သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းရှောင်ဒုက္ခသည်အားလုံး လုံခြုံရေးအာမခံချက်ရဖို့ တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (အောက်တိုဘာ ၁၂၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (အောက်တိုဘာ ၁၂၊ ၂၀၁၇)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်သူတွေကို ပြန်လည်လက်ခံ နေရာချထားပေးဖို့ စီစဉ်နေကြချိန်မှာပဲ ရခိုင်ပြည်နယ်တွင်းက ဘေးလွတ်ရာအရပ်တွေကို နေရပ်စွန့်ခွာ ပြေးရှောင်ရတဲ့ ဒေသခံရခိုင်ပြည်သူတွေနဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ပြန်လည်နေရာချထားရေး၊ လုံခြုံရေးနဲ့ ပုံမှန်လူမှု ဘဝပြန်လည် တည်ဆောက်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တဦးက တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဘက်ခြမ်း တိမ်းရှောင်သွားသူတွေ နေရပ်ပြန်လာနိုင်ရေးအတွက်လည်း အဓိက လုံခြုံရေး အာမခံချက်ပေးဖို့ ဘင်္ဂလား ဘက်ခြမ်းက ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာဒုက္ခသည်ကလည်း တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားနယ်စပ်ဘက် တိမ်းရှောင်သွားသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ သဘောတူညီချက်များအရ ဥပဒေနဲ့အညီ ပြန်လည်လက်ခံနိုင်ရေး အိုးအိမ်နေရာချထားရေးနဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူမှုဘဝပြန်လည် တည်ဆောက်နိုင်ရေးတွေအတွက် ရခိုင်ပြည်နယ်အတွင်း ကော်မတီအသီးသီးဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

အခုလို ဘင်္ဂလားဘက်တိမ်းရှောင်သူတွေအတွက် ပြန်လည်လက်ခံနေရာချထားရေး စီမံချက်အမျိုးမျိုးနဲ့ စီမံဆောင်ရွက်နေချိန်မှာပဲ ရခိုင်မြောက်ပိုင်း ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုံခြုံရေးရဲစခန်းတွေနဲ့ နယ်စပ်အခြေစိုက် စခန်းသုံးဆယ်ကျော်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အသက်လုထွက်ပြေးရတဲ့ ရခိုင်ဒေသခံပြည်သူတွေနဲ့ ဟိန္ဒူ မြို ခမီ စတဲ့ဌာနေတိုင်းရင်းသားတွေ့ လုံခြုံရေးပိုင်းဆိုင်ရာ အလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းပါတယ်။

"အခု လောလောဆယ်မှာတော့ ခမီလူမျိုးတွေအတွက် အိမ်တွေ၊ သူတို့ရဲ့ မီးလောင်ခံရတဲ့ နယ်မြေတွေမှာတော့ သူတို့ အတွက် အိမ်ပြန်ဆောက်ပါတယ် အစိုးရဘက်ကပေါ့နော်။ ဒါပေမယ့် နေရပ် စွန့်ခွာတဲ့ ရခိုင်က တိုင်းရင်းသားတွေ ဆိုရင်လည်း တချို့နေရာ မြောက်ဦးတို့၊ အဲဒီလို ကျောက်တော် နေရာတွေကို ပြောင်းပြေးပြီး ရောက်သွားတာတွေ ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေ၊ နောက်တခါ ရခိုင် မျိုးနွယ်စုတွေ ဒီမောင်တောနယ်မြေတို့ ဒီဘူးသီးတောင်နယ်မြေတို့ ရသေ့တောင်နယ်မြေတို့ လုံခြုံဖို့က အင်မတန် အရေးကြီးတာကိုလည်း တင်ပြကြပါတယ်။ နောက်တခုက ရခိုင်တိုင်းရင်းသားတွေ ဒီပင်လယ်ပြင်မှာ ငါးဖမ်းတာတွေ ရှိတယ်။ နောက်တခါ တောတောင်တွေမှာ သွားပြီးတော့ ရှာတာတွေ ရှိတယ်။ အဲဒီ အချိန်မှာ သူတို့ လုံခြုံမှုမရှိရင် ဘယ်လိုမှ သွားလာနေထိုင်ဖို့ မရှိပါဘူး။ အဲဒီ့အတွက်ကြောင့် လုံခြုံမှု ရှိဖို့အတွက် ကျမတို့က ဒီ အစိုးရ ကို တင်ပြထားတာ ရှိပါတယ်။"

အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်သွားရတဲ့ ရခိုင်ဒေသခံပြည်သူတွေအတွက် နေရပ်ရင်းပြန်လည် နေရာချထားရေးနဲ့ နေ့စဉ်လူမှုဘဝ စားဝတ်နေရေး လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ပေးဖို့ ရခိုင်အမတ်က တိုက်တွန်းတာပါ။

"အဲဒီတော့ အဓိကသည် ကျမတို့ ဒီဒေသထဲမှာ နေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုများသည် လုံခြုံရေးပိုင်းက နံပတ် ၁ အချက်က ပေါ့နော်။ ဒီလုံခြုံရေး မရှိဘဲနဲ့ သူတို့ ဘယ်လိုမှ မနေနိုင်ပါဘူး။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေကို လက်ခံပြီးတော့ သွင်းမယ်ဆိုရင် သူတို့နဲ့ အတူတကွနေထိုင်ဖို့ ဒေသခံ တိုင်းရင်းသားတွေရဲ့ အသံကိုလည်း နားထောင်ဖို့ လိုပါတယ်။ လုံခြုံမှုလည်း အင်မတန် အရေးကြီးပါတယ်။ အခုတော့ ရဲဘက်ကပေါ့နော် ဒီ နယ်စပ်လုံခြုံရေးတွေကိုတော့ တော်တော် သူတို့ ထိရောက်စွာ ချပေးထားတယ်လို့တော့ ပြောထားပါတယ်။ အခုလောလောဆယ်မှာတော့ တည်ငြိမ်မှုတွေကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး လူမှုအသိုင်းအဝိုင်းတွေကြား ရေရှည်ငြိမ်းချမ်းမှုရေးအတွက်က ပြန်လည်လက်ခံရုံနဲ့ မပြီးပဲ ရခိုင်ပြည်နယ်အစိုးရအပါအဝင် လွှတ်တော်ပိုင်း တာဝန်ရှိသူတွေဘက်ကလည်း ပူးပေါင်းပါဝင်တဲ့ ရေရှည်စီမံကိန်းတွေနဲ့ အချိန်ယူဆောင်ရွက်မှသာ ခိုင်မာတဲ့ တည်ငြိမ်မှုရှိမယ်လို့လည်း ဒေါ်ခင်စောဝေက အကြံပြုပါတယ်။

"ကျမတို့က ဒီရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် လွှတ်တော်မှာလည်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ လုံခြုံရေးအတွက်ကို ကျမတို့ ရခိုင်အမျိုးသားပါတီက ဘူးသီးတောင်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အဆိုတခု တင်ထားပါတယ်။ ဒီ ဆွေးနွေးခွင့်ရခဲ့တယ်ဆိုရင် ကျမတို့ ပြည်ထောင်စုအစိုးရကို တော်တော်များများ တိုက်တွန်းထားပါတယ်။ နောက်တခါ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အသံတွေလည်း ကျယ်ကျယ်လောင်လောင် ကြားရမှာ ဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ဖို့ ကိုယ့် ရခိုင်တိုင်းရင်းသား လူမျိုးစုတွေ ရခိုင်ပြည်နယ်ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးကို ကျမတို့ အားသွန်ခွန်စိုက် အစိုးရနဲ့ ပူးပေါင်းပြီးတော့ ကိုယ်စားလှယ်တွေရော၊ ကျမတို့ ရခိုင် ဒေသခံတွေရော ပူးပေါင်းပြီး လုပ်ရပါလိမ့်မယ် ရှင့်။"

ဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်လာနိုင်ရေး ကုလသမဂ္ဂအပါအဝင် ဘင်္ဂလား-မြန်မာနှစ်နိုင်ငံအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ ဝိုင်းဘက်က ကြိုးစားဆောင်ရွက်နေတာကို ကြိုဆိုလက်ခံပေမဲ့လို့ ပြန်လာမယ့် မူဆလင်ဒုက္ခသည်တွေအတွက် ခိုင်မာတဲ့အာမခံချက်မျိုး ရှိဖို့ အရေးကြီးလိုအပ်ပါတယ်လို့ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ Balukhali ဘာလုဂါလီ - ရိုဟင်ဂျာ ဒုက္ခသည်စခန်း မှာ ရှိတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်ကိုမျိုးသန့်က တောင်းဆိုပါတယ်။

"ဒီမှာတော့ ဒုက္ခသည်တွေက ပြန်လာဖို့ အဲ့ဘက်ကို အဲဒီပြန်သွားဖို့ အဆင်သင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်ဘက်ကတော့ အာဖခံချက်လိုတယ်။ ပြီးတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နားလည်မှု စာချွန်လွှာအတွက်ရော အဲဒါကို အားလုံးတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့ဘက်က အာမခံချက်တော့ ပေးရမယ်။ ဘာ အာမခံချက်လည်းဆိုရင် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး၊ အခြေခံ အခွင့်အရေးကနေ စပြီးတော့ ပြီးတော့ မူလနေရာကို ဒုက္ခသည်တွေ မူလနေရာကို ပြန်ပေးရမယ်။ အကုန်လုံးကို ဘေးကင်း လုံခြုံစွာ နေထိုင်ခွင့်ပေးရမယ်။"

လတ်တလော ဘင်္ဂလားဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ လူသားချင်းစာနာမှုအကူညီတွေနဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး နေထိုင်ရေး အစစအရာရာ စီစဉ်ပေးထားတာမို့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရသူတွေ နေရပ်ကိုပြန်ကြတဲ့အခါမှာတော့ ဒုက္ခသည်တွေ အဆင်ပြေနေနိုင်ရေး အစိုးရတာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် နယ်မြေရှင်းလင်းမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ ဘင်္ဂလားဒေရၤှ့ နိုင်ငံဘက်ခြမ်း ထွက်ပြေးသွားကြတဲ့ မူဆလင်ဒုက္ခသည် ခြောက်သိန်းကျော် ပြန်လက်ခံရေး နဲ့ပါတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးတို့ ၁၉ ၉ ၂ ခုနှစ် သဘောတူညီချက်နဲ့အညီ နေရပ်စွန့်ခွာသွားသူတွေကို စနစ်တကျ စိစစ်လက်ခံလက်ခံတဲ့နေရာမှာ လိုက်နာ ဆောင်ရွက်မယ့် အစီအမံတွေကို နိုဝင်ဘာ ၂၃က နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG