သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူဒုက္ခသည်တွေ နေရပ်ပြန်ရေး လုံခြုံရေးနဲ့ စားဝတ်နေရေး အာမခံဖို့ ဟိန္ဒူအဖွဲ့ချုပ်တောင်းဆို


စစ်တွေ ဒုက္ခသည်စခန်းကနေ မောင်တောကို ပြန်လည်ရောက်ရှိလာတဲ့ ဟိန္ဒူ ဘာသာဝင်များ (ဒီဇင်ဘာ ၆၊ ၂၀၁၇)
စစ်တွေ ဒုက္ခသည်စခန်းကနေ မောင်တောကို ပြန်လည်ရောက်ရှိလာတဲ့ ဟိန္ဒူ ဘာသာဝင်များ (ဒီဇင်ဘာ ၆၊ ၂၀၁၇)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေအပါအဝင် ဒေသခံတိုင်းရင်းသားတွေအတွက် ပြန်လည်နေရာချထားတဲ့အခါ ဘေးအန္တရာယ်ကင်းတဲ့ လုံခြုံရေးနဲ့ နေ့စဉ်လူမှုဘဝပုံမှန်ရပ်တည်ရေး အာမခံချက်ပေးဖို့ အစိုးရ တာဝန်ရှိသူတွေကို ဟိန္ဒူအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေအပါအဝင် ဒေသခံတိုင်းရင်းသားတွေအတွက် ပြန်လည်နေရာချထားတဲ့အခါ ဘေးအန္တရာယ်ကင်းတဲ့ လုံခြုံရေးနဲ့ နေ့စဉ်လူမှုဘဝပုံမှန်ရပ်တည်ရေး အာမခံချက်ပေးဖို့ အစိုးရ တာဝန်ရှိသူတွေကို ဟိန္ဒူအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ဟိန္ဒူဘာသာဝင်တွေအပါအဝင် မြို၊ သက်၊ ဒိုင်းနက်စတဲ့ တိုင်းရင်းသားတွေအတွက် အိမ်ယာတွေပြန်လည်ဆောက်လုပ်ပေးနေပြီး စားနပ်ရိက္ခာတွေ အဆင်ပြေအောင် ဆောင်ရွက် ပေးနေပါတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၅ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တောဘက်မှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား သတ်ဖြတ်ခံရတာတွေရှိလို့ ဘေးလွတ်ရာကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းကစလို့ စစ်တွေမြို့ဒုက္ခသည်စခန်းတွေကနေ မောင်တောဒေသဘက်ကို အသုတ်လိုက် ပြန်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့လို့ နေရပ်ရင်းပြန်နေရတဲ့ ဟိန္ဒူဘာသာဝင်တွေမှာ လုံခြုံရေး စိုးရိမ်နေကြဆဲဖြစ်ပြီး သူတို့အတွက် ခိုင်မာတဲ့ လုံခြုံရေးနဲ့ နေ့စဉ်လူမှုဘဝတွေ ပုံမှန်လည်ပတ်နိုင်ရေး အာမခံချက်ပေးဖို့ လိုလားနေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် ဗဟိုရဲ့ အတွင်းရေးမှူး ဦးကျော်သူ က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သူတို့ဒေသ သူတို့ ပြန်သွားပြီးတော့ နေရေးထိုင်ရေးလုပ်ဖို့ကျတော့ သူတို့မှာ နည်းနည်း အကြောင်း၄ ချက်လောက် ရှိတာပေါ့။ ၁ ကတော့ သူက လက်ရှိသူတို့ ကိုယ့်ဘာသာကိုယ် ရှာစားရတာပေါ့နော်။ နောက် နံပတ် ၂ က ရှာစားဖို့ ဆိုတာကလည်း လုံခြုံရေးအာမခံချက်မရှိတော့ ရှာစားဖို့က တော်တော်ခက်မှာပါ။ အစိုးရကတော့ လုံခြုံရေးအာမခံချက်ရှိတယ်လို့ ပြောတာပေါ့။ ဘယ်အချိန်မှာ ပေါက်ကွဲပြီး ဘယ်လိုဖြစ်လာမလဲမသိတော့ ဟိန္ဒူတွေက တခါခံပြီးသားဆိုတော့ ကျနော်တို့ မပြန်ချင်ပါဘူး။ ကျနော်တို့ စစ်တွေ ကယ်ဆယ်ရေးစခန်းမှာပဲ နေချင်ပါတယ်။ ဘူးသီးတောင် မောင်တော မြို့ပေါ်မှာပဲ နေချင်ပါတယ်။ ကျနော်တို့အနေနဲ့ အဲဒီ ရဲဘော်ကျတို့ ဘာတို့ နေရာတွေကို ကျနော်တို့ မသွားချင်ပါဘူးဆိုပြီး ကျနော်တို့ဆီတော့ စာတတန် ပေတတန်နဲ့ သူတို့ကပြောတယ်။ ဟိန္ဒူ လူမျိုးတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ရခိုင်တိုင်းရင်းသားတွေနဲ့ နီးတဲ့နေရာမှာ ထားပေးဖု့ိ။ ကျနော်က အဲဒါကို ထောက်ခံတယ်။ နဂို ရှိရင်းစွဲ ရောနှောနေထိုင်တာမျိုး၊ သီးခြားနေထိုင်တာမျိုး ကျနော်တို့က သိပ်ပြီးတော့ မလိုချင်တော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ လုံခြုံရေးအာမခံချက်က ပြဿနာရှိတာ၊ လုံခြုံရေးက အချိန်မရွေး ထဖြစ်နိုင်ပါတယ်။ ကျနော်တောင်းဆိုချင်တာက ကျနော်တို့ကို စိတ်ချလုံခြုံတဲ့ ဘဝလုံခြုံရေးတခု ရအောင် လုပ်ပေးဖို့ ကျနော်တို့ ဟိန္ဒူတွေ သူတို့ လောလောဆယ် လတ်တလော စားဝတ်နေရေးပြေလည်မှုကို တခုခု စီစဉ်ပေးဖို့ပေါ့လေ။”

ရခိုင်ပြည်နယ် မြောက်ပိုင်းက လူနည်းစု ဟိန္ဒူဘာသာဝင်တွေရဲ့ လုံခြုံရေးအတွက် ဒေသခံ တိုင်းရင်းသားတွေနဲ့အတူတကွ ယှဉ်တွဲထားပေးဖို့နဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ပြီးတော့မခံရအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ တောင်းဆိုတာအပါအဝင် ဒေသခံတွေ ပြန်လည်နေရာချထားရေး လိုအပ်တဲ့အကူအညီတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဟိန္ဒူဗဟိုအဖွဲ့ဘက်က အသင့်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် သက်ဆိုင်ရာကိုတင်ပြထားတယ်လို့လည်း ဟိန္ဒူဗဟိုအတွင်းရေးမှူးကပြောပြပါတယ်။

“နိုင်ငံတော်အစိုးရနဲ့ ကျနော်တို့က တွဲဖက်ပြီးတော့ နိုင်ငံတော်အစိုးရ ဘယ်လိုလုပ်နေမယ်၊ ကျနော်တို့ ဘာလုပ်ပေးရမယ်၊ ကျနော်တို့ကလည်း ပြောတယ်။ ဒီလို ပြန်လည် ထူထောင်ရေးကိစ္စမှာ ကျနော်တို့ကို လိုရင် သုံးပါ။ သေသွားတဲ့သူတွေ၊ မိဘမဲ့တွေ ဘာတွေကို ကျနော်တို့ ပြန်ခေါ်ချင်ပါတယ် ဘာညာနဲ့ ကျနော်တို့ စာရေးထားတာ ရှိတယ်။ အဲဒါတွေကတော့ ကျနော်တို့ ဒါ နိုင်ငံတော်အစိုးရထိ တင်ထားတယ်။ ကျနော်တို့ ရန်ကုန်မှာ ရှိတဲ့ မိဘမဲ့ ကလေးများကျောင်းက ကျနော်တို့ ကရင်မှာလည်း ရှိတယ်၊ ပဲခူးတိုင်း ကျောက်တံတားမြို့နယ် အဲဒီကို ကျနော်တို့ ခေါ်ချင်ပါတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ တင်တားပြီးပြီ။ နောက် ဘိုးဘွားရိပ်သာကိုလည်း ကျနော်တို့ ရန်ကုန်မှာ ဒီလို ဘိုးဘွားရိပ်သာတွေ ရှိပါတယ်။ အဲဒါတွေလည်း ခေါ်ချင်ပါတယ်ဆိုပြီး ကျနော်တို့ တင်ပြထားတာ ရှိတယ်။ ပြီးတော့ တခုပြဿနာက စားဝတ်နေရေးပဲ။ နောက် ဘဝလုံခြုံရေးပေါ့။ အဲဒီ ၂ ခုကို သူတို့က အဓိက တောင်းဆိုတယ်။ စားဝတ်နေရေးကျတော့ တော်တော်အခက်အခဲ ဖြစ်တယ်။ အစိုးရကလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် သူတို့မွေးထားတဲ့ လူဦးရေနဲ့ သူတို့ရဲ့ မိသားစုအတွက် ၂ ရက်စာကျွေးရင် နောက် ၂ ရက်ကျ ဘယ်သူတွေလာမလဲဆိုတဲ့ စိတ်ပူပန်မှုနဲ့ နေနေရတာပါ။”

အခုလတ်တလောအခြေအနေမှာတော့ ဒုက္ခသည်စခန်းတွေကနေ နေရပ်ရင်းကိုပြန်လာနေကြတဲ့ ဟိန္ဒူဘာသာဝင်တွေ အပါအဝင် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်စတဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ပြန်လည်နေရာချထားရေး နဲ့ အိုးအိမ်တွေပြန်လည် တည်ဆောက်ပေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်လို့ ဒုက္ခသည်တွေ နေရာချထားရေး အဓိကဦးဆောင်စီစဉ်နေသူတဦးဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“ဒီ ဒေသခံတွေကတော့ လူနည်းစုလေးတွေပေါ့။ ဥပမာ မြိုတို့၊ သက်တို့၊ ဒိုင်းနက်တို့လို အဲဒီ့တိုင်းရင်းသားလူနည်းစုလေးတွေအတွက်ကိုတော့ ကျနော်တို့ တိုင်းရင်းသားရွာလေးတွေ လုပ်ပေးဖို့ ညှိုနှိုင်းနေတာပေါ့ သူတို့နဲ့လေ။ ဟိန္ဒူကတော့ လူများတယ်။ လူဦးရေများတော့လေ ဟိန္ဒူကို သူတို့ မူလ နေရာမှာပဲ ဟိန္ဒူရွာတွေ အိုးထိန်းဆို အိုးထိန်းမှာ ဟိန္ဒူရွာတွေ ပြန်ဆောက်နေတယ် စပြီးတော့။ အဲဒါမျိုး ပြန်လုပ်ပေးနေတယ်။ သူတို့ မူလနေရာရှိတဲ့ သူတို့ စိတ်ရော လူရော လုံခြုံတယ်လို့ ယူဆလို့ရှိရင်တော့ အဲဒီနေရာတွေမှာ ကျနော်တို့ နေရာပြန်ပေးတယ်။ သူတို့က အဲဒီနေရာတွေ ပြန်သွားနေကြပြီလေ။ နိုင်ငံတကာက ကူညီထောက်ပံ့ထားတဲ့ ပစ္စည်း ဥပမာ အိန္ဒိယက လှူထားတာတွေကို ဒီရက်ထဲမှာပဲ သွားပြီးတော့ ဟိန္ဒူတွေကို ထောက်ပံ့ကြသေးတယ်။ နောက်ထပ်လည်း ပြန်ဝင်လာတဲ့ လူ အများစုကိုလည်း အဝတ်အစားကအစပေါ့နော် ပြန်လည်ပြီး ထောက်ပံ့ဖို့ဆိုပြီး ကျနော်တို့ဆို တချို့ လှူချင်တန်းချင်တဲ့ သူတွေလည်းရှိတော့ စာရင်းတွေတောင်လုပ်နေကြတယ်။ အဲဒါကတော့ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ လုံခြုံရေးနဲ့ တာဝန်ရှိသူတွေကလည်း ဆောင်ရွက်နေကြပါတယ်။ ”

ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ စားနပ်ရိက္ခာထောက်ပံ့မှုတွေနဲ့ နေရပ်ကိုပြန်လည်နေရာချထားပေးတဲ့အစီအစဉ်ကို ကြိုဆိုလက်ခံပေမဲ့လို့ နေထိုင်ရေးအပြင် ဒေသခံတွေရဲ့ နေ့စဉ်ပုံမှန်လုပ်ကိုင် စားသောက်နေတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက်က အခက်အခဲဖြစ်နေကြဆဲပဲလို့ ဦးကျော်သူက အခြေအနေကို ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့တွေကနေ ဘေးလွတ်ရာကို ထောင်ချီတဲ့ ဟိန္ဒူဘာသာဝင်တွေ တိမ်းရှောင်သွားကြပြီး သူတို့ထဲက အချို့က ဘင်္ဂလားဘက်ကိုလည်း တိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေ အစိုးရဘက်က ထုတ်ပြန်ခဲ့သလို ကျန်ရစ်သူ မိသားစုတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ အဓိက လိုအပ်ချက်တွေနဲ့ အခက်အခဲတွေ သိရှိနိုင်အောင်လည်း ဒုက္ခသည်စခန်းများရှိ နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်တွေဆီကို ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက ဟိန္ဒူဘာသာရေး အဖွဲ့ချုပ် ဗဟိုက ကွင်းဆင်းမေးမြန်းခဲ့သလို အခု ပြန်လည်နေရာချထားရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ထပ်မံသွားရောက်လေ့လာဖို့ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG