သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်


မြန်မာပြည်ကိုရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ( ဇန်နဝါရီ ၁၁-၂၀၁၈)
မြန်မာပြည်ကိုရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ( ဇန်နဝါရီ ၁၁-၂၀၁၈)

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း စနေနေ့ကျရင် ရခိုင်ဒေသကို သွားရောက်ပြီး ဂျပန်အနေနဲ့ ဘယ်လိုအကူအညီ ပေးနိုင်မလဲ ဆိုတာကို သွားရောက်လေ့လာဖို့ ရှိပါတယ်။ မစ္စတာ Kono ဟာ (သောကြာ)ဒီကနေ့မှာ သီလဝါ စီးပွားရေးဇုံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ရှိသလို ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေကို ပြန်လည်နေရာချ ထူထောင်ရေးကိစ္စမှာ ဂျပန်အနေနဲ့ အခုထက်မက ပိုပြီး ကူညီလာ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်-မြန်မာ စီးပွားရေးလုပ်ငန်းရှင် တချို့ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အစ ဇန်နဝါရီ(၁၁)ရက် ကြာသပတေးနေ့က ရန်ကုန်မြို့ ရေဝေးမှာရှိတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းကျဆုံး ဂျပန်စစ်သည်တွေအတွက် ဂုဏ်ပြုထားတဲ့ သင်္ချိုင်းဗိမာန်ကို သွားရောက်ဂါရဝပြု ပန်းခွေချခဲ့တာပါ။

သောကြာ ဒီကနေ့မှာတော့ မစ္စတာ Kono ဟာ သီလဝါ အထူးစီးပွားရေးဇုံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ဂျပန်လုပ်ငန်းရှင်တွေနဲ့ ရန်ကုန် Melia Hotel မှာ တွေ့ဆုံဖို့ ရှိသလို၊ အဲဒီကနေ နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ မြန်မာ့ဇာတိမြေကုမ္ပဏီ ဂျပန်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် ဦးဗညားဇော်က VOA ကိုပြောပါတယ်။

" ကျနော်သိသလောက်ကတော့ သီလဝါအဖွဲ့တွေ တွေ့မယ်။ သီလဝါကတော့ ရန်ကုန်ခင်ဗျ။ တွေ့ပြီးရင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့မယ်။ တွေ့ပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့မယ်။ နေပြည်တော်ကို သွားတွေ့လိမ့်မယ်ထင်တယ်။"

ဇန်နဝါရီ(၁၃)ရက် စနေနေ့ကျရင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono အပါအဝင် (၁၉)ဦးပါ ဂျပန်ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး လတ်တလော ဂျပန်က အကူအညီပေးထားတဲ့ ကိစ္စတွေအပါအဝင်၊ နောက်ထပ် ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲဆိုတဲ့ ကိစ္စတွေကို သွားရောက်လေ့လာဖို့ ရှိတယ်လို့ ဦးဗညားဇော်က ပြောပါတယ်။

"ပြီးတော့မှ နောက်တရက်ကတော့ ရခိုင်ဒေသပေါ့နော် ရခိုင်ဒေသကတော့ ဝန်ကြီး အဖွဲ့တွေမှာလည်း တော်တော်များပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono အပါအဝင် (၁၉)ဦးနဲ့ မီဒီယာ ၉ဦး အားလုံး ၂၈ဦးသည် ရခိုင်ဒေသကို သွားမယ်ပေါ့။ ပြီးတော့မှ သူတို့ ဗမာပြည်ကို ကူညီထောက်ပံ့တဲ့အခါမှာ ဘာတွေ လိုအပ်တယ်ဆိုတာကို သွားရောက်လေ့လာမှာပေါ့နော်။ အဓိက ကတော့ ကျနော်တို့ နယ်စပ်ဒေသ လုံခြုံရေးပေါ့နော်။ ပြန်လာတဲ့ ဒုက္ခသည်တွေ ဒေသခံတိုင်းရင်းသားတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေအတွက် လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးပဲ"

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနိုင်ငံရေး သြဇာအာဏာ တက်လာနေတာကို စိုးရိမ်နေတဲ့ ဂျပန်အစိုးရဟာ အာဆီယံနိုင်ငံတွေ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ အစီအစဉ်တွေရှိပြီး၊ ဈေးကွက်အရ အလားအလာကောင်းတွေ ရှိနိုင်တယ်လို့ သူတို့တွက်ဆထားတဲ့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်ဖို့ အကူအညီပေးရေးကိစ္စတွေကို လုပ်ဆောင်လာတာဖြစ်ကြောင်း တိုကျိုမြို့အခြေစိုက် ဂျပန်မြန်မာအရေး လေ့လာသူ ဦးကျော်ကျော်စိုးက သုံးသပ်ပါတယ်။

" အဓိက အချက်ကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ဂျပန်က ထပ်ကျပ်မခွာ ရှိနေတယ်ဆိုတာ သူတို့ပြချင်တဲ့ရည်ရွယ်ချက် ရှိပုံရပါတယ်။ အဲ့နောက်မှာ ဘာပါလဲဆိုတော့ အရှေ့တောင်အာရှနိုင်ငံတွေ ဂျပန် ODA အခြားအကူညီတွေ ပေးတဲ့အထဲမှာ အင်ဒိုနီးရှား ဗီယက်နမ်ကို တောက်လျောက်ပေးခဲ့တယ် ဒါပေမဲ့ အဲ့ဒီ့နိုင်ငံတွေက စီးပွားရေးတိုးတက်မှု နှုန်းတွေက မြင့်လာတယ်။ အကြွေးတွေလည်း ပြန်ဆပ်နေတဲ့အနေအထားရှိတော့ ဂျပန်က ပေးတဲ့အကူအညီတွေက မြန်မာနိုင်ငံဘက်ကို ဦးတည်ပြီးတော့ လာတဲ့အကြောင်းအချက်လည်းပါတယ်လို့ သုံးသပ်ပါတယ်။"

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono ဟာ သူ့ခရီးစဉ်အတွင်း ပြီးခဲ့တဲ့လထဲ ဖမ်းဆီးခံရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦး ကိစ္စ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးကိစ္စနဲ့ နဲ့ တရားဥပဒေ စိုးမိုးရေးတို့နဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ကြောင်းကို မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ သူဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က သူ့ခရီးစဉ် မတိုင်မီမှာ ပြောဆိုထားပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းအရ မြန်မာနိုင်ငံတွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားတိုင်းပြည်တွေ ထဲမှာ ဂျပန်နိုင်ငံက အဆင့်(၁၁)ရှိပြီး ဒေါ်လာသန်း(၇၀၀)ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG