သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှ ရိုဟင်ဂျာဒုက္ခသည်စခန်း ကျန်းမာရေးလိုအပ်ချက်ရှိနေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ပြင်းထန်တဲ့ ဆောင်းရာသီဥတုကို ကာကွယ်နိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်များစွာကုန်ကျမယ့် အနွေးထည်ဝေငှပေးရေး အစီအစဉ်နဲ့ နေအိမ်တွေ အအေးဒဏ်ခံနိုင်အောင်လို့ ကုလသမဂ္ဂ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအေဂျင်စီက စတင် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒါတွေဟာ လုံလောက်မှုမရှိဘူးလို့ ဒုက္ခသည်တချို့ကပြောပြီး သူတို့ကို မြန်မာနိုင်ငံပြန်ပို့မယ့် အစီအစဉ်မှာ အာမခံချက်တွေရှိဖို့ လိုတယ်လို့ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မကြာခင်ရောက်လာမယ့် ပြင်းထန်တဲ့ ဆောင်းရာသီ မတိုင်ခင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် အနွေးထည် (၂)သိန်းလောက် ပထမအသုပ်အနေနဲ့ စတင်ဝေငှပေးနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က တနင်္ဂနွေနေ့မှာပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်း ရခိုင်မြောက်ပိုင်းဒေသက အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ရိုဟင်ဂျာ ၆သိန်းခွဲဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသကို ထွက်ပြေးလာကြတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ညစ်ညမ်းလွန်းတဲ့ ပတ်ဝန်းကျင်မှာ နေနေရပြီး များပြားလှတဲ့ အခြားအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရသလို၊ ရှေ့သီတင်းပတ်တွေထဲ အေးလွန်းတဲ့ ဆောင်းရာသီဥတုအောက်မှာ နေထိုင်ရမယ့် အခက်အခဲတွေ အတွက် စိုးရိမ်ပူပန်မိကြောင်း UNHCR ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဆောင်းတွင်းရဲ့အအေးဒဏ်ဟာ အခြားဒေသတွေ ဆောင်းရာသီထက် အားပျော့တယ်ဆိုပေမယ့် ညဘက်တွေမှာ အရမ်းအေးပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အနွေးထည်၊ နေအိမ် အမိုးအကာတွေ အလုံအလောက် မရှိဘူးလို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် Babar Baloch ကပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ၅၅%ဟာ ကလေးငယ်တွေဖြစ်ကြပြီးအကူအညီ အကာအကွယ် မဲ့နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်အားလုံးရဲ့ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဒုက္ခသည်တွေရဲ့ ၁၀%က မသန်စွမ်းသူတွေ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေသူတွေ ဖြစ်ကြပြီး၊ သက်ကြီးရွယ်အိုတွေဆိုရင် အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။”

ဒါ့ကြောင့် ဒုက္ခသည်စခန်းထဲက နေအိမ်တွေ တိုးတက်ကောင်းမွန် လာအောင်လို့ ထောင်ချီတဲ့ ယာယီတဲအိမ် ဆောက်လုပ်ရေးပစ္စည်းတွေကို UNHCR ကဝေငှပေးနေတယ်လို့ Baloch ကပြောပါတယ်။

ဒါပေမယ့် UNHCR ကဝေငှပေးနေတဲ့ အနွေးထည် တွေက ဒီဆောင်းရာသီအတွက် မလုံလောက်ဘူးလို့ Cox’s Bazar ဘာလုခါလီ ဒုက္ခသည် စခန်းက ရိုဟင်ဂျာအမျိုးသား ကိုမျိုးသန့်ကပြော ပါတယ်။

"ဆောင်းရာသီလည်း ရောက်လာတယ်ဆိုတော့ ရာသီဥတုအခြေအနေက နည်းနည်းတော့ ဆိုးလာပြီ ။ ကြမ်းတာကတော့ ကြမ်းတယ် ဒီမှာတော့ အနွေးအထည်ကတော့ ကျနော်တို့ကို သူတို့ တက်နိုင်သလောက်ပေးနေပါတယ် ဒါပေမယ့် အဲဒါနဲ့ မလောက်ပါဘူး။ နည်းနည်းတော့ ဝယ်နေရပါတယ်။ "

ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ သဘောတူချက်အရ လာမယ့် ၂လအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ဖို့ အစီအစဉ်ကို စိတ်ဝင် စားကြပေမယ့် ရေရှည်အာမခံချက်တွေ ရှိဖို့တော့လိုတယ်လို့ ရိုဟင်ဂျာကိုမျိုးသန့်က ပြောပါတယ်။

"ပြန်ပို့မယ် ပြန်သွားမယ်ဆိုရင်တော့ လူတွေက စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ နားလည်မှုစာချွန်လွှာချုပ်ဆိုထားတယ်၊ အဲဒီမှာ တခြားနိုင်ငံတကာအသိုင်းအဝိုင်းလည်း ပါဝင်လာမယ် ကုလသမဂ္ဂလည်း ပါဝင်ပေါ့။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း ၂ နိုင်ငံ သဘောတူစာချုပ်နဲ့လုပ်တာ ထပ်ခါထပ်ခါ ပြန်သွားတာလည်းရှိတယ်။ ဒီဘက်ကို ပြန်လာရတာလည်း ရှိတယ်။ အခုဒီဘက်မှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် ပညာရေး၊ လူမှုရေး၊ အခြေခံလူ့အခွင့်အရေးတွေ စပြီးတော့လေ အဲဒါမျိုးတွေ အာမခံချက်ပေးရမယ်။"

ဒါ့အပြင် UNHCR က ခြုံစောင်၊ မီးဖိုချောင်သုံးပစ္စည်းနဲ့ ဆိုလာမီးချောင်း စတာတွေ ဝေငှပေးနေသလို၊ ထင်းအစားထိုး ဖွဲမီးသွေး လောင်စာတုံး တွေကိုလဲ ဝေငှနေတယ်လို့ဆိုပါတယ်။ တောအုပ်တွေထဲ ကလေးငယ်တွေ ထင်းရှာထွက်ခဲ့ရင် အဓမ္မပြုကျင့် ခံရတာ၊ အတိုက်ခိုက်ခံရမယ့် အန္တရာယ်တွေရှိတာကြောင့် ဒီလိုဖွဲမီးသွေး ဝေပေးရတာလို့ဆိုပါတယ်။ တောထဲ ထင်းချိုးကောက်တာက သဘာဝပတ်ဝန်းကျင်ကိုလဲ ထိခိုက် စေတယ်လို့ UNHCR ပြောခွင့်ရ Baloch ကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG