မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အစီအစဉ်ကိုမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုး တာဝန်ရှိသူတွေ ဒီကနေ့ သဘောတူ လက်မှတ် ရေးထိုးလိုက်ပေမဲ့၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကြား မှာတော့ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ Cox's Bazar မှာရှိတဲ့ ဒုက္ခသည်တချို့ကို ရိုက်တာ သတင်းဌာနက မေးမြန်းထားတာကိုအခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့တဲ့ ဒုက္ခသည် ၆ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး၊ ဒီလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေကြား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့တာပါ။ ဒီကနေ့မှာတော့ ဒီဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို နှစ်ဘက် တာဝန်ရှိသူတွေ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကြားမှာတော့ - အခုသဘောတူညီချက်က သူတို့အတွက် ဘေးကင်းလုံခြုံမှု ရှိရှိနဲ့ အမှန်တကယ် နေရပ် ပြန်နိုင်တဲ့အခြေအနေ ဖြစ်လာပါ့မလား ဆိုတာ စိုးရိမ်နေကြပါတယ်။
Cox's Bazar မှာရှိတဲ့ ကုတုပလောင် ဒုက္ခသည်စခန်းကို လွန်ခဲ့တဲ့ နှစ်လလောက်က ရောက်လာခဲ့တဲ့ ဒုက္ခသည် အမျိုးသမီး Nurasha က ခုလို ပြောပါတယ်။
"ကျမ တော့ မြန်မာအစိုးရကို မယုံဘူး။ ကျမ အမျိုးသားဆိုရင် မြန်မာပြည်ကနေ သုံးကြိမ် ထွက်ပြေးခဲ့ရဖူးတယ်။ ကျမ အတွက် ဒါ ဒုတိယအကြိမ် ထွက်ပြေးလာရတာပါ။ မြန်မာအစိုးရက အမြဲတမ်း ဒီလိုလုပ်နေတာပါပဲ။”
ဒုက္ခသည်စခန်းကို ရောက်လာတာ ၁၅ ရက်ပဲရှိသေးတဲ့ Salimullah ကတော့ သူတို့အတွက် အမှန်တကယ် အဆင်ပြေရင် ပြန်မယ်လို့ ပြောပါတယ်။
"ကျနော်တို့ တောင်းဆိုချက်တွေအတိုင်း လိုက်လျောရင်တော့ ပြန်မှာပါ။ ကျနော်တို့ကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးဖို့ တောင်းဆိုပါတယ်။ ကျနော်တို့ လယ်မြေတွေကိုလည်း ပြန်ပေးရပါမယ်။”
နောက်ထပ် ဒုက္ခသည်တဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် Sayed Hussein ကလည်း ခုလို ပြောပါတယ်။
"ကျနော်တို့ကို အနှောက်အယှက် မပေးဘူးဆိုရင်… ပြီးတော့ တခြား ဗုဒ္ဓဘာသာဝင်တွေ၊ တခြားလူမျိုးစုတွေလိုပဲ နေထိုင်ခွင့် ရမယ်ဆိုရင်တော့ ပြန်ပါမယ်။ ပညာအရည်အချင်းရှိတဲ့ ကျနော်တို့ရဲ့သားသမီးတွေလည်း… တခြားသူတွေလိုပဲ အစိုးရ အလုပ်အကိုင်တွေမှာ လုပ်ကိုင်ခွင့် ရသင့်ပါတယ်။”
ဒုက္ခသည်တွေ ဘေးကင်းကင်း နေရပ် ပြန်နိုင်ရေးမှာ မြန်မာစစ်တပ်က အနှောက်အယှက် ပေးနိုင်တယ်လို့ ဆိုပြီး စိုးရိမ်သူတွေလည်း ရှိခဲ့တာပါ။ မြန်မာအစိုးရ အရာရှိတွေကတော့ လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်ပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ ပြန်လည် ခေါ်ယူရေး ဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေအနေနဲ့ - ကိုယ့်ရဲ့နံမည်၊ မိသားစုစာရင်း၊ မြန်မာနိုင်ငံမှာ နေခဲ့ချိန်က နေရပ်လိပ်စာ၊ မွေးသက္ကရာဇ် စတာတွေ ဖြည့်စွက်ရမယ့်အပြင် ကိုယ့်ဆန္ဒနဲ့ကိုယ် ပြန်လာတာ မှန်ကန်ကြောင်းကို အတည်ပြုရမှာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး အဘူလ် ဟဒ်ဆန် မာမွတ် အလီ တို့ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ ဒုက္ခသည်တွေအရေး အစီအစဉ်ထဲမှာတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရာမှာ လိုက်နာဆောင်ရွက်ရမယ့် မူဘောင်တွေ၊ မူဝါဒရေးရာ အစီအမံတွေ ပါဝင်တဲ့အကြောင်းနဲ့ ဒီမူဘောင်တွေနဲ့ မူဝါဒရေးရာ အစီအမံတွေကို ၁၉၉၂ ခုနှစ်က မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ရယူခဲ့တဲ့ သဘောတူညီချက်တွေအပေါ်မှာ အခြေခံထားတဲ့အကြောင်း မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။