သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ သတ်မှတ်ရက်အတိုင်း လက်ခံဖို့ မြန်မာအဆင်သင့်ရှိ


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ခရီးစဉ်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ခရီးစဉ်

ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ ပြန်လည်လက်ခံ နေရာချထားရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား သဘောတူညီထားတဲ့ သတ်မှတ်ရက်အတိုင်း လာမယ့် ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရဘက်က အသင့်ဖြစ်နေပြီလို့ နေရာချထားရေး ဦးဆောင်စီစဉ်နေသူ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မူဆလင် ကျေးရွာတွေနဲ့ ပြန်လာမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားတဲ့ စခန်းတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ကို လိုက်လံပြသခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုရှင်းပြပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်နဲ့ ပတ်သက်လို့ကတော့ သူနေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်၊ တွေ့ပြီးတော့ ကျနော်တို့နဲ့အတူတူ မောင်တောကိုသွားခဲ့တယ်။ မောင်တောကိုသွားခဲ့တာကတော့ သူသွားခဲ့တဲ့နေရာ ပထမဦးဆုံးကတော့ ပန်းတောပြင်ကျေးရွာကိုသွားတယ်။ ပန်းတောပြင်ကျေးရွာက မွတ်ဆလင်ကျေးရွာ တွေဖြစ်တယ်ပေါ့နော်။ အဲဒီမှာ မွတ်ဆလင်တွေရှိတော့ သူတို့က အဲဒီမှာ တချို့အိမ်တွေ မီးလောင်ထားတာရှိတယ်။ မီးလောင်ထားတော့ သူတို့တွေ ဟိုဘက်နိုင်ငံကို ထွက်သွားတာမရှိဘူး။ အဲဒီမှာပဲ အခြားသူတို့နီးစပ်ရာ သူတို့အမျိုးတွေမှာ ပူးပေါင်းပြီးနေကြတာရှိတယ် အဲဒီဟာအတွက်ကို ကျနော်တို့ အိမ်ဆောက်ပေးနေတာရှိတယ်။ အဲဒီနေရာတွေကို သွားကြည့်တာ အဓိက။ အဲဒါတွေကိုသူတွေ့ခဲ့တယ် အဲဒီမှာ ရှိတဲ့ ရွာခံတွေပေါ့ သူတို့နဲ့ စကားပြောတယ်။ နောက်ပြီးတော့ တောင်ပြိုလက်ဝဲကိုသွားပါတယ်။ တောင်ပြိုလက်ဝဲက လက်ခံရေးစခန်း ကုန်းလမ်းကလာတဲ့လူတွေအတွက်။ အဲဒီစခန်းရဲ့ တည်ဆောက်ပြီးစီးတဲ့အခြေအနေလေးတွေကို သူလေ့လာတယ် ကြည့်တယ်၊ မေးမြန်းတယ် ဒီလောက်ပါပဲ။ သူကတော့ အခုခရီးစဉ်မှာတော့ လေ့လာတယ် ကြည့်ရှုတယ်၊မေးမြန်းစရာလေးတွေကို မေးမြန်းတယ် ဒီလောက်ပါပဲ။

မဆုမွန်။ ။ဝန်ကြီး အဲဒီတော့ ဝန်ကြီးတို့ကိုယ်တိုင်ပေါ့နော် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ဖြစ်ခဲ့တဲ့နေရာတွေ ၊ နောက်ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်နေတဲ့ စခန်းတွေကို လိုက်ပြပေးတယ်ဆိုတဲ့အခါကျတော့ ဒီအခုလိုမျိုး ဝန်ကြီးတို့ လက်တွေလုပ်ကိုင်နေတဲ့ မြေပြင်အခြေအနေတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ရှင်းပြခြင်းအားဖြင့် ဝန်ကြီးတို့တကယ်လက်တွေ့ဆောင်ရွက်နေတဲ့အခြေအနေတွေပေါ်မှာ ဘယ်လိုများ အကျိုးသက်ရောက်မှုရှိမယ်လို့ ထင်ပါသလဲ။ ဝန်ကြီးတို့ကိုယ်တိုင်လည်းရှင်းပြခဲ့တယ်ဆိုတော့။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့ ပြည်ပနိုင်ငံတနိုင်ငံ၊မိတ်ဆွေ နိုင်ငံတနိုင်ငံကနေပြီးတော့ ဒီနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တကယ့်မြေပြင်ကို ဆင်းပြီးတော့တွေ့တယ်၊ သူရောက်တယ်။ အခုလက်ရှိမှာလည်း ပြန်လည်လက်ခံရေးကို ကျနော်တို့ အသေအချာ ပြန်လည်လက်ခံဖို့အတွက်ကို တဖက်နိုင်ငံမှာ ပြန်လည်လက်ခံဖို့အတွက် သေသေချာချာလုပ်နေတယ်ဆိုတဲ့ဟာတွေကိုလည်း သူတို့တွေ့တယ်။ နောက်ပြီးတော့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ မွတ်စလင်တွေနဲ့ တွေ့ပြီးတော့ ပြန်လည်ပြီးတော့ လုပ်ပေးနေတဲ့ ကိစ္စတွေလည်း မြင်ကွင်းတွေလည်း သူတို့ အများကြီးလေ့လာခွင့်ရတာပေါ့နော်။ ဒါတွေကို လေ့လာခြင်းအားဖြင့် ကျနော်တို့ နဲ့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီးတော့ သူနိုင်ငံခြားရေး ဝန်ကြီးတယောက်အနေနဲ့ မျက်ဝါးထင်ထင်တွေ့ရတယ်။ နောက်သိလည်း သိရတယ်၊ ရှင်းလည်းရှင်းပြလိုက်တယ် ကျနော်တို့လည်းပါတာဆိုတော့လေ။ ဘာပဲဖြစ်ဖြစ် ဒါအဓိကတော့ သူနဲ့ အတူတူပါလာတဲ့ မီဒီယာတွေ တော်တော်များတယ်ခင်ဗျ။ မီဒီယာတွေအများအပြားပါလာတဲ့ အတွက်ကြောင့် အဲဒီ မီဒီယာတွေကလည်း သူတို့ တွေ့သွားတဲ့ ဟာတွေကို ပြောပြနိုင်တာပေါ့နော် ဖြန့်ဝေနိုင်တာပေါ့ ဆိုတော့ ကောင်းပါတယ်ခင်ဗျ။

မဆုမွန်။ ။ဝန်ကြီး ဂျပန်ဘက်ကတော့ ပြန်လည်ပြင်ဆင်နေရာချထားရေးနဲ့ ပတ်သက်ပြီး အများကြီး အကူအညီပေးဖို့ အစီအစဉ်တွေလည်းရှိတာပေါ့နော် ဝန်ကြီး။

ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ကဲ့ အဲဒါကတော့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူဘက်က ကူမယ့်အခြေအနေကို ပြောပြသွားတယ် အဲဒါ သတင်းထုတ်ပြန်ပြီးသားဖြစ်တယ်။ နောက်ပြီးတော့ ဆက်ပြီး လိုအပ်တာတွေဆောင်ရွက်မယ့် ကူညီနိုင်မယ့် ကိစ္စတွေမှာလည်း ပါဝင်မယ့် သဘောတော့ရှိပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ ဝန်ကြီးနောက်ဆုံးမေးခွန်းပါ။ အခုဝန်ကြီးတို့ လက်တလောပြင်ထားတဲ့ ဇန်နဝါရီ ၂၃ မှာ နောက်ဆုံးသီတင်းပတ်လောက်မှာ ကြိုပြီးတော့ ပြင်ဆင်ထားတဲ့ ပြန်လာမယ့်လူတွေအတွက် နေရာချထားရေး အစီအစဉ်ကရော အခြေအနေ နောက်ဆုံး ဘယ်လိုများ ရှိပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဆိုတော့ ကျနော်တို့ ဒီ လက်ခံရေးစခန်း ၂ ခု ဒါသိပြီးသား တောင်ပြိုလက်ဝဲနဲ့ ငါးခူရ အဲဒီ ၂ ခုလုံး ကျနော်တို့ ရောက်ခဲ့ပြီ။ တောင်ပြိုလက်ဝဲကတော့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးလည်းရောက်ခဲ့ပြီ။ မနေ့ကရောက်ခဲ့တဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီနေ့တော့ ထပ်မသွားဘူး။ မနေ့က တွေ့ခဲ့တဲ့အခြေအနေကတော့ လာမယ့် ၂၃ ရက်နေ့မှာ စတင်လက်ခံဖို့ အဲဒီ Date မှာ အဆင်သင့်ဖြစ်မယ် အခုပြီးသလောက်တော့ပြီးပြီ။ ဆိုတော့ တခါတည်းကိုလည်း သိန်းနဲ့ချီပြီး ဝင်တာမဟုတ်ဘူး။ စိစစ်ပြီးမှ ပြန်ဝင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အင်အား ကျနော်တို့ကတော့ ထောင်နဲ့ ချီတဲ့ လူတွေလက်ခံနိုင်တဲ့ အင်အားကတော့ ကျနော်တို့ အခုလက်ရှိမှာ အဆင်သင့်ဖြစ်ပြီ။ အဲဒီတော့ ၂၃ ရက်နေ့ကျရင် စတင် ဝင်ရောက်မယ့် သူတွေအတွက်ကို ကျနော်တို့ လက်ခံနိုင်ဖို့အတွက်ကို အဆင်သင့်ဖြစ်ပြီပေါ့နော် ဒါ တောင်ပြိုလက်ဝဲအတွက်။

ဒီနေ့ ကျနော်တို့ ငါးခူရကို ရောက်ခဲ့တယ်။ ငါးခူရမှာ အဆင်သင့်ဖြစ်ဖို့အတွက်ကို အဆင်သင့်ဖြစ်မယ် အဲဒီကျလို့ရှိရင်။ လှဖိုးခေါင် ကြားစခန်းကိုလည်း ကျနော်တို့ အခုရောက်ခဲ့ပြီ။ ကျနော်တို့ ရောက်ခဲ့တဲ့ အခါကျတော့ အဲဒီမှာလည်း အဆင်သင့်ဖြစ်မယ်။ ဆိုလိုတာကတော့ ကျနော်တို့မှာ သတ်မှတ်ရက်အတွက် အဆင်သင့်ဖြစ်မယ် ပြန်လည်လက်ခံလို့ ရမယ်ဆိုတာ ကျနော်ပြောချင်တယ်။ ဒီလောက်ပဲခင်ဗျ ရဟတ်ယာဉ်ပြန်တက်တော့မယ်ဆိုလိုပါခင်ဗျ။”

ဒီကနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေအတွက် ပြင်ဆင်ထားတဲ့ ငါးခူရနဲ့ လှဖိုးခေါင်ကြားစခန်းတွေ အခြေအနေကို ကိုယ်တိုင်သွားရောက်လေ့လာနေတဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးကို သူ့ခရီးစဉ်အတွင်းမှာပဲ မဆုမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG