သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ဘာသာရေးနဲ့ လူမျိုးရေး ကွဲပြားမှုကို အခြေခံပြီး မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ ပစ်မှတ်ထား ကျူးလွန်ခဲ့ကြောင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာလည်း လူကုန်ကူးမှု သာမက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ မှောင်ခိုကူးရောင်းဝယ်မှု အန္တရာယ်အမြင့်မားဆုံးရင်ဆိုင်နေရတယ်လို့ လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Pattern က လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တံခါးပိတ်တွေ့ဆုံပြီးနောက် သတိပေးပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းလေးခုကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ Pramila Pattern ရဲ့ အထူးသတင်းစာရှင်းပွဲကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသက်မသေပဲ လွတ်မြောက်လာခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ မိန်းကလေးတွေ နောက်ပြီး မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် ညှမ်းပန်းနှိပ်စက်မှုတွေကို မြန်မာတပ်မတော်က ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ညွန်ကြားကျူးလွန်ခဲ့တာတွေ့ရတယ်လို့ သတင်းထောက်တွေကို Pramila Pattern က အခုလိုပြောပါတယ်။

"ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို အခြေခံပြီး ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် ကြီးမားကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်တကျနဲ့ ကျူးလွန်ခဲ့တယ်ဆိုတာကို ကျမလေ့လာတွေ့ရှိခဲ့ပါတယ်။ ငြင်းလို့မရတဲ့အချက်ကတော့ ဒီလို သတ်ဖြတ်မှု၊ ညှမ်းပန်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု စတဲ့ နည်းလမ်းပေါင်းစုံကို ကျူးလွန်ဖို့ မြန်မာတပ်မတော်က စနစ်တကျ စီစဉ် အမိန့်ပေးညွန်ကြားခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဒီလို အပြစ်ကျူးလွန်တဲ့ အခြားသူတွေထဲမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်နဲ့ အခြားလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေလဲ ပါဝင်ပါတယ်။"

စစ်သားအများအပြားက ၀ိုင်းပြီး မုဒိမ်းကျင့်တာ၊ အရှက်ရ အောင်လုပ်တာနဲ့ စစ်ဘက်ကဖမ်းထားချိန်အတွင်း လိင်ကျွန်လုပ်ခိုင်းတာတွေအပါအ၀င် လိင်ပိုင်းအကြမ်းဖက်မှု ပုံသဏ္ဌာန်တွေကို ထွက်ပြေးလာသူတွေဆီကနေ တသမတ်တည်း ကြားခဲ့ရတယ်လို့ မစ္စ Patten ကပြောပါတယ်။

ဒါအပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ၄ ခုကို သုံးရက်ကျော်ကြာ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ရာမှာ ဒုက္ခသည်တွေဟာ လူကုန်ကူးခံရမယ့်အန္တရာယ် ကျရောက်နေတာကို တွေ့မြင်ခဲ့ရကြောင်း သူက သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ အားနည်းတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေသာမက ယောက်ျားလေးတွေရဲ့အခြေအနေကို အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့၊ အတင်းအဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းဖို့အတွက် သူတို့ဟာ လူကုန်ကူးမှုအန္တရာယ်အပြင် ခန္ဓာကိုယ်အစိတ်အပိုင်း တွေကိုပါ ရောင်းဝယ်တဲ့ အန္တရာယ် အမြင့်မားဆုံး ရင်ဆိုင်နေရပါတယ်။"

ဒီအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မယ့် ဖြစ်နိုင်ချေနည်းလမ်းတွေကို စူးစမ်းရှာဖွေနေကြောင်း Pramila Pattern ကပြောပါတယ်။ အဲဒီထဲမှာ အချက်အလက်တွေ မှတ်တမ်းတင်သိမ်းဆည်းတာ၊ သက်သေအထောက်အထားတွေကို ထိန်းသိမ်းတာ၊ အကြမ်းဖက်နှိပ်စက်မှုတွေကနေ လွတ်မြောက်လာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ ကောက်ယူစုဆောင်းတာ၊ လူကုန်ကူးမှု ကာကွယ်တားဆီးဖို့ နည်းလမ်းတွေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့လည်း သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ASRA ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့ကို နှိမ်နင်းတဲ့အနေနဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆေးရေးအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ရက်ရက်စက်စက် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှု တွေကျူးလွန်ခဲ့တာတွေကို လုံခြုံရေးကောင်စီအနေနဲ့ အရေးယူကိုင်တွယ်ဖို့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ကြောင်း Pramila Pattern က အခုလိုပြောပါတယ်။

"လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံပြီး အထူးသီးသန့် တင်ပြခွင့်ရခဲ့သလို ဖိအားပေးဖို့လည်း ကျမတိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကိုယ်တိုင် သွားရောက်ကြည့်ရှုဖို့လည်း ကျမ အကြံပြုခဲ့ပါတယ်။"

သူရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခွင့်ရဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာရေးပန်ကြားခဲ့ပေမယ့် ငြင်းပယ်ခံရကြောင်း မစ္စ Pattern က အထူးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာနဲ့ Cox’s Bazar မြို့တွေကို သွားရောက်ခဲ့တဲ့ လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Pattern ရဲ့ ခရီးစဉ်မှာ UNFPA၊ UNICEF စတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေနဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ရေး ဆိုင်ရာ တာဝန်ရှိသူတို့ လိုက်ပါသွားခဲ့ကြပါတယ်။

သြဂုတ်လ (၂၅)ရက်နေ့နောက်ပိုင်း မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၆ သိန်းကျော်ရှိနေပြီး တ၀က်ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။ ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ်ဖိနှိပ်မှုဟာ Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှု မြောက်တယ်ဆိုတာ သိသာထင်ရှားကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG