သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono မြန်မာ-ဘင်္ဂလားနယ်စပ် ဒုက္ခသည်ပြန်လည်လက်ခံရေး အခြေအနေလေ့လာ


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono မြန်မာ-ဘင်္ဂလားနယ်စပ် ဒုက္ခသည်ပြန်လည်လက်ခံရေး အခြေအနေလေ့လာ။ သတင်းဓါတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kono မြန်မာ-ဘင်္ဂလားနယ်စပ် ဒုက္ခသည်ပြန်လည်လက်ခံရေး အခြေအနေလေ့လာ။ သတင်းဓါတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ပြင်ဆင်နေတဲ့ မြန်မာအစိုးရဲ့ အစီအစဉ်တွေကို လေ့လာဖို့ ရခိုင်ပြည်နယ်ကို မြန်မာစစ်ဖက်ရဟတ်ယာဉ်နဲ့ ဒီကနေ့ သွားရောက်ပါတယ်။ မစ္စတာ ကိုနိုဟာ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ ပထမဆုံး ပြည်ပခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့နှစ်အတွင်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ ပဋိပက္ခတွေအတွင်း မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေနေရာမှာ အစားထိုး ပြန်ဆောက်ပေးနေတဲ့ အိမ်ခြေ ၁၀၀၀ လောက် ရှိတဲ့ ကျေးရွာမှာ နိုင်ငံခြားရေးဝန်ကြီး ကိုနိုဟာ ရွာသားတွေနဲ့ တွေ့ဆုံပြီး သူတို့ပြောပြတာတွေကို နားထောင်ခဲ့ပါတယ်။

အဲဒီနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကိုသွားရောက်ပြီး ဒုက္ခသည်တွေပြန်ဝင်လာမယ့် တံတားနဲ့ ပြန်လည်စိစစ်လက်ခံရေး ဌာန အဆောက်အဦးတွေကို ကြည့်ရှုခဲ့ပါတယ်။ ရွာတွေနဲ့ အိမ်တွေ အတော်များများ မီးရှို့ ဖျက်ဆီးခံရတာကိုတွေ့ရတယ်လို့ မစ္စတာ ကိုနိုက သတင်းထောက်တွေကို ပြောခဲ့ပြီး ဒုက္ခသည်တွေဘ၀ ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ အများကြီး ကူညီရလိမ့်မယ်လို့လည်း ဆိုပါတယ်။

စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား သင့်မြတ်ဖို့အရေး ဂျပန်အစိုးရအနေနဲ့ တတ်စွမ်းသမျှ ကူညီသွားမယ်လို့လည်း ပြောပါတယ်။ မနေ့တုန်းကတော့ မစ္စတာ ကိုနိုဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြသလို ရခိုင်ပြည်နယ်အရေး၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံနိုင်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံမှာ ရောက်နေချိန်မှာပဲ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၃ သန်း အကူအညီပေးဖို့လည်း ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG