သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ပြန်လာရေးနဲ့ ပြန်လည်ထူထောင်ရေး ဒေါ်လာ ၂၃ သန်း ဂျပန်ကူညီ


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးကို အသေအချာ လုပ်ဆောင်ဖို့လို ကြောင်း၊ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့မနက်တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။ ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးသွားပြီး နေရပ်ရင်းပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီ အပါအဝင် ရခိုင်ဒေသခံ အမျိုးသမီးတွေကို သက်မွေးဝမ်းကြောင်းပညာ လေ့ကျင့်သင်ကြား ပေးရေးအတွက်ပါ စုစုပေါင်း ဒေါ်လာ(၂၃)သန်း ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကတိပြုလိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ကြာသာပတေးနေ့ကစပြီး အလည်အပတ်ရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့မနက် ၉ နာရီခွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံဆွေးနွေးကြပြီး၊ ဂျပန်မြန်မာ ဆက်ဆံရေး တိုးမြှင့်ဖို့၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီလိုဆွေးနွေးစဉ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ရင်း ပြန်လာနိုင်ရေးအတွက် အသေအချာ လုပ်ဆောင်ဖို့လိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kono က တိုက်တွန်းပါတယ်။ ရခိုင်ဒေသမှာ လူ့အခွင့်အရေးအခြေနေတွေ တိုးတက်အောင် လုပ်ဆောင်ဖို့လိုတယ်ဆိုတာ သူတိုက်တွန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး မစ္စတာ Kono ကပြောသွားပါတယ်။

“နေရပ်ရင်း ပြန်လာသူတွေအရေးကို ဂရုတစိုက် ကိုယ်တွယ်ဆောင်ရွက်ဖို့လိုပါတယ်။ နှစ်ဘက် လူ့အသိုင်းအဝိုင်းကြားမှာ မျှမျှတတနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိအောင် လုပ်ဆောင်ဖို့လည်း အရေးကြီးပါတယ်။ ပြန်လည်နေရာ ချထားရေးကိစ္စမှာ ခွဲခြားဆက်ဆံမှုတွေ မရှိအောင် သတိပြုဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ မြန်မာအစိုးရက ကြိုးပမ်းလုပ်ဆောင် နေတာတွေကို ဂျပန်အစိုးရက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမှာပါ”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်ဝင်လာကြမယ့် ဒုက္ခသည်တွေအတွက် အရေးပေါ်အကူညီအဖြစ် အမေရိကန်ဒေါ်လာ (၃)သန်းကို ဂျပန်အစိုးရက ပေးအပ်သွားမယ်လို့ ဝန်ကြီး Kono ကပြောပါတယ်။ အဲဒီအကူညီထဲမှာ လျှပ်စစ်မီးရရှိရေးနဲ့ သောက်ရေသန့် ပေးဝေနိုင်ရေးတို့ ပါဝင် ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က အမျိုးသမီးတွေ အလုပ်အကိုင်ရရှိရေးအတွက် သက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေးမှာ အသုံးပြုဖို့ နောက်ထပ် ဒေါ်လာသန်း(၂၀)ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက တဆင့် ပေးအပ်သွားမယ်လို့ ဝန်ကြီး Kono က ကတိပေးသွား ပါတယ်။ ဂျပန်အစိုးရရဲ့ ဒီအကူအညီတွေဟာ နေရပ်ရင်း ပြန်လာကြမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ အတွက်ရော၊ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေအတွက်ပါ များစွာ အထောက်အပံ့ဖြစ်စေတယ်လို့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးမှုစီမံကိန်း UEHRD ကော်မတီ ဒုဥက္ကဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ကျနော်တို့မှာ ရည်ရွယ်ချက်ကြီး ၃ ရပ်ရှိတယ် UEHRD မှာ ပြန်လည်လက်ခံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၊ နောက်ပြီးတော့ နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေး ဒီရည်ရွယ်ချက်ကြီး ၃ ရပ်ကို ဒီငွေတွေက အကောင်အထည်ဖော်သွားမယ်။ ခုနက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောတဲ့အတွက်ကြောင့် သူနေရာနှင့်သူ ကျနော်တို့ ပိုပြီးတော့ လုပ်ဆောင်နိုင်အောင်လို့ မိတ်ဆွေနိုင်ငံတွေက အကူအညီပေးတဲ့ သဘောပဲ။"

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono တိုက်တွန်းသလို နှစ်ဘက် လူ့အသိုင်းအဝိုင်းကြား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရာမှာ အခက်အခဲ စိန်ခေါ်မှုတွေ အများကြီး ရှိနေပေမယ့် ဂျပန်အပါဝင် နိုင်ငံတကာ အကူအညီတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

" ကျနော်တို့ UEHRD ရည်ရွယ်ချက်မှာလည်း ရေရှည် ပဋိပက္ခကင်းဝေးရေးဆိုတာက နှစ်ရှည်လများဖြစ်ပွားတဲ့ကိစ္စတွေကြောင့် ၂ ဖက်ကတော့ ခံစားချက် ပြင်းထန်ပြီးတော့ တချို့ကလည်းပြောတယ် ပေါင်းစည်းရေးက လုံးဝမလွယ်ပါဘူး။ အတူတူတော့ လုံးဝမနေနိုင်ပါဘူးလို့ ဒါလေးတွေလည်း ကြွေးကြော်နေတာတွေရှိတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရေရှည် ပဋိပက္ခကင်းဝေးဖို့ကတော့ သဟဇာတဖြစ်ဖို့က အလွန်အရေးကြီးတယ်။ ဒါအတွက်ကိုလည်း ကျနော်တို့ ကြိုးစားဆောင်ရွက်နေတယ်။ ဒီကိစ္စအတွက်ကိုလည်း ကျနော်တို့ဦးတည်တယ် ဥပမာ ကုန်တိုက်ကြီးတွေဖွင့်မယ် ၊ နောက်ပြီးတော့ ရောင်းဝယ်ဖောက်ကားတဲ့ ဈေးတွေလုပ်မယ်၊ ဒီမှာအကုန်လုံး သူ့ထွက်ကုန်၊ ကိုယ့်ထွက်ကုန် ရောင်းစရာ ဝယ်စရာ ဒီမှာ ဝယ်ကြမယ် ၊ အတူတကွ ပိုပြီးတော့ ဒီဟာတွေကို ကျနော်တို့ ဆောင်ရွက်လို့ ရတယ်။"

ဒီကနေ့ မနက်ပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအပါဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဂျပန်နိုင်ငံက အကူအညီတွေ ဆက်ပေးသွားမယ့် အကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဂျပန်ယန်းငွေ ဘီလီယံ(၈၀၀)သုံးစွဲ အကောင်အထည်ဖေါ်မယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေဖြစ်တဲ့ (၃)နာရီခွဲနဲ့ သွားနိုင်မယ့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို ၂၀၂၀ စက်တင်ဘာလ မတိုင်မီခင် အပြီး လုပ်ဆောင်ရေး၊ (၈)နာရီနဲ့ သွားရောက်နိုင်မယ့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ၂၀၂၃ မှာ ပြေးဆွဲနိုင်ရေး အဆင့်မြှင့် လုပ်ဆောင်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေး ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံပြီး အာရှဒေသ ကုန်သွယ်ရေလမ်းကြောင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု အခြေအနေ၊ ဂျပန်မြန်မာ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kono ဟာ သောကြာ ဒီကနေ့ညနေမှာ သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာပြီး မနက်ဖြန် စနေနေ့မှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောဒေသကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG