သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားရောက် ဟိန္ဒူဒုက္ခသည်တို့ ဆန္ဒ


Some of the Hindu women refugees, who, after fleeing violence in their village in Rakhine, have arrived Bangladesh Aug. 28, 2017.
Some of the Hindu women refugees, who, after fleeing violence in their village in Rakhine, have arrived Bangladesh Aug. 28, 2017.

အကြမ်းဖက်တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဟိန္ဒူဘာသာဝင်တွေဟာ နောက်တကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှာ စိုးတဲ့အတွက် မိမိတို့ကျေးရွာတွေမှာ ပြန်ပြီး မနေလိုကြဘူးလို့ ပြောပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာဝင် အများစုရှိရာ လုံခြုံစိတ်ချရတဲ့ မြို့တွေမှာ ဒါမှမဟုတ် သူတို့နဲ့ မျိုးနွယ်တူ အိန္ဒိယနိုင်ငံမှာ ပြောင်းရွှေ့အခြေချလိုတဲ့ ဆန္ဒရှိကြောင်းပြောပါတယ်။ VOA သတင်းထောက် Maaz Hussain ပေးပို့တဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ပြီးခဲ့တဲ့ သြဂုတ်လထဲ ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာအကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်း(၃၀)လောက်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အဲဒီဒေသက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့အတူ ဟိန္ဒူဘာသာဝင်တွေလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ ရခိုင်ပြည်နယ်မှာ နောက်တကြိမ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာမှာစိုးတဲ့အတွက် သူတို့ရဲ့နေရပ်ရင်း ကျေးရွာတွေမှာ ပြန်နေချင်တဲ့ဆန္ဒ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကိုရောက်နေတဲ့ ဟိန္ဒူဘာသာဝင်တွေက ပြောပါတယ်။

သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုအပြီး တလအကြာမှာ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ ဟိန္ဒူရုပ်အလောင်း (၄၅)ခုကို နေရာ(၃)ခုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ ဒီအဖြစ်ပျက်တွေကြောင့် သူတို့ကို ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့မြို့ တွေမှာ နေရာချထားပေးဖို့ မြန်မာအစိုးရက စီစဉ် မပေးဘူးဆိုရင်တော့ သူတို့အနေနဲ့ အိန္ဒိယနိုင်ငံကို ရွှေ့ပြောင်းလိုကြောင်း Bolibazar ရွာက အသက် ၅၂နှစ်အရွယ် ဆံသဆရာ Lolimohan Sil ကပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ကျနော်တို့နေခဲ့တဲ့ ကျေးရွာတွေက ဟိန္ဒူတွေအတွက် ဘယ်လိုမှ လုံခြုံမှု မရှိတော့ပါဘူး။ မြန်မာအစိုးရကသာ ကျနော်တို့ကို ရန်ကုန်မြို့လိုနေရာမျိုးမှာ ပြောင်းရွှေ့နေရာချထားပေးမယ်ဆိုရင် ကျနော်တို့ပြန်ဖို့အဆင်သင့်ရှိပါတယ်။ လုံခြုံစိတ်ချရတဲ့ဒေသမှာ နေရာချထား ပေးဖို့ မြန်မာအစိုးရက မကူညီနိုင်ဘူး ဆိုရင်တော့ ကျနော်တို့ အိန္ဒိယနိုင်ငံမှာပဲ သွားနေချင်ပါတယ်။ အိန္ဒိယနိုင်ငံကလဲ ကူညီမယ်လို့ မျှော်လင့် ပါတယ်။"

ရခိုင်ဒေသ အကြမ်းဖက်မှုအတွင်း ဟိန္ဒူဘာသာဝင်(၉၀)ကျော် အသတ်ခံရပြီး၊ ဒါဟာ ARSA အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ မြန်မာအစိုးရက ပြောပေမယ့် သူတို့အဖွဲ့ဟာ အရပ်သားတွေပေါ် ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ ARSA အဖွဲ့က ငြင်းပါတယ်။ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်လာတဲ့ ရိုဟင်ဂျာမွတ်ဆလင် (၆)သိန်းကျော်ထဲမှာ ဟိန္ဒူ ဘာသာဝင်က (၈၀၀)လောက် ရှိတာပါ။ အဲဒီဟိန္ဒူတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်ရောက်ချင်းမှာပဲ သူတို့မိသားစုဝင်နဲ့ ဆွေမျိုးသားချင်း တွေကို မြန်မာလုံခြုံရေးတပ်နဲ့ လက်နက်ကိုင် ဗုဒ္ဓဘာသာရခိုင်တွေက သတ်တာပါလို့ ဘင်္ဂလီသတင်းထောက်တွေကို ပြောခဲ့ပေမယ့် နောက်ပိုင်း လေသံပြောင်းသွားပါတယ်။

သူတို့ဟိန္ဒူတွေကို မြန်မာလုံခြုံရေးတပ်နဲ့ ဒေသခံရခိုင်တွေက သတ်တာပါလို့ ခုတော့ ဘယ်ဟိန္ဒူဒုက္ခသည်ကမှ မပြောကြတော့ပါဘူး။ တချို့ ကတော့ ဟိန္ဒူတွေကို လာသတ်သူတွေဟာ ရိုဟင်ဂျာစစ်သွေးကြွတွေဖြစ်တယ်လို့ ပြောပေမယ့်၊ တချို့ကျတော့ အကြမ်းဖက်သတ်ဖြတ်သူ တွေဟာ မျက်နှာစည်းထားတာမို့ ဘယ်သူတွေမှန်း မသိနိုင်ဘူးလို့လည်း ပြောပါတယ်။ ရိုဟင်ဂျာစစ်သွေးကြွတွေ ဆက်ပြီး လှုပ်ရှားနေဆဲမို့ ဟိန္ဒူတွေအတွက် အန္တရာယ်ရှိနေဆဲပဲလို့ Chikonchhori ရွာသား ဟိန္ဒူဒုက္ခသည် Niranjan Rudra ကပြောပါတယ်။

"အဲဒီ ရိုဟင်ဂျာတွေက ကျနော်တို့ရွာသားတွေကို ခုထိ ခြိမ်းခြောက်နေတုန်းပါပဲ။ သူတို့က ဟိန္ဒူတွေကို သတ်တယ်။ ကျနော်တို့ ကိုယ့်ရွာကို ပြန်မယ်ဆိုရင် သူတို့က ကျနော်တို့ကို သတ်လိမ့်မယ်။ ရွာမှာက ရဲလည်းမရှိဘူး စစ်တပ်လဲ ရှိတာမဟုတ်ဘူးဆိုတော့ ကျနေ်ာတို့ ဘယ်လိုလုပ် ရွာပြန်ရဲမလဲဗျာ။ ရန်ကုန်မြို့လို နေရာမျိုးမှာ နေခွင့်ရရင်တော့ စိတ်ထဲ လုံခြုံတာပေါ့။ အိန္ဒိယနိုင်ငံကို သွားခွင့်ရမယ်ဆိုလဲ ကျနော်တို့ အေးဆေး နေနိုင်မှာပါ။"

နောက်ထပ် ဟိန္ဒူဒုက္ခသည်တဦးဖြစ်တဲ့ Milon Sil ကလည်း သူတို့ဟိန္ဒူတွေကို ရိုဟင်ဂျာစစ်သွေးကြွတွေက သတ်တာပါလို့ ပြောပြီး၊ ခုချိန်ထိ ခြိမ်းခြောက် ခံနေရဆဲပဲလို့လဲ ပြောပါတယ်။

"ဒီ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဧည့်ဝတ်ကျေပွန်တယ် ဆိုပေမယ့် မြန်မာနိုင်ငံက ကိုယ့်နိုင်ငံဆိုတော့ မြန်မာပြည်ကိုပဲ ပြန်ချင်ပါတယ်။ Al Yakin လို့ ခေါ်တဲ့ ရိုဟင်ဂျာစစ်သွေးကြွတွေက ကျနော်တို့ နေခဲ့တဲ့ ဒေသတဝိုက် ခြေရာဖျောက်နေကြတာပါ။ မြန်မာ အစိုးရကသာ စစ်တွေဒါမှမဟုတ် ရန်ကုန်လိုနေရာမျိုးမှာ နေရာချပေးမယ်ဆိုရင် ပြန်ဖို့ အဆင်သင့်ပါပဲ။"

ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတဲ့ ဟိန္ဒူဒုက္ခသည်ထဲက Anika Dhar နဲ့တွေ့ဆုံမေးမြန်းခဲ့တဲ့ ဒါကာမြို့အခြေစိုက် New Age သတင်းဌာန သတင်းထောက် Nurul Islam က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

"မြန်မာစစ်သားတွေက သူ့ယောက်ျားနဲ့ ဆွေမျိုး(၇)ယောက်ကို သတ်ခဲ့တယ်လို့ Anika Dhar က သြဂုတ်လ ၂၈ ရက်နေ့မှာ ပြောခဲ့တယ်။ နောက်တခါ စက်တင်ဘာ လလယ်ထဲ Cox’s Bazar မှာ သူနဲ့ပြန်တွေ့တော့ သူ့ယောက်ျားကို သတ်တဲ့လူတွေဟာ မျက်နှာဖုံးနဲ့မို့ သူသေချာ မသိဘူးလို့ ပြောပြန်ရော.. ဟိန္ဒူတွေကို သတ်တဲ့သူတွေ ဘယ်သူတွေလဲဆိုတာ ခုချိန်ထဲ ပဟေဠိ ဖြစ်နေတုန်းပဲ။"

Anika Dhar ဟာ နောက်ပိုင်း မြန်မာနိုင်ငံထဲကို ပြန်လာဝင်တဲ့ ဟိန္ဒူအမျိုးသမီး ၈-ဦးထဲက တဦးဖြစ်ပြီး၊ ဟိန္ဒူတွေကို ရိုဟင်ဂျာစစ်သွေးကြွ တွေက သတ်တာပါလို့ မြန်မာမီဒီယာတွေကို ပြောသူလည်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာတွေကတော့ ဟိန္ဒူဒုက္ခသည်တွေဟာ မြန်မာအစိုးရကို မျက်နှာချိုသွေးချင်တဲ့အတွက် ရိုဟင်ဂျာစစ်သွေးကြွတွေပေါ် အပြစ်ပုံချပြီး လိမ်ပြောနေကြတာလို့ ဆိုပါတယ်။ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း မြန်မာစစ်တပ်လက်ချက်နဲ့ ဒေသခံတွေ သေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ မြန်မာစစ်တပ်က ငြင်းဆိုထားပါတယ်။

ဘင်္ဂလားရောက် ဟိန္ဒူဒုက္ခသည်တို့ ဆန္ဒ
please wait

No media source currently available

0:00 0:05:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG