သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ၀န်ကြီးချုပ်တွေရဲ့ခရီးစဉ်


ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ၀န်ကြီးချုပ်တွေရဲ့ခရီးစဉ် (U Nyi Pu)

အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက် ရအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရတဲ့ သိန်းဂဏန်းရှိ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြား ရခိုင်ဒေသခံတွေ နေရပ်ရင်းပြန်ပြီး အခြေချနေထိုင်နိုင်အောင်လို့။ နိုင်ငံတော်အစီအစဉ်နဲ့ဆောင်ရွက်နေတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် တိုင်းနဲ့ပြည်နယ် ခြောက်ခုက ၀န်ကြီးချုပ်တွေ ရခိုင်ပြည်ကို လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အခုလာရောက်ဝန်ကြီးချုပ်တွေအနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးနိုင်မှာလဲ။သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်းသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ(UEHRD)ရဲ့အစီအစဉ်နဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ၀န်ကြီးချုပ်တွေကို ရခိုင်ပြည်နယ်က ကျေးရွာတွေတည်ဆောက်ပေးရာမှာကဏ္ဍအလိုက်တာဝန်အသီးသီး ယူကြရတဲ့အပေါ် လုပ်ဆာင်ပေးဖို့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ် ၆ခုက ၀န်ကြီးချုပ်တွေရောက်ရှိခဲ့တာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလိုပြောပါတယ်။

"၀န်ကြီးချုပ်တွေကိုယ်တိုင်လာပြီးတော့ သူတို့ကျောင်းဆောက်လုပ်ငန်းတွေလုပ်မယ့်နေရာတွေမှာ ကိုယ်တိုင်လာရောက်ပြီးတော့ ပန္နက်​တင်ပေးတယ်။ သူတို့ တိုင်းအစီအစဉ်တွေနဲ့ ဆောက်ပေးမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ်တွေနဲ့အတူ သက်ဆိုက်ရာတိုင်းတွေကလုပ်ငန်းရှင်တွေ ၊ အလှူရှင်တွေလည်း ပါလာတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြောက်အခြမ်း ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်တဲ့အခါမှာ ပြန်လည်နေရာချထားရေး တွေလုပ်တဲ့အခါမှာ ဒုက္ခရောက်ခဲ့တဲ့ ဒီတိုင်းရင်းသားလူနည်းစုတွေ မြိုတွေ၊ ဒိုင်းနက်တွေ ၊ ဒီရခိုင်တိုင်းရင်းသားတွေ ပြန်လည်ပြီးတော့ ဒီတိုင်းနဲ့ ပြည်နယ်အသီးသီးကနေပြီးတော့ လာရောက်ပြီးတော့ ပါဝင်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေကိုလာရောက်ခဲ့ကြတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်၆ခုက ၀န်ကြီးတွေကတော့ မန္တလေးတိုင်း ၀န်ကြီးချုပ်၊မကွေးတိုင်းဝန်ကြီးချုပ်၊စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ်တို့ဘဲဖြစ်ပါတယ်။တိုင်းနဲ့ပြည်နယ်အသီးသီးက ရရှိခဲ့တဲ့ အလှူငွေတွေကိုတော့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒေါက်တာမြင့်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ(UEHRD)ရဲ့အစီအစဉ်နဲ့ အခုလို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာတယ်လို့ ပြောပါတယ်။

"ဒီလူသားချင်းစာနာမှုအကူအညီနဲ့ ပြန်လည်နေရာချထားရေး၊ နောက်ပြီးတော့ ရခိုင်ပြည်နယ် ဒေသဖွံဖြိုးတိုးတက်ရေး ဒါတွေအားလုံးကို ကူညီလုပ်ဆောင်ပေးကြတာပေါ့ကွာ ။ အားလုံးက မိသားစုစိတ်ဓါတ်နဲ့ တကယ် ဒုက္ခဖြစ်တဲ့လူတွေကို ကူညီပံ့ပိုးနေတဲ့ တို့မြန်မာလူမျိုးတွေစိတ်ကို သဘောကျတယ်။ အမြဲတမ်းလည်း လှူဒန်းစေချင်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပက်သက်ပီး ဘင်္ဂလားဒေရှ့်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တို့ နိုဝင်ဘာလက နှစ်နိုင်ငံသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပီးဖြစ်ပါတယ်။ ဒုက္ခသည်တွ ပြန်လည်လက်ခံတဲ့အခါမှာ ယာယီဒုက္ခသည်စခန်းတွေမှာ ထားမှာမဟုတ်ပဲ၊ မူရင်း ကျေးရွာတွေမှာ ပြန်လည်အခြေချနိုင်ဖို့ အခုလို ကြိုတင်ပြင်ဆင်ပြီး ရပ်ရွာပြန်လည်တည်ဆောက်ရေးတွေကို ပြင်ဆင်နေတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် နှစ်ဖက်ပူးတွဲကော်မတီဖွဲ့သွားဖို့ရှိသလို၊ ပြန်လည်စီစစ်လက်ခံရေးတွေကိုလည်း လပိုင်းအတွင်း ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွ နေရပ်ပြန်ရေးကိစ္စမှာ၊ မူရင်းဒေသ လူ့အခွင့်အရေးအခြေအနေ လွတ်လွတ်လပ်လပ်စောင့်ကြည့်နေဖို့အရေးကြီးတယ်လို့ နိုင်ငံတကာက တုန့်ပြန်ထားပါတယ်။ ဒီအတွက်လည်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ အလွယ်တကူဖြစ်နိုင်မယ့်သဘောမှာ မရှိသေးပါဘူး။ စစ်တွေမြို့က IDP စခန်းတွေမှာ ခိုလှုံခဲ့တဲ့ ဟိန္ဒူဘာသာဝင်အားလုံးနီးပါးကိုတော့ နေရပ်မောင်တောခရိုင်ဖက်ကို သက်ဆိုင်ရာက ပြန်ပို့နိုင်ခဲ့ပြီလို့ အစိုးရထုတ်သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG