည်း အားလုံးစနစ်တကျစိစစ်ပြီးတော့ လက်ခံသွားမှာဖြစ်ပါတယ်။"

ဒုက္ခသည်တွေ ပြန်လည်လက်ခံတဲ့အခါမှာ ယာယီဒုက္ခသည်စခန်းတွေမှာ ထားမှာမဟုတ်ပဲ၊ မူရင်း ကျေးရွာတွေမှာ ပြန်လည်အခြေချနိုင်ဖို့ အခုလို ကြိုတင်ပြင်ဆင်ပြီး ရပ်ရွာပြန်လည်တည်ဆောက်ရေးတွေကို ပြင်ဆင်နေတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ ပူးတွဲကော်မတီဖွဲ့စည်းထားပြီးလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရ်ှမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွ နေရပ်ပြန်ရေးကိစ္စမှာ၊ လူ့အခွင့်အရေးအခြေအနေ တွေကို ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာစောင့်ကြည့်နိုင်ဖို့အရေးကြီးတယ်လို့ နိုင်ငံတကာက ဆော်သြနေပါတယ်။ စစ်တွေမြို့က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခဲ့တဲ့ ဟိန္ဒူဘာသာဝင်အားလုံးနီးပါးကိုတော့ နေရပ်မောင်တောခရိုင်ဖက်ကို သက်ဆိုင်ရာက ပြန်ပို့နိုင်ခဲ့ပြီလို့ အစိုးရထုတ်သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG