သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ရေး လုံခြုံရေးနဲ့တန်းတူခွင့်အာမခံချက်ရှိဖို့ ရိုဟင်ဂျာတွေ လိုလား


ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်လာတဲ့အခါ သူတို့အတွက် တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေး နောက် နေ့စဉ်လူနေမှုဘဝ လုံခြုံရေးနဲ့ လုပ်ငန်းခွင်လုံခြုံရေးတွေကို အဓိကထား ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မိသားစုဝင်သေဆုံးခဲ့ရတာမျိုးနဲ့ အိုးအိမ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတာတွေအတွက် နစ်နာမှုတွေကို တရားဥပဒေနဲ့အညီ စီစဉ်ပေးဖို့နဲ့ လုံခြုံရေးအကာအကွယ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြရတာဖြစ်ပါတယ်။ သိန်းချီတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ သဘောတူညှိနှိုင်းချက်အရ အခုလာမယ့် ဇန်နဝါရီ ၂၃ရက်ကစလို့ ဒုက္ခသည်တွေကို အသုတ်လိုက်ပြန်လက်ခံဖို့ နယ်စပ်မှာ ပြန်လည်နေရာချထားရေးစခန်းတွေ ဖွင့်လှစ်စီစဉ်နေပြီး မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ VOA ကို ပြောဆိုထားပါတယ်။

အခုလိုအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို မိသားစုလိုက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေဘက်က အသင့်ရှိနေပါပြီလား။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ Balukhali ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ကိုမျိုးသန့်ကတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်ဖို့ အဆင်သင့်ဖြစ်နေကြပေမဲ့လို့ တန်းတူညီမျှတဲ့နိုင်ငံသားအခွင့်အရေးပေးဖို့ အထူးတောင်းဆိုလိုပြီး သူတို့အတွက် နေ့စဉ်လူနေမှုဘဝ အန္တရာယ်မရှိနိုင်ဘူးဆိုတဲ့ လုံခြုံရေးအာမခံချက်ပေးဖို့ တောင်းဆိုပါတယ်။

“တကယ်လို့ ကျနော်တို့ ပြန်ရမယ်ဆိုရင် ကျနော်တို့လည်း ပြန်မယ် ။ မူလနေရာကို ပြန်ရချင်တယ်။ ဘဝလုံခြုံမှု ရချင်တယ် အဲဒါပဲ ရချင်လို့ ကျနော်တို့ ပြန်မှာ။ ပြန်ဖို့ အမြဲတမ်းအဆင်သင့်ပါပဲ ကျနော်တို့ နိုင်ငံသားအခွင့်အရေးတို့ တခြားအခွင့်အရေးတွေလည်း ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ကျနော်တို့တွေ ကို ထောက်ခံမှု အများကြီးပေးဖို့လိုပါတယ်။ နောက်ပြီးတော့ ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုပါတယ်လို့။”

အခုလက်ရှိ စားနပ်ရိက္ခာတွေအတွက် ကုလနဲ့ နိုင်ငံတကာအဖွဲ့တွေက ထောက်ပံ့ပေးထားလို့ အဆင်ပြေပေမဲ့ Balukhali ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ ဒုက္ခသည်တွေက များပြားလွန်းတဲ့အတွက် ယာယီတဲတွေမှာ နေထိုင်ရတာ အရမ်းကို အခက်ခဲဖြစ်နေကြရပြီး ဆိုးဝါးလှတဲ့ ရာသီဥတုဒဏ်ကို ဒုက္ခသည်တွေ ခံစားနေကြရတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်ကိုမျိုးသန့်က ပြောပြပါတယ်။

“လောလောဆည်ကျနော်တို့ နေရတဲ့ အခြေအနေကတော့ သိပ်ပြီးတော့ မကောင်းပါဘူး။ မကြာချင် မိုးရာသီလည်း ရောက်တော့မှာ ၊ ဆောင်းရာသီမှာလည်း ရာသီဥတုလည်း နည်းနည်းကြမ်းတယ်ဆိုတော့ သိပ်ကြမ်းတယ်ဒီမှာဆောက်ထားတဲ့ တဲတွေကလည်းရာသီဥတုဒဏ်ကို မကာကွယ်နိုင်ဘူး။ တကယ်လို့ ကျနော်တို့ မပြန်ပဲ နေရမယ်ဆိုရင် မိုးရာသီ ရောက်ရင် ကျနော်တို့ အခက်အခဲဖြစ်မှာ သွားလာရခက်ခဲပြီးတော့ လမ်းကြောင်းအခက်အခဲဖြစ်မှာ။”

ရခိုင်မြောက်ပိုင်းထဲမှာပဲ ရခိုင်ပြည်နယ်တွင်း တခြားမြို့နယ်ဘက် ကိုတိမ်းရှောင်ပြေးခဲ့ရ တဲ့ မြို့သူကြီးကျေးရွာသား ကိုလှထွန်းကတော့ ဘင်္ဂလားဒေ့ရှ် ဘက်ကဖြစ်စေ ရခိုင်ပြည်နယ်ထဲက မိမိတို့နေရပ်က ပြေးခဲ့ရတဲ့ မူဆလင်ဒုက္ခသည်တွေ မိမိတို့နေရပ်ရင်းကို ပြန်လာကြတဲ့အခါ သူတို့အတွက် အိုးအိမ်မီးလောင် ဖျက်ဆီးခံရတာမျိုးနဲ့ မိသားစုဝင် သေဆုံးခဲ့ရတာမျိုးလို ဆုံးရှုံးနစ်နာမှုတွေအတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုပါတယ်လို့ အခုလိုပြောပါတယ်။

“သူတို့က အဆုံးရှုံးခံနေရတဲ့ လူတွေ။ သူတို့ကျေးရွာတွေမှာ သူတို့အိမ်တွေကိုမီးရှို့တယ် သူတို့မူလနေရာတွေမှာ သူတို့အတွက် နေစရာအိမ်တွေ ဆောက်ပေးသင့်တယ် အစိုးရကနေ ။ ပြီးတော့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေ အဲဒါတွေကိုလည်း အစိုးရကနေ ပေးသင့်တယ်။ မိသားစုထဲမှာ တယောက်ယောက် အဲလိုပါသွားတဲ့ လူတွေ အခုအဲဒီဘက်ကို ရောက်သွားတာ ရှိတယ်။ သူတို့ကတော့ ကျနော်ထင်တယ်၊ သူတို့က ခံရပြီးပြီဆိုတော့ ဒီဘက်ကိုပြန်လာမှာမဟုတ်ဘူး အစိုးရကနေ သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ အရာရာအတွက် သူတို့ကို လုပ်ပေးရမယ်။ သူတို့မှာ ဆုံးရှုံးခဲ့တဲ့ သူတို့လယ်ယာမြေတွေရှိမယ်၊ ပစ္စည်းဥစ္စာတွေရှိမယ်။ နောက်သူတို့ မိသားစုထဲက တယောက်ယောက် အသတ်ခံရတာတွေရှိမယ် အဲဒီအတွက်လည်း တရားဥပဒေအရ သူတို့ကို စိတ်ကျေနပ်အောင် တခုခုလုပ်ပေးသင့်တယ် အစိုးရက။”

အထူးသဖြင့်ကတော့ လယ်ယာလုပ်ငန်းခွင်ပြန်ဝင်မယ့်သူတွေအတွက် လုပ်ငန်းခွင်လုံခြုံရေးနဲ့အပါအဝင် တရားဥပဒေအရ အကာကွယ်ပေးဖို့ကိုလည်း တောင်းလိုတယ်လို့ မြို့သူကြီးရွာသားကိုလှထွန်းကပြောပါတယ်။

“ဘာလို့လဲဆိုတော့ ဒီဘက်ကလူတွေ အများအားဖြင့်က လယ်သမားတွေများတယ်၊ လယ်ယာစိုက်ပျိုးရေးလုပ်ပြီးတော့ အသက်ရှင်နေရတဲ့သူတွေများတယ်။ ဆိုတော့ အရင် သူတို့မှာ ကျွဲနွားတွေလည်း သူတို့မှာ မကျန်တော့ဘူး ။ သူတို့ပြန်လာပြီးတော့ ဘာလုပ်မလဲပေ့ါနော်။ အလုပ်အကိုင်တွေလည်း အစိုးရကနေ စီစဉ်ပေးသင့်တယ်။ ပြီးတော့ သူတို့ကို ဖမ်းမယ်ဆီးမယ်ကိစ္စတွေကလည်း အစိုးရကနေ တိတိကျကျ အာမခံပေးဖို့လိုတယ်။”

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အပါအဝင် နိုင်ငံတကာ NGO အဖွဲ့တွေဘက်ကတော့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေသလို မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေးအတွက် မိသားစုစာရင်းအချက်အလက်နဲ့ ကိုယ်ရေးရာဇဝင်တွေကောက်ခံပြီး မှတ်ပုံတင်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းကတော့ နယ်စပ်မှာ ပြန်လည်စိစစ်လက်ခံရေးစခန်း ၃ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကြားစခန်း ၃ ခု ဖွင့်လှစ်ပြီးလည်း ဟိန္ဒူဘာသာဝင်တွေ၊ မူဆလင်ဒုက္ခသည်တွေအတွက် ပြန်လည် နေရာ ချထားနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD) က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG