သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကြောင့် ရခိုင်ပြည်က ဟိန္ဒူအချို့နေရပ်မပြန်လို


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေထဲက တချို့ဟာ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် နေရပ်ရင်း ကျေးရွာတွေကို မပြန်လိုကြောင်း ပြောဆိုနေကြပါတယ်။

နေရပ်ရင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ပေါ်ပေါက်မှာကို စိုးရိမ်တဲ့အတွက်၊ ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ပြန်လည်နေရာချထားပေးမယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်မှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုခဲ့ကြတာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဟိန္ဒူဘာသာဝင် အများစုရှိရာ အိန္ဒိယနိုင်ငံကို ပို့ဆောင်ပေးစေလိုကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်တွေက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာပါ။ ပဋိပက္ခတွေအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ၄၅ ယောက်ရဲ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် မြုပ်နှံထားတာကိုလည်း နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ဟိန္ဒူဘာသာဝင်တွေကို အစွန်းရောက်တွေက သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ ARSA အစွန်းရောက်အဖွဲ့ကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားတာပါ။ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၆၀,၇၀၀၀ အထိ ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပြီး၊ ဒီအထဲမှာ ဟိန္ဒူဘာသာဝင် ၈၀၀ လောက် ပါဝင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး မြန်မာနိုင်ငံဘက်က အဆင်သင့် ဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သဘောတူညီချက် မရသေးတဲ့အတွက် ကြန့်ကြာနေရကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG